၆၊ ဖေဖော်ဝါရီ၊ ၂၀၂၄
Zalen
ချင်းပြည်နယ်မှာ စိုက်ပျိုးတဲ့ ထောပတ်သီးတွေဟာ အရင်နှစ်တွေကထက် ဒီနှစ်မှာ ဈေးကောင်းပိုရတာကြောင့် ထောပတ်စိုက်သူတွေပိုများလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ချင်းပြည်နယ် မြောက်ပိုင်းမှာ ထောပတ်သီး ပီနံအိတ်တစ်အိတ်စာကို မြန်မာငွေတစ်သိန်းကနေ တစ်သိန်းနှစ်သောင်းအထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
” အရင်နှစ်တွေက သိပ်ဈေးမကောင်းဘူးလေ။ တစ်အိတ်ကို ခုနှစ်သောင်းကျော်၊ ရှစ်သောင်းလောက်ပဲရတာ။ အခုနှစ်တော့ တစ်သိန်းကျော်တယ်။ ဒီနှစ်တော့ ကျွန်တော်လည်း တစ်ဧက ထပ်စိုက်ထားတယ်။ အခုနောက်ပိုင်း ထောပတ်က နည်းနည်းဈေးကောင်းလာတော့ စိုက်တဲ့သူ ပိုများကြတယ်။” လို့ ထောပတ်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။
ချင်းပြည်နယ်က ထောပတ်သီးတွေကို အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့ကနေတစ်ဆင့် အိန္ဒိယနိုင်ငံကို တင်ပို့ရောင်းချနေကြတာဖြစ်ပါတယ်။
” ကျွန်ဆော်တို့က ခြံတွေထဲကို ကိုယ်တိုင် လိုက်ခူးပြီး၊ လိုက်ကောက်ရတာ။ ပြီးမှ ရိဒ်ဘက်သွားပြီး ရောင်းရတာပေါ့။ အခုမှ ကျွန်တော်တို့က စတာဆိုတော့ အိန္ဒိယနိုင်ငံ အထဲက မြို့တွေထဲကို မထိုးဖောက်နိုင်သေးဘူး။ အဓိက မီဇိုရမ်ကိုပဲ ပို့နေရတာ။ ဒေလီဘက်တွေအထိ ပို့နိုင်ရင် ပိုဈေးကောင်းရမယ်ထင်တယ်။ ” လို့ ထောပတ်ပွဲစားတစ်ဦးက ပြောပါတယ်။
အာဏာမသိမ်းခင်က ဒီထောပတ်သီးတွေကို စစ်ကိုင်းတိုင်း၊ ကလေး၊ တမူးဘက်ကနေ ပြည်မအထိ တင်ပို့ရောင်းချလေ့ရှိပေမယ့် အခုတော့ ရိခေါ်ဒါရ်ကိုပဲ ပို့နေရတာပါ။
ချင်းပြည်နယ်က တောင်သူတွေဟာ မြေအနေအထားပေါ်မူတည်ပြီး သီးနှံတွေကို ပြောင်းလဲစိုက်ပျိုးနေရတယ်လို့ ဆိုပါတယ်။ ထောပတ်ပင်တွေဟာ အပင်သက်တမ်း ၆နှစ်ကနေ ၇နှစ်မှ အသီးစတင်သီးပြီး ခူးဆွတ်နိုင်တာ ဖြစ်ပါတယ်။
နွေဦးချယ်ရီ