မြို့နယ် (သို့) လူမျိုးစု ကိုအခြေခံမလား?
စာရေးသူ -R.Lakher
လက်ရှိနွေဦးတော်လှန် ရေးသည် ချင်းပြည်နယ်မှ စတင်ခဲ့ပြီး ယနေ့တွင် ချင်းပြည်နယ်၌ စစ်ကောင်စီမှ စွန့်လွတ်လိုက်သော စခန်းများအပါအဝင် စခန်းသိမ်းတိုက်ပွဲ ပေါင်း (၂၂) ကျော်ရှိခဲ့ ပြီ ဖြစ်ပြီး မြို့ (၇) ခု လွတ်မြောက်ပြီဖြစ်သည်။ ဤသို့ဖြင့် ချင်းပြည်နယ်လွတ်မြောက်ရေးသည် နီးသထက်နီးလာပြီဟု ဆိုရမည် ဖြစ်သည်။ နိုင်ငံရေးလေ့လာသုံးသပ်သူများတစ်ချို့ကလည်း ချင်းပြည်နယ်သည် အရင်ဦးဆုံး လွတ်မြောက်နယ်မြေဖြစ်လာနိုင်ကြောင်းကို လွန်ခဲ့သော နှစ်ကတည်းက ခန့်မှန်းပြောဆိုမှုတွေရှိခဲ့သည်။ ထို့ကြောင့် ချင်းအမျိုးသားများအနေဖြင့် ပြင်ဆင်စရာများစွာရှိနေသည်။ ပြင်ဆင်မှု လုပ်ငန်းတချို့တွေကို လည်း လုပ်နေကြသည်ကိုတွေ့ရသည်။ ဥပမာ- ချင်းလဲ့လ်ကောင်စီ (Chinland Council) ဖွဲ့စည်းရေး နှင့် ချင်းပြည်နယ်အခြခံ ဖွဲ့စည်းပုံရေးဆွဲရေးဖြစ်သည်။ ဤ ပြင်ဆင် မှုများတွင်စဥ်းစားစရာများစွာရှိနေသည့်အနက် အရေးကြီးသော အချက် တစ်ခုမှာ ချင်းလူမျိူးစုများအကြားစည်းလုံးရေး နှင့် ဆက်ဆပ်နေသော အုပ်ချုပ်ရေးယူနစ် (Administrative Units) များကို မည်ကဲ့သို့ ဖွဲ့စည်းကြမည်နည်းဆိုသည့်အချက်ဖြစ်သည်။ ချင်းပြည်နယ်အုပ်ချုပ်ရေးယူနစ်ကို မြို့နယ်ကိုအခြခံကြမလား၊ မျိုးနွယ်စုကို အခြခံကြလား၊ အုပ်ချုပ်ရေးယူနစ်ဖွဲ့စည်းရာတွင် မည်သည့်အချက်များကို ထည့်သွင်းစဥ်းစားရမည်နည်း စသဖြင့် စဥ်းစားစရာများစွာ ရှိနေသည်။
စည်းလုံးရေး (Unity) ပြဿနာ နှင့် အုပ်ချုပ်ရေးယူနစ် (Administrative Unit)
ယနေ့ ချင်း တော်လှန်ရေး၊ ချင်းအမျိုးသားရေးတည်ဆောက်ရေး (Chin Nation Building) နှင့် ချင်းပြည်နယ်တည်ဆောက်ရေး(Chin State Building) တို့တွင် ကြုံနေရသော အဓိက စိန်ခေါ်မှုမှာ စည်းလုံးရေး (Unity) ပြဿနာ ဖြစ်ပါသည်။ ချင်းပြည်တွင် လက်နက်ကိုင် အဖွဲ့ပေါင်း ၂၀ ကျော်ရှိသည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ကြား ဆက်ဆံရေး ကောင်းမွန်စွာ မထိန်းသိမ်းနိုင်ပါက လက်နက်ကိုင်အဖွဲ့များအချင်းချင်းကြား စစ်ရေးပဋိပက္ခ ဖြစ်လာနိုင်ချေ များစွာရှိနေသည်။ သိပ်မကြာသေးခင် ရက်များတွင် ချင်းပြည်နယ် မြောက်ပိုင်း၌ စခန်းသိမ်းတိုက်ပွဲများကို မြင်ကြရသည်။ ထို စခန်းသိမ်းတိုက်ပွဲများအပြီးတွင် ချင်း အလံ (၃) မျိုး စိုက်ထူလာကြသည်ကိုတွေ့ရသည်။ ရိခေါဒါရ် တွင် CNF/CNA အလံ၊ ကနေဒီတောင်တွင် ZFU/ Zoland