ရေးသူ- Sao Pha Mong Vai
သူများကိုချည်း ပြောတယ်ထင်နေမှာစိုးလို့ ကိုယ့်အမျိုးများ အကြောင်းလည်း ကိုယ်ပြောဦးမယ်။ ဆန်ရင်း နာနာဖွပ်တယ်လို့ သဘောထားပြီးသာ နားထောင်ကြပါ။
ငယ်စဉ်က လူကြီးတွေ ဆုံးမခဲ့တာကတော့ “ဆွေမျိုးသားချင်းတွေကို ချီးကျူးချင်လျှင် လူရှေ့သူရှေ့မှာ ချီးကျူးပါ၊ အပြစ်တင်ချင်လျှင် လူကွယ်ရာမှာ အပြစ်တင်ပါ”တဲ့။ ရှမ်းနီဘာသာစကားမှာတော့ ” ဆွပ်ဝမ် တာပီနောင့် နယ်ပါင်ကွန်း၊ ဆွပ်စာ့ တာပီနောင့် နယ်နပ်ဆိင်” ဆိုပြီး ရှိပါတယ်။ သို့သော် မပြောမပြီး မတီးမမြည်မို့ လူရှေ့သူရှေ့ ထပြောရတယ်လို့ပဲ သဘောထားပါဗျာ။
ရှမ်းနီဒေသမှာ ရွှေမျောတွေ ခေတ်ထလာတာ ကျွန်တော်တို့တစ်သက်ပါပဲ။ သို့သော် ဘယ်အစိုးရတက်လာသည်ဖြစ်စေ ရွှေမျောကြောင့် ရှမ်းနီတွေရဲ့ လူမှုဘဝတိုးတက်မြင့်မားသွားတာမျိုး ရှိကိုမရှိဖူးပါဘူး။ နောင်လည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။
ရွှေမှော် ပေါ်ပဟေ့ဆိုတာနဲ့ စပျက်စီးတာက သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိတွေရဲ့ ဂေဟစနစ်ပါ။ ပြီးတော့ လူစုံ၊ အကျင့်စုံလာတော့ ဌာနေတိုင်းရင်းသားရှမ်းနီတွေရဲ့ ဘာသာစကား၊ ဓလေ့ထုံးတမ်းနဲ့ စိတ်ရင်းစိတ်ထားတွေပါ ပျက်စီးသွားတာပါပဲ။
ကျွန်တော် ခဏခဏ ပြောပါတယ်။ ရွှေမှော်ပေါ်တာနဲ့ အသည် ၃ သည်ပေါ်လာတယ်။ အဲဒါတွေက
၁။ မူးယစ်ကုန်သည်
၂။ ရောဂါသည်
၃။ ဖာသည်
ဆိုတဲ့ အသည်သုံးသည်ပဲဖြစ်ပါတယ်။ စစချင်းမှာ သည် ၃ သည်လုံးက အပြင်ကဝင်လာပေမယ့် မကြာခင်မှာ ဒေသခံတွေပါ သည်အသည်တွေထဲမှာ ပါဝင်လာကြပါတော့တယ်။
သည်၃မျိုးရဲ့ ဘဝထက်ဆိုးတာက ရွှေမျောမှာ အလုပ်လုပ်လုပ်ကြရတဲ့ ဒေသခံအမျိုးသမီးများရဲ့ဘဝပါ။ အမျိုးသမီးအများစုက ထမင်းချက် အလုပ်ကို ဝင်လုပ်ကြပါတယ်။ ပေါ်လိန်လို့ခေါ်တဲ့ ရွှေမျောပိုင်ရှင် သဒ္ဓါလျှင် သဒ္ဓါသလောက် ရွှေမျှောရဲ့ မျှောမြှီးခုံမှာ ကပ်သပ်ကျန်နေတတ်တဲ့ ရွှေမှုန်ရွှေစတွေကို အင်ဝိုင်းနဲ့ ကျင်ယူခွင့်ရကြပါသတဲ့။ ပေါ်လိန်သဒ္ဓါတော်မူအောင်ကတော့ သိတော်မူကြတဲ့အတိုင်း လိုက်လျောကြရတဲ့အခါ ရွှေမျှောလောက ထမင်းချက် အမျိုးသမီးများအတွက် “တစ်ကား”ဆိုတဲ့ လိင်မှုဆိုင်ရာဝေါဟာရအသစ်ပေါ်လာတော့တာပါပဲ။
ပေါ်လိန်လောကဆိုတာကလည်း ပေါ်လိန်ထက် ပေါ်လိင်ကများတော့ ဒေသခံရှမ်းနီအမျိုးသမီးများဘဝကတော့ ထမင်းချက်အလုပ်ပြီးလျှင် ဗိုက်တစ်လုံးနဲ့ အိမ်ပြန်ကြရတာများပါတယ်။ အခု ဆေးကောင်းဝါးကောင်းတွေ ပေါ်လာတော့ သက်သေမပေါ်ဘဲ ဒန်ဒန့်ဒန်နိုင်ကြတော့မှာမို့ တစ်ကားကနေ အကားအလီလီများ ဖြစ်ကုန်မလား မသိတော့ပါဘူး။
လူမှုရေးပျက်စီးဆုတ်ယုတ်မှုတွေကတော့ ရေးမကုန်ပါဘူး။ ရေးမကုန်မယ့်အတူတူတော့ ကျန်းမာရေးဘက် ဆက်ပြောတာပေါ့။ ချင်းတွင်းမြစ်ဆိုတာက မြစ်အထက်ပိုင်းတစ်ခုလုံးရဲ့ ကမ်းဘေးဝဲယာမှာ ရှမ်းနီမြို့ရွာတွေချည်းပဲ။ သည်မြစ်အထက်ပိုင်းမှာ ရွှေမျှောတိုက်ကြတဲ့အခါ စွန့်ပစ်ရေဆိုးမှန်သမျှ သည်မြစ်ထဲပဲ ရောက်လာတယ်။ သည်ရေထဲမှာ ပြဒါးဓါတ်ကစလို့ စက်ဆီတွေအလယ် ရွှံ့ရေတွေအဆုံး အကုန်ပါလာတဲ့အခါ ကမ်းဘေးဝဲယာက မြစ်ရေကိုချိုး၊ မြစ်ရေကိုသောက်၊ မြစ်ရေကို သုံးသူမှန်သမျှ ပြဒါးဆိပ်သင့်ကုန်ပါတယ်။
ပြဒါးဆိပ်ဆိုတာမျိုးက ရိုးရိုးအဆိပ်လို သောက်တာနဲ့ တန်းသေတဲ့အဆိပ်မျိုး မဟုတ်ဘူး။ အသွေးထဲ အသားထဲအထိ စိမ့်ဝင်ပြီး တမြေ့မြေ့နဲ့ ဒုက္ခပေးတဲ့ အဆိပ်။ အခြားကင်ဆာမျိုးတွေအပြင် လူကီးမီးယားလို့ခေါ်တဲ့ သွေးကင်ဆာ အကြီးအကျယ်ဖြစ်စေတဲ့အဆိပ်မျိုးပါ။၂၀၁၀ကနေ ၂၀၂၀ခုနှစ်အတွင်း တတ်အားသ၍ လေ့လာကြည့်တဲ့အခါ အထက်ချင်းတွင်းရှမ်းနီဒေသမှာ သွေးကင်ဆာအပါအဝင် အခြားကင်ဆာဖြစ်ပွားနှုန်းက ပိုမြင့်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ ကိုယ်တွင်းကင်ဆာတွေ အဖြစ်များလာခြင်းဟာ ရွှေမျှောတွေကပေးတဲ့ သယံဇာတကျိန်စာပါပဲ။ ရှမ်းနီဒေသမှာ ရွှေမျှောတွေ အလွန်အကျွံပေါလာခြင်းဟာ မူးယစ်ဆေးဝါးအပြင် ရောဂါဘယနဲ့ လူညွန့်တုံးဖို့က သေချာသလောက် ဖြစ်သွားစေပါတော့တယ်။
ဒါပဲလားဆိုတော့ မဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင် ပျက်စီးနှုန်းများလာတာပါ။ ရွှေမျှောတိုက်တာနဲ့ သစ်တောပြုန်းတာရယ်၊ မြေဆီလွှာ ပျက်စီးတာရယ်ဟာ တစ်ပြိုင်နက်ဖြစ်ပေါ်စေပါတယ်။ ဒါတွေစုပြီး ဒုက္ခပေးလာတဲ့အခါ အခုရှမ်းနီဒေသမှာ ရာသီဥတုမှန်ပါသေးရဲ့လား။ စိုက်ပျိုးရေးကရော ကောင်းပါသေးရဲ့လား။ လယ်ယာသမားတွေက အခြေခံမိသားစုတွေဖြစ်ကြတော့ သူတို့မိသားစုတွေကရော ဖူလုံပြည့်စုံကြပါသေးရဲ့လား။
