စစ်ကောင်စီကြောင့် ဒုက္ခိတဖြစ်သွားတဲ့ အရပ်သားများ

အလွတ်တန်းသတင်းထောက် ဝတ်ရည်ကိုကို ရေးသည်။

မစံရတီမိုးမြင့်ဟာ အသက် ၆ နှစ်ပဲရှိသေးတဲ့ လူမမည်အရွယ် မိန်းကလေးငယ်တဦးပါ။ သူဟာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ဆံစ ဦးခေါင်းကိုထိမှန်ပြီး ဒဏ်ရာရသွားခဲ့ရသူပါ။

ပြီးခဲ့တဲ့နှစ် ၂၀၂၁၊ ဇူလိုင် ၃ ရက်၊ည ၁၀ နာရီလောက်က စစ်ကောင်စီတပ်တွေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့ချိန် ကလေးမြိုပေါ်၊ တပ်ဦးသီတာရပ်ကွက်က အိမ်တစ်လုံးအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ မစံရတီမိုးမြင့်ရဲ့ ဦးခေါင်းကို ကျည်ဆံစ ထိမှန်ခဲ့တာဖြစ်တယ်လို ဖခင်ဖြစ်သူကပြောပါတယ်။

ဒီလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဟာ အဲဒီနေ့က ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေကြား တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် မစံရတီမိုးမြင့် ဒဏ်ရာရခဲ့တာပါ။

ညာဖက်နားထင်ကနေ ဦးခေါင်းထဲထိ လက်နက်ကြီးကျည်ဆံစ ဝင်ရောက်သွားခဲ့တယ်ဆိုတာကို စာရေးသူကိုယ်တိုင် ကြည့်ခဲ့ရတဲ့ ဓာတ်မှန်နဲ့ ဆေးမှတ်တမ်းတွေအရရော၊ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဂ္ဂလိကဆရာဝန်တဦးရဲ့ အတည်ပြုချက်အရပါ အခိုင်အမာ သိခဲ့ရပါတယ်။

ဒီလို အတည်ပြုပေးပြီးနောက်မှာတော့ မန္တလေးဆေးရုံမှာ ခွဲစိတ်ကုသဖိုသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလေးငယ်ရဲ့ဦးခေါင်းကို ခွဲစိတ်ကုသဖို အခက်ခဲရှိတာကြောင့် တခြားနေရာမှာ ရွှေ့ပြောင်းကုသဖို ဆရာဝန်တွေက တိုက်တွန်းခဲ့တယ်လို ဖခင်ဖြစ်သူကပြောပါတယ်။ အဲဒီလိုတိုက်တွန်းတာကြောင့် ခွဲစိတ်ကုသခွင့် မရလိုက်ဘဲ နေရပ်ကို ပြန်လာခဲ့ရပါတယ်လိုမစံရတီမိုးမြင့်ဖခင်ကပြောပါတယ်။

“ဆရာဝန်တွေက ခွဲစိတ်ဖို့ပြောတာကသူရဲ့ခေါင်းပေါ့။ ဒီဘက်ခြမ်းသူ့ကိုမှန်တာ။ သူကအိပ်တာက ကျနော်တို့ကဒီလိုအိပ်တဲ့အချိန်မှာ သူကစောင်းစောင်းလေးနေတဲ့အချိန်ဆိုတော့ ဒီလိုတည့်တည့်ဆို ညာဘက်ကိုမှန်မှာစောင်းစောင်းလေး နေတဲ့အခါကျတော့ ဗုံးဆံက ရှပ်ပြီးမှ ဒီခေါင်းထဲလာဝင်တာ ဘယ်ဘက်ကိုစောင်းနေတဲ့အချိန်။ အဲဒါနဲ့ ဆရာဝန်က ခွဲရမယ်ဆိုရင် ကလေးရဲ့ဦးနှောက်ကို ဒီမှာခွဲမယ်ဆိုရင် ဦးနှောက်ထဲကို မွှေနှောက်ရမယ်ပေါ့။ အစ ဦးနှောက်ထဲထိ ဝင်သွားတယ်ဆိုတဲ့အခါကျတော့ မွေ့ရမယ်ဆိုတော့ ဒီမှာကိရိယာတွေမစုံဘူး။ ဆရာဝန်တွေလဲမစုံဘူးဆိုတော့ ကလေးအသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုပြီးမှ အဲလိုပြောတယ်။”

