ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အပေါ် ဥပဒေစိုးမိုးရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရင်းခံစနစ် ရှုထောင့်မှ ပဏာမသုံးသပ်ချက်

Legal Aid Network မှ ဦးအောင်ထူး၊ ဦးကျော်ကျော် ရေးသားသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ချင်းပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများစုပေါင်း၍ တော်လှန်ရေးကာလ၌ အသုံးပြုမည့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အား ညီလာခံတရပ် ခေါ်ယူကျင်းပ အတည်ပြုပြဌာန်းနိုင်ခဲ့သည်။ ယင်းသို့ အတည်ပြုပြဌာန်းနိုင်ခြင်းသည် သမိုင်းမှတ်ကျောက်တင်ရမည့် နိုင်ငံရေး အရွေ့တခုဖြစ်ပြီး၊ တော်လှန်ရေးကာလ၌ ချင်းပြည်အနေဖြင့် ဥပဒေစိုးမိုးရေးအခြေခံများကို ချမှတ်ဖော်ဆောင် နိုင်ရန် ကြိုးပမ်းသည့် ဆောင်ရွက်ချက်တရပ်ဖြစ်၍ အသိအမှတ်ပြုကြိုဆိုပါသည်။

သို့သော် ချင်းပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုတချို့က “နိုင်ငံရေးဘုံသဘောတူညီချက် အရင်တည်ဆောက်ပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတူတကွရေးဆွဲလိုသော ဆန္ဒရှိကြောင်း”၊ ယခုအတည်ပြု ပြဌာန်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရေးဆွဲရေးဖြစ်စဉ်တွင် အားနည်းချက်များရှိကြောင်းနှင့် ပြဌာန်းချက် တချို့အားသဘောမတူကြောင်း တပြိုင်နက်တည်း ကန့်ကွက်ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ယင်းကဲ့သို့ သော သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာခြင်းသည် သဘာဝပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ဖြစ်စဉ်၌ ထောက်ခံသူရှိသလို ကွန့်ကွက်သူ ရှိနိုင်ပါသည်။ ဖြေရှင်း၍မရနိုင်သော နိုင်ငံရေးပြဿနာကြီးအဖြစ် မသတ်မှတ်စေလိုပေ။

တချိန်တည်းတွင် နိုင်ငံရေးအစဉ်အလာရှိပြီး လူထု ထောက်ခံမှုကို ရရှိထားသာ ချင်းအမျိုးသားတပ်ဦး (CNF)အနေဖြင့် တော်လှန်ရေးကာလအတွင်း နိုင်ငံရေးအရ  အဓိက ဦးဆောင်သင့်သော်လည်း လူထုထောက်ခံမှု ရှိသည့် အခြားသောနိုင်ငံရေးအင်အားစုများနှင့် တော်လှန်ရေးအဖွဲ့စည်းများကို အသိအမှတ်ပြု တန်ဖိုးထားသင့်ပါ သည်။ ထို့အပြင် ချင်းပြည်နယ်အတွင်းရှိ နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း မိမိအဖွဲ့မပါဝင်၍ “သဘောမတူ၊ မထောက်ခံ” ဟူ၍ ကန့်ကွက်ခြင်းထက် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရ အပေါ်အခြေခံ၍ ဝေဖန်ထောက်ပြ ကန့်ကွက်ခြင်းဖြင့် ချင်းပြည်နယ်၏ နိုင်ငံရေးပြဿနာကို ဖြေရှင်းသင့်သည်။

ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းရှိ တော်လှန်ရေးအင်အားစု အချင်းချင်းအကြားက ပြဿနာရပ် များအား ဥပဒေစိုးမိုးရေးအခြေခံမှနေ၍ ငြိမ်းချမ်းစွာချဉ်းကပ်ဖြေရှင်းသွားရန် လိုအပ်ပါမည်။ သို့မှသာ “အချုပ်အခြာအာဏာပိုင် တိုင်းရင်းသားပြည်နယ်များကို အခြေခံ၍ ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စု” ကို တည်ဆောက် နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ဥပဒေအထောက်အကူပြုကွန်ရက် အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း များ၊ ချင်းပြည်သူများအပါအဝင် ပြည်ထောင်စုတိုင်းရင်းသားလူထုတရပ်လုံး လေ့လာစဉ်းစားသုံးသပ်နိုင်ရန် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအား ဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရင်းခံစနစ် ရှုထောင့်မှ ပဏာမ သုံးသပ်တင်ပြလိုက်ရပါသည်။

