စစ်ကောင်စီ၏ သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသအဖြစ် (၂) လ သက်တမ်း တိုးမြင့်ပြီးနောက် ၂ ပတ်အကြာမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ လေဘေးသင့် ချင်းပြည်သူများအား ဆန် ၈ ဗူး စစ်ကောင်စီက ဇူလိုင်လ ၂၉ ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
“အုပ်ချုပ်ရေးမှူးက တစ်အိမ်ကို ၃၀၀ ကျပ်စီ လမ်းစရိတ်ကောက်ပြီး မြေပုံမြို့မှာ ဆန်သွားထုတ်တယ်၊ အိမ်ထောင်စု တစ်စုကို ဆန် ၈ ဗူး စီရတယ်၊ မုဆိုမနဲ့ မုဆိုးဖို ဆိုရင် ၄ ဗူး စီဘဲ ရတယ်”ဟု လေဘေးသင့် ချင်းပြည်သူ တစ်ဦးက ပြောပါသည်။
စစ်ကောင်စီက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အရှိန်အဟုန်မြင့်တင်ဆောင်ရွက်ရန် ရခိုင်ပြည်နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသအဖြစ် ၂ လ သက်တမ်းတိုးမြင့်ကြောင်းကို ဇူလိုင်လ (၁၄)ရက်နေ့ ကြေညာခဲ့သည်။
မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် မြေပုံမြို့နယ်၊ ဒုံချောင်းရွာ၊ သရက်တောရွာ၊ ငရွှေပြင်တောင်ရွာ၊သိုင်းကျကျေးရွာ ၊လေးတူရွာရှိ လေဘေးသင့် ချင်းပြည်သူများသည် ယနေ့ထိ စစ်ကောင်စီ၏ ထောက်ပံ့မူ ဆန် ၂၀ ဗူး၊ သွားတိုက်ဆေး ၂ ဗူး၊ မာမီခေါက်ဆွဲ ၂ ထုတ် ဆီ ၁၅ ကျပ်သား သာရရှိပြီး၊ ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်များကို ကိုယ်ထူ၊ ကိုယ်ထဖြင့်သာ ပြန်လည်ပြုပြင်ပြီး နေကြရသည်။
လက်ရှိ မြေပုံမြိုနယ်တွင် ရိုးရိုးဆန် (၁)အိတ် (၇၀၀၀၀)ကျပ်၊ အလတ်စားဆန် (၁) အိတ် (၈၀၀၀၀)ကျပ်၊ ပေါ်ဆန်မွှေးဆန် (၁)အိတ် (၁၀၀၀၀၀)ကျပ်၊ ကြက်ဥ (၁)လုံး (၃၀၀)ကျပ်၊ ငါးခြောက် တစ်ပိဿ (၁၂၀၀၀)ကျပ် ထိရှိသည်။