လက်ရှိအချိန်မှာတော့ မစံရတီမိုးမြင့်ဟာ ဦးခေါင်းကိုက်ခဲတဲ့ဝေဒနာ ခံစားနေရပြီး လမ်းလျှောက်တဲ့အချိန်မှာ ဘယ်ဘက်ခြေထောက်က အချိန်ကြာကြာ မရပ်နိုင်တော့ပါဘူး။ ခွဲစိတ်ကုသဖို့အတွက်က ငွေကြေးအခက်အခဲ ရှိနေတယ်လို ဖခင်ဖြစ်သူကပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့နှစ် ၂၀၂၁၊ ဧပြီလ ၇ ရက်နေ့ကလည်း ညောင်တုန်းကျေးရွာက အသက် ၅၁ နှစ်ခန့်အရွယ် ဦးဟွာလ်ခန့်ထန်ဟာ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ဘယ်ဘက်ပေါင်မှာ သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ သူဟာ မိသားစုဝင်အတွက် ဆေးဝယ်ဖို့ နေ့ခင်းပိုင်း ညောင်တုန်းကျေးရွာကနေ ဆိုင်ကယ်နဲ့အသွား ကလေးမြို၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာလို ဦးဟွာလ်ခန့်ထန်ပြောပါတယ်။

“လမ်းသွားတယ်ဆိုတော့ သေနတ်သံ နှစ်ခါလောက်ကြားတာ၊ ကျနော်လှည့်တော့ ပေါင်ကိုမှန်တော့တာ၊ ဆိုင်ကယ်နဲ့ ပြန်လှည့်ပြီး အရှေ့ဘက်ကိုကွေ့တော့ လဲတော့တာ “

ပေါင်မှာ သေနတ်ထိမှန် ဒဏ်ရပြီးတဲ့နောက် လမ်းမကြီးပေါ်မှာ ဆိုင်ကယ်နဲ့အတူ လဲကျသွားတယ်လို့ သူကပြောပါတယ်။ဒဏ်ရာနဲ့လဲကျနေတဲ့သူ့ကို အနီးနားရပ်ကွက်နေ ပြည်သူတွေက အနီးဆုံးဆေးခန်းကို ပိုပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သေနတ်မှန်တာကြောင့် ကျိုးသွားတဲ့ သူ့ရဲ့ဘယ်ဘက်ပေါင်ကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး စတီးရိုး ထည့်ထားရတယ်လို ဦးဟွာလ်ခန့်ထန်က ပြောပါတယ်။

“ဓါတ်မှန်တွေ ဘာတွေရိုက်ပြီးမှ အရိုးကျိုးတယ်တဲ့။ အဲဒါဆေးခန်းပြတော့ နှစ်ရက်သုံးရက်အိပ်ပြီးမှ ဆရာတွေကပြန်ခွဲပေးတယ်။ စတီးရိုးတပ်ပေးတယ်။ ခွဲစိတ် ဆယ်ရက် ပြီးမှအိမ်ကိုပြန်ခိုင်းတယ်။ ဒါပြီးမှ ဆရာတွေက ဆေးကုန်မှပြန်ပြပါအုံးဆိုတော့ ကားတွေငှားပြီးမှ ပြန်ပြသွားတာ။ နှစ်ရက်သုံးရက် နှစ်ပတ်ခြား ဆရာချိန်းတဲ့နေ့မှ ပြန်ပြပြန်ပြသွားတာ”

အဲဒီလို ကုသမှုခံယူနေချိန်အတွင်း အိပ်ယာထဲမှာ ငါးလလောက် လဲလျောင်းနေခဲ့ရပြီး မိသားစုဝင်တွေ အကူအညီပေးမှ အိပ်ယာက ထနိုင်တယ်လို သူကပြောပါတယ်။ လက်ရှိအချိန်မှာလည်း ဆေးခန်းပြနေရဆဲဖြစ်ပြီး ပေါင်ကိုက်တာ၊ ခါးနာတာ စတဲ့ဝေဒနာတွေကို ခံစားနေရတဲ့အပြင် လမ်းလျှောက်ဖို မိသားစုဝင်တယောက်ယောက်က ကူညီပါမှ၊ ဒါမှမဟုတ် ချိုင်းထောက် အကူအညီပါမှ လမ်းလျှောက်လိုရတဲ့သူတယောက် ဖြစ်နေရပြီလို သူကပြောပါတယ်။ တောင်သူတဦးဖြစ်တဲ့ ဦးဟွာလ်ခန့်ထန်ဟာ လက်ရှိမှာ အလုပ်တွေ ရပ်နားထားရတာကြောင့် ဝမ်းရေးအတွက်လည်း စိုးရိမ်ပူပန်နေရပါပြီ။