ရှမ်းနီဒေသမှာ အရင့်အရင်က စပါးစိုက်ပျိုးဖို့ လယ်တွေ၊ ဆီစားဖို့ မြေပဲခင်းတွေ၊ လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်သုပ်အတွက် လက်ဖက်ခင်းတွေ၊ အိမ်ဆောက်တာကအစ အသုံးအဆောင်အဆုံး သုံးလို့ရတဲ့ ဝါးခင်းတွေဟာ ဘိုးဘွားပိုင်အမွေတွေအဖြစ် အများအပြား ရှိခဲ့ပါတယ်။ ကိုယ့်ဒေသကထွက်တဲ့ စားနပ်ရိက္ခာဟာ ဘေးဆိုးတစ်ခုခု မကျလာသ၍ ဖူလုံနေခဲ့တာပါပဲ။
အခု အဲလိုများ ဖူလုံသေးရဲ့လား။ အခြေခံအကျဆုံးဖြစ်တဲ့ဆန်ကို ဘယ်ကမှာပြီး စားနေရပြီလဲဆိုတာကို အရင်စစ်ကြည့်ပါ။ ပြီးတော့ ၁၉၉၂လောက်နေ အခု၂၀၂၂အတွင်း လယ်ယာမြေအခြေအနေကို လေ့လာကြည့်ပါ။ အဲလောက်ဆို ရှေ့အနာဂတ်မှာ ဘာဆက်ဖြစ်နိုင်တယ်ဆိုတာ အဖြေပေါ်ပါတယ်။ ကိုယ့်မြေပေါ်မှာတင် ကိုယ့်လယ်ယာတွေ တစ်စစပျောက်၊ စားနပ်ရိက္ခာကို အခြားနယ်က ပြန်သွင်း၊ ရေလမ်းနဲ့ ကုန်းလမ်းက သယ်ယူစရိတ်ကြီးသလို ခေတ်မကောင်းလျှင် လမ်းကပိတ်တော့ နိဂုံးချုပ်လိုက်တဲ့အခါ ရွှေမြေကြီးဖင်ခုထိုင်ပြီးတော့ အခြေခံမိသားစုတွေကစလို့ တစ်မျိုးသားလုံး ငတ်ကုန်တဲ့ဘဝရောက်ဖို့ အနီးလေးကျန်ပါတော့တယ်။
ငတ်ကုန်မှ လယ်ပြန်စိုက်မယ်ဆိုတော့ စိုက်စရာလယ်က ရွှေမျှောတိုက်ဖို့ ရောင်းစားလိုက်တော့ မရှိတော့ဘူး။ ရှိတဲ့လယ်ကလည်း ရွှေမျှောတိုက်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးကုန်လို့ ရာသီဥတုမမှန်တော့တဲ့အတွက် ပင်ပန်းသလောက် မစားလောက်တော့ဘူး။
ရွှေမှော်ဆိုတာကလည်း ကောသွားလျှင် မျှောမြှီးခုံနဲ့ ကုန်ဈေးနှုန်းတက်တာပဲကျန်ရစ်တော့ ဘာမှအကျိုးမပြုတော့ဘူး။ အဲသည်အခါ လူတွေက အလုပ်လက်မဲ့ စဖြစ်ပြီ။ ပြည်တွင်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်းက မရှိသလောက်ရှား။ ပြည်ပထွက်ဖို့ကျတော့လည်း ပညာရေးအခြေခံက အားနည်းကြတော့ အခြေခံလုပ်သားအနေနဲ့ သွားဖို့တောင်အဆင်မပြေ။ လာပါပြီ…လူချင်းအတူတူဘဝမှာ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူကြရမယ့်မျိုးဆက်တွေ။
အခု သတင်းတွေအရ ဟုမ္မလင်းအထက် ချင်းတွင်းမြစ်ကမ်းဘေးက ဟင်နောင်ရွာနားမှာ ရွှေမျှောတိုက်မယ်လို့စကြားတယ်။ တိုက်တာကို သဘောတူညီကြတဲ့ ရပ်ရွာလူထုကတစ်ဘက်၊ သဘောမတူညီကြတဲ့ ရပ်ရွာလူထုက တစ်ဘက်ဆိုပဲ။ အုပ်ချုပ်ရေးမှူးကတော့ ဘာအားကိုးနဲ့ မိုက်သလဲမသိပေမယ့် ကန့်ကွက်သူတွေကို စာထုတ်ပြီး ဆင့်ခေါ်တဲ့အထိ အာဏာပါဝါသုံးနေတာကို စတွေ့ရပါတယ်။