နိဒါန်းတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်ဟု ရှင်းလင်းစွာ ဖော်ပြထားသောကြောင့် သီးခြားနိုင်ငံ အဖြစ်လည်းကောင်း၊ ဗဟိုကွပ်ကဲမှု လုံးဝနီးပါးကင်းမဲ့သော ကွန်ဖက်ဒရေရှင်းအနေဖြင့် လည်းကောင်း၊ ပုံဖော်သွားမည် မဟုတ်ကြောင်း နားလည် တန်ဘိုးထားအပ်ပါသည်။

            ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) တွင် ကောင်းမွန်သည့် ပြဌာန်းချက်များ ပါရှိနေသည်။ သာဓကအနေဖြင့် ချင်းပြည်အတွင်းရှိ ပြည်သူလူထုသည် ချင်းပြည်အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်ဖြစ်သည်။ တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ သည် ချင်းပြည်၏ အမြင့်ဆုံးဥပဒေဖြစ်သည်။ ချင်းပြည်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင် တရားစီရင်ရေး အာဏာသုံးရပ်ကို ပိုင်းခြားကျင့်သုံးသည်။ ချင်းပြည်ကောင်စီအဖွဲ့ဝင်များနှင့် ချင်းပြည်အစိုးရ၏ သက်တမ်းအား နှစ်နှစ် သတ်မှတ်ထားသည် စသည်တို့သည် ကောင်းမွန်သည့် ပြဌာန်းချက်များဖြစ်သည်။             အခြားတဖက်တွင် အားနည်းသည့် ပြဌာန်းချက်များနှင့် ရှေ့နောက်ဆန့်ကျင်ကွဲလွဲသည့်ပြဌာန်းချက်များ လည်း ပါရှိနေသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရဖြစ်သော “လူထု၏ အခွင့်အရေးများကို ကာကွယ်ပြဌာန်း၍ အစိုးရ၏အခွင့်အာဏာအား ကန့်သတ်ရမည်” ဟူသည့် အခြေခံနှင့် ဆန့်ကျင်၍ ပြဌာန်း ထားသည်။  သာဓကအနေဖြင့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်နယ်အတွင်း နေထိုင်သည့် ပြည်နယ်သူ၊ ပြည်နယ်သားများ၏ အခြေခံအခွင့်အရေးများကို လုံလောက်စွာကာကွယ် ပြဌာန်းပေးထား နိုင်ခြင်းမရှိပေ။ ထို့အပြင် အာဏာကြီးသုံးရပ်အား ခွဲခြားကျင့်သုံးသည့်အခြေခံမှနေ၍ အစိုးရ၏ အခွင့်အာဏာကို ကန့်သတ်ရ မည့်အစား ချင်းပြည်ကောင်စီသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့အား တော်လှန်ရေး ကာလတလျှောက်လုံး တနည်းတဖုံး ထိန်းချုပ်ခွင့် ရှိသည့် အာဏာအရှိဆုံးအစုအဖွဲ့ အနေဖြင့် ချင်းပြည်ကောင်စီ အား ပုံဖော် သတ်မှတ် ပြဌာန်းထားသည်။ ထို့အပြင် ပုဒ်မ ၃၅ အရ ချင်းပြည်ကောင်စီ၏ သက်တမ်းကို တရားဝင်အစိုးရပေါ်လာသည့် အချိန်အထိ သတ်မှတ်ပြဌာန်းထားသည်။ ယင်းကဲ့သို့ ပြဌာန်းထားခြင်းကြောင့်

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းမည့် ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရနှင့် ချင်းပြည်တရားလွှတ်တော်ချုပ် တို့သည် တရားမဝင်သေး သကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် ချင်းပြည်လွှတ်တော်ကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ (Dejure) တခုတည်းဖြင့်သာ ဖွဲ့စည်းထားပြီး ချင်းပြည်ကောင်စီကို တာဝန်ခံရခြင်း။ ချင်းပြည်အစိုးရအဖွဲ့ကို ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရစနစ်ဖြင့် ဖွဲ့စည်းထားသော်လည်း အစိုးရအဖွဲ့သည် လွှတ်တော်ကို တာဝန်ခံစရာ မလိုဘဲ ချင်းပြည်ကောင်စီကို တာဝန်ခံရခြင်း။ လွတ်လပ်သည့်တရားစီရင်ရေးဆိုင်ရာ အခြေခံများကို လုံလောက်စွာ ပြဌာန်းထားနိုင်ခြင်းမရှိသည့်အပြင် တရားသူကြီးချုပ်နှင့် တရားသူကြီးများသည် ချင်းပြည်ကောင်စီ ကို တာဝန်ခံရခြင်း။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်တွေ့ကျင့်သုံးဖော်ဆောင် သွားမည်ဆိုပါက တိုင်းပြည်ယန္တရား၊ တိုင်းပြည်အဆောက်အအုံများအကြားတွင် ဖွဲ့စည်းတည်ရှိမှုဆိုင်ရာ ရှုပ်ထွေးမှု (Institutional Complication) ဖြစ်ပေါ်လာနိုင်ပါသည်။