နောက်ဖြစ်ရပ်တခုကတော့ ကလေးမြိုနဲ့ မိုင် ၄၀ လောက်ဝေးတဲ့ မွေ့လယ်ကျေးရွာမှာ ဒီနှစ် ၂၀၂၂၊ မတ်လ ၁၉ ရက်နေ့က ဖြစ်ခဲ့တာပါ။ မွေ့လယ်ကျေးရွာသား အသက် ၃၀ အရွယ် ကိုစန်းမင်းထွန်းဟာ သူ့ရဲ့ နိစ္စဓူဝအလုပ်တခုဖြစ်တဲ့ နွားကျောင်းအလုပ်ကို ပုံမှန်အတိုင်း အေးအေးလူလူလုပ်နေရင်းမှာပဲ ကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့ရတာကို ဖခင်ဖြစ်သူက ပြန်ပြောပြခဲ့ပါတယ်။

“လယ်တောထဲနွားတွေလွတ်ပြီး တဲပေါ်မှာထိုင်နေတာပေါ့။ အဲ့ဒီမှာ သူတို့ (စစ်ကောင်စီ) ရထားလမ်းပေါ်ကနေ သေနတ်နဲ့လှမ်းပစ်တော့တာ။ အဲ့ဒီမှာကျနော့်သားက ကြောက်အားလန့်အားနဲ့ပြေးတာမှာ မပြေးနဲ့မပြေးနဲ့လို သူတို့ကပြောတယ်။ ပစ်မြဲအတိုင်းပစ်နေတော့ ကျနော့်သားကကြောက်လိုပြေးတာ၊ အဲ့ဒီအချိန်မှာ လဲတယ်ပေါ့ဗျာ၊ လဲတဲ့အချိန်မှာ ပြန်ကုန်းထတဲ့အချိန်မှာ မှန်သွားတော့တာ ဆီးခုံကို။ အဲ့ဒါမှာသွေးစိုလို့ စွက်လက်နဲ့တော့ သူက အတောင်သုံးရာ ပတ်ဝန်းကျင်လောက်တော့ ပြေးသေးတယ်၊ အဲ့ဒီမှာလဲတော့တာ”

ကိုစန်းမင်းထွန်းရဲ့ နောက်ကျောတင်ပါးဆုံကနေ အရှေ့ဆီးခုံကို သေနတ်ကျည် ဖောက်ဝင် ထွက်သွားပြီးတဲ့နောက် လဲကျသွားခဲ့တာလို ဖခင်ဖြစ်သူကပြောပါတယ်။ လဲကျပြီးတဲ့နောက် ကျေးရွာတွင်းကလူတွေရဲ့ အကူအညီနဲ့ နေအိမ်ကိုပြန်သယ်ခဲ့ရတယ်လို ဖခင်ဖြစ်သူကဆက်ပြောပါတယ်။

ဒီဒဏ်ရာကိုတော့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဆေးခန်းတခုမှာ ကုသခဲ့ရပြီးတော့ လက်ရှိအချိန်ထိလည်း ဆီးသွားရင် နာကျင်တဲ့ဝေဒနာ ခံစားနေရဆဲဖြစ်သလို လမ်းလျှောက်ဖို့ဆိုရင်လည်း မိသားစုဝင်တွေအကူအညီပါမှ လျှောက်နိုင်တယ်လို ဖခင်ဖြစ်သူကပြောပါတယ်။

ကလေးနှစ်ယောက်ဖခင် လက်လုပ်လက်စားတဦးဖြစ်တဲ့ ကိုစန်းမင်းထွန်းပေါ်မှာ သူ့မိသားစု စားဝတ်နေရေး မှီခိုနေရတာပါ။ အခုတော့ အလုပ်လုပ်ဖို့ထား၊ ကိုယ့်ဖာသာ လမ်းလျှောက်ဖို့တောင် အခက်ကြုံနေရတာကြောင့် မိသားစု စားဝတ်နေရေးအတွက်ရော ဆေးကုသဖို့အတွက်ပါ အခက်ကြုံနေရတယ်လို ဖခင်ဖြစ်သူကပြောပါတယ်။