PDF အလံ နှင့် ဖလမ်းမြို့နယ် တွင် CNO/CNDF အလံ စသဖြင့် မြောက်ပိုင်းမှာပင် မတူညီသော ချင်းအလံ (၃) မျိုးကို တွေ့ ကြရသည်။ ချင်းပြည်နယ် မြောက်ပိုင်းတွင် စခန်းသိမ်း တိုက်ပွဲ နှင့်အတူ အလံ (၃) မျိုးမြင်နေရခြင်းသည် ချင်းလူမျိုးများ၏ စည်းလုံးမှုအက်ကွဲကြောင်း လက္ခဏာ တစ်ရပ်ပင်ဖြစ်ပါသည်။ ဤအားနည်းချက်တွင် ရန်သူ စစ်ကောင်စီ သည် ချင်းလက်နက်ကိုင်များကို သွေးခွဲအုပ်ချုပ်မှု စနစ် (Divide and Rule Policy) ဖြင့် အလွယ်တကူ တိုက်ခိုက်လာနိုင်သည် ကို သတိချပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ချင်းပြည်သူများအကြား စည်းလုံးမှု တည်ဆောက်ရန် အတွက်ချင်းမျိုးနွယ်စုများအကြား ဖြစ်လာနိုင်သော ပဋိပက္ခများ၊ ချင်းလက်နက်ကိုင်အချင်းချင်းများအကြား မလိုအပ်သော စစ်ရေးပဋိပက္ခများ ကို ကြိုတင်တားဆီးရန် အတွက် အုပ်ချုပ်ရေးယူနစ်(Aministrative Unit) (သို့) နိုင်ငံရေးဆန္ဒ နယ်မြေ (Political Constituencies) ပိုင်းခြားမှုများကို စနစ်တကျ ရေးဆွဲပြဌာန်းရန်လိုအပ်သည်။
လူမျိုးစုကွဲပြားခြင်း (Diversity) နှင့် အုပ်ချုပ်ရေးယူနစ် (Administrative Unit)
ချင်းပြည်နယ် သည် မြန်မာနိုင်ငံတွင် လူမျိုးစု ကွဲပြားမှုအများဆုံးပြည်နယ် ဖြစ်သည်။ ခေတ်အဆက်ဆက် စစ်အစိုးရများ မှ ချင်းပြည်နယ်တွင် လူမျိုးစု ပေါင်း ၅၃ ကို အတည်ပြု အသိမှတ်ပြု ပြဌန်းထားခဲ့သည်။ ဤအချက်သည် မှန်ကန်မှုမရှိပေ။ အကြောင်းရင်းများစွာရှိသည့်အနက် တစ်ချို့မှာ – တစ်ချို့ သော လူမျိုးစုနာမည်များ ထပ်နေခြင်း၊ တစ်ချို့ သောလူမျိုးစုများသည် လူမျိုးစု (tribes) အဆင့် မဟုတ်ပဲ့ ဆွေမျိုးစု (clans) အဆင့်မျှသာ ဖြစ်သော်လည်း အစိုးရမှ မျိုးနွယ်စု (tribes) အဖြစ် သတ်မှတ်ပေးခဲ့ခြင်း။ထို့အပြင် ခေတ်အဆက်ဆက်အစိုးရမှ လူမျိုးစု ခွဲခြားမှုဆိုင်ရာ စံချိန်စံနှုန်း (standard guidlines for classification of tribes) မရှိခြင်း နှင့် သုတေသန သေချာမလုပ်ပဲ ဖြစ်စလတ်ခတ် လူမျိုးစုများကို ခွဲခြားခြင်း စသော အချက်များကြောင့် ယနေ့ ချင်းပြည်နယ်တွင်မလိုအပ်သည် ထက် လူမျိုးစုများနေခြင်းဖြစ်သည် ။ ဤသည်မှာ အာဏာရှင် အုပ်ချုပ်သူများ၏ တိုင်းရင်းသားများအ ပေါ် ခွဲခြားဆက်ဆံအုပ်ချုပ်သော မူဝါဒများ၏ အကျိုးဆက်များဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မြို့နယ် ၉ မြို့နယ် အခြေခံ အုပ်ချုပ်ရေးယူနစ်သည် အားနည်းချက်များစွာရှိနေသည်။ ယနေ့ ချင်းပြည်နယ်၏ စည်းလုံးမှု ပြဿနာအပါအဝင်၊ ပြဿနာ အများစုသည် ၉ မြို့နယ်အခြေခံ အုပ်ချုပ်ရေးယူနစ်ပုံစံကြောင့် ဖြစ်သည် ဟု ဆိုနိုင်ပါသည်။ ဥပမာ- မရာလူမျိုးစုသည် လူဦးရေအားဖြင့် ၃၀၀၀၀ နီးပါးရှိသည်။ သို့သော် အုပ်ချုပ်ရေးယူနစ် သုံးခုဖြစ်သော မတူပီမြို့နယ်၊ ထန်လန်မြို့နှင့် ပလက်ဝမြို့နယ် တို့တွင် ပျံ့ကြဲနေ ထိုင်ကြရသည်။ ဤ အချက်ကြောင့် ယနေ့ CDF-Mara နှင့် Maraland Defense Force (MDF) လက်နက်ကိုင် (၂) ဖွဲ့ပေါ်ပေါက်လာရခြင်းဖြစ်သည်။ မရာ လက်နက်ကိုင်နှစ်ဖွဲ့စလုံး၏ အဓိက နိုင်ငံရေး ပန်းတိုင်ကို လေ့လာကြည့်ပါက အုပ်ချုပ်ရေးယူနစ်တစ်ခု အောက်တွင် မရာလူမျိုးစု အားလုံးအတူတကွနေထိုင်နိုင်ရေးဖြစ်သည်။ ထို့နည်းတူ တခြားသော မျိုးနွယ်စု အခြေခံ လက်နက်ကိုင်များ ဖြစ်ကြသော Lautu-CDF, Zophei-CDF, Sentheng-CDF, Daai-CDF, Zotung-CDF, CDF-Hluangoram များအားလုံးသည် အုပ်ချုပ်ရေးယူနစ်တစ်ခုအောက်တွင် သူ့တို့၏ လူမျိုးစုများ အားလုံးအတူတကွနေထိုင်နိုင်ရေး အတွက် လူမျိုးစုနာမည်အခြခံပြီး လက်နက်ကိုင် ကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏နိုင်ငံရေးပန်းတိုင်ဖြစ်သော အုပ်ချုပ်ရေးယူနစ်တစ်ခုအောက်တွင် ထားနိုင်ပါက အထက် ဖော်ပြပါလူမျိုးစု အခြေ ခံ လက်နက်ကိုင်များ အားလုံးနီးပါး ဆက်လက်ရပ်တည်ရန် လိုအပ်မည်မဟုတ်တော့ပေ။ ထို့သို့ဖြစ်လျှင် ချင်းပြည်နယ် လက်နက်ကိုင်အဖွဲ့ အရေအတွက် ထက်ဝက်နီးပါး လျော့သွားမည်ဖြစ်ပြီး ပဋိပက္ခဖြစ်နိုင်ခြေများနည်းပါးသွားနိုင်ပါ သည်။ထို့ကြောင့် အုပ်ချုပ်ရေးယူနစ်ဖွဲ့စည်းမှုပုံစံသည် အင်မတန်အရေးကြီးလှခြင်းဖြစ်သည်။ အုပ်ချုပ်ရေးယူနစ် (Administrative Unit) ဟုဆိုရာတွင် နိုင်ငံရေးကိုယ်စားပြုမှု (Political Representation or Political Constituency) နှင့် ပြည့်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ ( Public Services Delivery)ဆောက်ရွက်မှု ယူနစ် ဟုလဲအဓိပါယ်ရ သည်။
နောက်ထပ်ဥပမာတစ်ခုကိုပေးရမယ်ဆိုရင် ဒိုင် လူမျိုးစု အ ကြောင်းကို ဆွေးနွေးဖော်ပြချင်သည်။ ဒိုင်လူမျိုးသည် လူဦးရေအားဖြစ် ၄၀၀၀၀ နှင့် ၁၀၀၀၀၀ ကြားရှိမည်ဖြစ်ပြီး ချင်းလူမျိုးများထဲ တွင်လူဦးရေများသော လူမျိုးစုကြီးတစ်စုဖြစ်သည်။ သို့ သော် မြို့နယ် ၄ မြို့နယ် (မင်းတပ်၊ကန်ပလက်၊မတူပီ နှင့် ပလက်ဝ)တွင် ဖြန့်ကျဲနေထိုင်ကြရခြင်းကြောင့် ၎င်းတို့၏ မြို့နယ်အသီးသီးတွင် နိုင်ငံရေးအရ လူနည်းစု ဖြစ်သွားကြရသည်။ ထို့အကြောင့် လူမှုးရေးနှင့် ဖွံဖြိုးမှုအပိုင်းတွင် တစ်ခြားသော ချင်းလူမျိုးစုများထက် နောက်ကျနေသည်ဟု ဆိုရမည်ဖြစ်သည်။ ဤအချက်သည် အုပ်ချုပ်ရေးယူနစ် ဖွဲ့စည်းမှု အားနည်းချက်၏ သိသာသော အကြိုးဆက် ကြီး တစ်ခုဖြစ်သည်။ ဒိုင်လူမျိုးစုများ၏ ပြဿနာသည် နမူနာတစ်ခုမျှသာဖြစ်ပြီး အလားတူ အုပ်ချုပ်ရေးယူနစ်နှင့် ဆိုင်သော ပြဿများ ချင်းပြည်နယ်တွင်များစွာရှိနေပြီး ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။
အကြံပြုချက်များ (ဤအကြံပြုချက်များသည် ပုဂ္ဂိုလ်ရေးအမြင်မျှသာဖြစ်သည်)
(က) ထို့ ကြောင့် ချင်းပြည်နယ် အုပ်ချုပ်ရေးယူနစ်များကိုပြန်လည် ဖွဲ့စည်းရာတွင် ထည့်သွင်းစဥ်းစား မည့်အချက်များမှာ (၁) ပထဝီဝင်(geography)၊ (၂) လူမျိုးစု (tribe)၊ (၃) လူဦးရေ(population)စသော အချက်များကို ယေဘူယျအားဖြင့်ထည့်သွင်းစဥ်းစားကြ ရမည်ဖြစ်သည်။ (၄) ထို့ပြင် နယ်မြေခံ ပြည်သူလူထု၏ ဆန္ဒခံယူမှု (Public Consultation) များကိုလုပ်ရမည် ဖြစ်သည်။
(ခ) လူဦး ရေ အနည်းဆုံး ၄၀,၀၀၀ အထက်ရှိသော လူမျိုးစုကို အုပ်ချူပ်ရေး ယူနစ်တစ်ခုပေးသင့်ပါသည်။ ဥပမာ- ဒိုင်လူမျိုးစုများသည် အုပ်ချုပ်ရေးယူနစ်တစ်ခု ရသင့်သည်ဟု မြင်ပါသည်။
(ဂ) လူဦးရေ ၄၀,၀၀၀ အောက် လူမျိုးစုများ ကို လူမျိုးစု (၂) ခု နှင့် (၅) ခု ကိုပေါင်းစပ်ပြီး အုပ်ချုပ်ရေးယူနစ်တစ်ခုအောက်တွင်ထားသင့်ပါသည်။ ဥပမာ မတူပီမြို့နယ်တွင်နေထိုင်ကြသော ထိုင်ဖုမ်း မျိုးနွယ်စုသည် လူဦးရေးအားဖြင့် ရာ ဂဏန်းသာရှိသည်။ လောက်တူလူမျိုးစုသည် လူဦးရေး ၁၀၀၀၀ အောက်မျှသာရှိသည်။ ဤကဲ့သို့သော လူမျိုးစုငယ်များကိုပေါင်းစပ်ကာ အုပ်ချုပ်ရေးယူနစ်တစ်ခုအောက်တွင်ထားသင့်ပါသည်။ လူမျိုးစုငယ်များကို အုပ်ချုပ်ရေးယူနစ် နှစ်ခု နှင့် သုံးခု အကြားဖြန့်ကျဲနေရာချထားခြင်းမျိုးကို ရှောင်ကျဥ်ကြရန် လိုအပ်မည်ဖြစ်သည်။
နောက်ဆုံးအနေဖြင့် မြို့နယ်ကိုအခြေခံမလား၊ လူမျိုးစုကို အခြခံမလား ဆိုသည့်မေးခွန်း၏အဖြမှာ အထက် ဖော်ပြပါအချက်များကိုအခြေခံပြီး လက်ရှိမြို့နယ်အခြခံ (Township-Based Administrative Units) အုပ်ချုပ်ရေးယူနစ်ပုံစံ နှင့် လူမျိုးစု အခြေခံအုပ်ချုပ်ရေးယူနစ်ပုံစံ (Tribe-Based Administrative Units) တို့ကို ပေါင်းစပ်အခြခံ သောအုပ်ချုပ်ရေးယူနစ် (Mixed Administrative Units) ကို ပြန်လည် ဖွဲ့စည်းတည်ဆောက်သင့်ပါကြောင်း သုံးသပ် ဖော်ပြလိုပါသည်။