သဘောတူတာကို ကြည့်လိုက်တော့ ရွာဦးကျောင်းဆောက်ပေးဖို့ ရွှေ မျှောသမားတွေက ငွေစုလှူကြမယ်၊ အခြားဘာညာဘာညာလည်း လုပ်ပေးမယ်ပေါ့လေ။ ကိုင်း…သာသနာရေးတွေပါ တရားမဝင်ရွှေမျှောကိစ္စထဲ ပါလာပြီ။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဘဝမျိုးကို ရောက်တော်မူဖို့ ဝိနည်းဓမ္မကံ စွန့်ပြီး ကြိုးစားတော်မူကြလေသလားလို့ မေးရတော့မလိုပဲ။ အပေါ်မှာပြောခဲ့တဲ့ ဒုက္ခကပ်ဘေးတွေက ကျောင်းရေစက်ချတရားနာလိုက်ရုံနဲ့ ပပျောက်မသွားနိုင်ဘူးဆိုတာတော့ ဘုန်းတော်ကြီးများ နားလည်စေလိုပါတယ်။
ဒါနဲ့ သတင်းတွေက ပျံ့နှံ့သွားတဲ့အခါ ရှမ်းနီပြည်သူတွေအားကိုးလေးစားရတဲ့ SNAက သတင်းအရ လာရောက်စုံစမ်းတော့ လူထုဆန္ဒမပါမှန်း သိရတဲ့အခါ ချင်းတွင်းမြစ်ဘေး ဟင်နောင်ရွာအနား ရွှေမျောမလုပ်ဖို့ အမိန့်ထုတ်လိုက်တယ်လို့ သတင်းရပါတယ်။ သည်အမိန့်ထုတ်တဲ့အပေါ် အလေးအနက်ထောက်ခံသလို လူထုဆန္ဒကို ကြည့်ပေးတဲ့အတွက် လေးစားစိတ်လည်း ဖြစ်ပါတယ်။
လူမျိုး၊ စာပေ၊ ယဉ်ကျေးမှု၊ ဒေသ၊ ရေ၊မြေတွေအပေါ်မှာ ရေရှည်အမြင်နဲ့ စောင့်ရှောက်ဖို့ SNAက တာဝန်ယူမယ်လို့လည်း ယုံကြည်ပါတယ်။ ဒါ့အပြင် ရှမ်းနီလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ရှမ်းနီပြည်နယ် ရရှိလာချိန်ရောက်မှပဲ ရှမ်းနီဒေသဟာ သဘာဝပတ်ဝန်းကျင်ပျက်၊ ရာသီဥတုမမှန်၊ အရာရာဈေးကြီး၊ လူသားအရင်းအမြစ်က မရှိ၊ ကြည့်လိုက်တိုင်း မျှောမြှီးခုံအပျက်တွေပဲ မြင်ရမယ့်ပုံစံမျိုးကို SNAက မလိုလားဘူးလို့ ယုံကြည်ပါတယ်။
သို့သော် အခုတော့ ဟင်နောင်ရွာမှာ ရွှေမျှောတွေ ပြန်ရောက်နေသတဲ့။
SNAက ထုတ်ထားတဲ့ အမိန့်အပေါ် လိုက်နာဖို့လည်း ပျက်ကွက်သလို ဖြစ်နေပါသတဲ့။ ဘယ်ကမှန်းလည်းမသိ၊ ဘယ်သူတွေမှန်းလည်း မသိပေမယ့် SNAကထုတ်ပြန်ထားတဲ့ ဒေသကာကွယ်ရေးအမိန့်ကိုပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဖို့ ပြင်နေပါသတဲ့။ မဝံ့မရဲ မေးလိုက်ချင်ပါတယ်။
သူတို့အနေနဲ့ ဘယ်လို ဆိုင်ရာပိုင်ရာတွေကို ကပ်ထားကြသလဲခင်ဗျာ?
ထုတ်ထားတဲ့ အမိန့်ကို အဲလောက်မှ ဖောက်ဖျက်ရအောင် SNAကို ီး ထင်နေကြသလားခင်ဗျာ?