“ငွေရေးကြေးရေးကတော့ ကျနော်တို့မှာ တနေ့လုပ်မှ တနေ့စားဆိုတော့ အခုတောင်မှ ငွေတိုးချေးပြီး လာခဲ့ရတယ်၊ ဆေးကုသဖို့တောင်မှ ကျနော်တိုမှာလုံးဝကိုမရှိတာ”

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြိုမှာ စစ်ကောင်စီပစ်ခတ်လို့ ကိုယ်လက်အင်္ဂါဆုံးရှုးပြီး ဒုက္ခိတဘဝ ရောက်ရသူ အရပ်သား ၁၅ ဦးရှိတယ်လို အကူအညီပေးသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။

အကူအညီပေးသူတစ်ဦးပြောတာ “ဒုက္ခတဖြစ်သွားတဲ့အရေအတွက်ကတော့ ကျနော် လက်လှမ်းမှီသလောက် စာရင်းပြုစုထားတာကတော့၁၅ ယောက်ရှိပါတယ်။ ကျနော့်မျက်စိရှေ့တွင် ဖြစ်သွားတဲ့ဖြစ်စဉ်ကတော့ သုံးခုလောက်တော့ရှိတယ်။ ပထမတစ်ခုဖြစ်စဉ်ကတော့ အသက် ၃၀ အရွယ်ပေါ့ ယောကျာ်းသားတစ်ယောက်က မျက်လုံးတဖက်ကန်းပြီးတော့၊ လက်တဖက်ဖြတ်လိုက်ရတယ်၊ အဲ့ဒါပြီးတော့ ဒုတိယနှစ်ကျောင်းသားလေးတစ်ယောက်ကတော့ ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်။ နောက်ပြီး လက်နက်ကြီးစမှန်ပြီးမှ ကျေးရွာတစ်ရွာက ၁၃ နှစ် ကလေးတစ်ယောက်ကတော့ သူလည်းပဲ လက်တစ်ဖက်ဖြတ်လိုက်ရတယ်။”

ဒုက္ခိတဖြစ်သွားသူတွေထဲမှာ အသက်မပြည့်သေးသူ ကလေးငယ် ၃ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၈ ဦး ပါဝင်တယ်လို သူကဆက်ပြောပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲဝင်တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး ဒုက္ခိတဖြစ်ရတဲ့ အရပ်သားအရေအတွက် တိုးလာနေသလို သေဆုံးသူအရေအတွက်လည်း တိုးလာနေတာကြောင့် စိုးရိမ်နေရတယ်လို ဒေသခံတွေကပြောပါတယ်။ ဒါကြောင့်လည်း တိုက်ပွဲတွေပြီးဆုံးပြီး ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရတဲ့ဘဝ အမြန်ဆုံးပြန်ရောက်ချင်ပြီလို ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေနဲ့ ဒေသခံတွေကပြောကြပါတယ်။

အခုတင်ပြခဲ့တာကတော့ နိုင်ငံတဝန်း ရာပေါင်းများစွာသော ဖြစ်ရပ်တွေထဲက သုံးခုပဲဖြစ်ပါတယ်။ နိုင်ငံတဝန်း မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထိန်းသိမ်း ခွဲခြားမှုမရှိ ပစ်ခတ်တာ၊ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးသွားပြီးတော့ လူမဆန်အောင် နှိပ်စက် ညှဉ်းပန်းတာတွေကြောင့် ထိခိုက် ဒဏ်ရာရသူ၊ ကိုယ်လက်အင်္ဂါ ချိုယွင်းရသူ အရေအတွက်ကို ခုချိန်ထိ အတိအကျ မသိနိုင်သေးပါဘူး။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းလုံးမှာ စစ်ကောင်စီပစ်ခတ်လို့ သေဆုံးသူ ၂,၆၆၉ဦး၊ ဖမ်းဆီးခံရသူ ၁၆,၆၉ ဦး၊ ထိန်းသိမ်းခံနေရသူ ၁၃,၁၄၃ ဦးရှိတယ်လို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၂၇ရက်နေ့ ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ဟာ AAPP က အတည်ပြု မှတ်တမ်းတင် ပြုစုထားနိုင်တဲ့အရေအတွက်ပဲဖြစ်ပြီး တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့အမျှ ပိုများလာဖွယ်သာရှိပါတယ်။

နောက်ဆုံးရသတင်းများ