သုံးသပ်အကြံပြုချက်

(က) အခြေခံအခွင့်အရေးဆိုင်ရာပြဌာန်းချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရယူနိုင်သော အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း သီးသန့် တခု သတ်မှတ်ပြဌာန်းသင့်သည်။

(ခ) ချင်းပြည်ကောင်စီအနေဖြင့် ချင်းပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတို့အပေါ် တနည်းတဖုံ လွှမ်းမိုးထိန်းချုပ်ခွင့်ပြုထားသည့် ပြဌာန်းချက်များကို ပယ်ဖျက် ပြင်ဆင်ပြဌာန်းသင့်သည်။

(ဂ) လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်လွှတ်တော်အား လွှတ်တော်တရပ်စနစ်ဖြင့်သာ ဖွဲ့စည်းလည်ပတ် သင့်သည်။ ချင်းပြည်လွှတ်တော်အား ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့(Dejure)၊ လက်တွေ့ နယ်မြေထိန်းချုပ် အုပ်ချုပ်နိုင်စွမ်းရှိသည့် ချင်းပြည်တော်လှန်ရေး အင်အားစုများ (Defacto) အစုအဖွဲ့နှင့် ချင်းပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ ဒေသန္တရများတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအား ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့၊ လှုပ်ရှားဆဲဖြစ်သော လူထုအသင်းအဖွဲ့များ၊ CDM အင်အားစုများအစုအဖွဲ့တို့ဖြင့် ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်း လည်ပတ်သင့်သည်။

(ဃ) လွတ်လပ် ဘက်မလိုက် ထက်မြက်သည့် တရားစီရင်ရေး အခြေခံပြဌာန်းချက်များနှင့် တရားစီရင်ရေးအရ ပြန်လည်သုံးသပ်ပိုင်ခွင့်အာဏာ (Judicial Review Power) အား အခိုင်အမာ ထပ်မံ ထည့်သွင်းပြဌာန်းသင့်သည်။ (င) ပုဒ်မ ၃၅ အရ ထင်ရှားသည်မှာ ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ရေရှည် အမြဲတမ်း အသုံးပြုသွားမည့် ဖွဲ့စည်းပုံ မဟုတ်ပါ။ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေဆဲ ကြားကာလအတွင်းတွင် အသုံးပြုမည့် ဖွဲ့စည်းပုံဖြစ်သည်။

သို့ဖြစ်၍ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (Interim/ Provisional Constitution) အဖြစ်သာ အတိအလင်း ကျင့်သုံး၍ ချင်းပြည်အစိုးရ၏ တရားဝင်မှုနှင့် အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းသင့်သည်။

            ယင်းသို့ဖြင့် စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ်ကို တိုက်နေဆဲ မျက်မှောက်ကာလတွင်ပင် အချုပ်အခြာအာဏာကို ပြည်နယ်များတွင် အဓိကကျင့်သုံး၍ ပြည်ထောင်စုတခုလုံးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ အတွက် အချုပ်အခြာအာဏာတချို့အား ပြည်ထောင်စုအစိုးရသို့ သတ်မှတ်လွှဲအပ်သည့် ဖက်ဒရယ်စနစ်အခြေခံကို လက်တွေ့ကျင့်သုံးဖော်ဆောင်၍ ဆက်လက်၍ တိုက်ပွဲဝင်သွားသင့်ပါသည်။ 

ဥပဒေအထောက်အကူပြုကွန်ရက်         

ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်

အသေးစိတ်သိလိုပါက ဆက်သွယ်ရန်

ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ၊

ဦးကျော်ကျော် (မဟာဗျူဟာနှင့် မူဝါဒရေးရာ အတိုင်ပင်ခံ)

အီမေးလ် legalaidnetwork@gmail.com
တယ်လီဖုန်း (၄၆) ၀၇၆ ၆၄၀ ၈၀၄၂

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဖုန်းအတွင်း VPN ဆော့ဝဲလ်တွေ့မှုနဲ့ ဒေသခံတွေကို စစ်ကောင်စီက ဒဏ်ရိုက်

၁၄၊ ဇွန်၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရပ်ကွက်တွေနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ ဇွန်လ ၁၃ ရက်နေ့က လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်က စစ်ဆေးခဲ့ပြီး VPN (Virtual Private Network) ဆော့ဝဲလ်တွေ့ရှိလို့ ...

ဆက်ဖတ်ရန်