စစ်ပွဲကြောင့် ပလက်ဝမြို့နယ်က လယ်ဧက တစ်ထောင်ကျော် သုံးနှစ်ကြာပစ်ထားခဲ့ရ

၁၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ လယ်ဧက တစ်ထောင်ကျော်ဟာ စစ်ပွဲတွေကြောင့် ၃ နှစ်ကျော်ကြာ ပစ်ထားရတယ်လို့ သတင်းရရှိပါတယ်။

ပလက်ဝမြို့နယ်အောက်ပိုင်းရှိ ပြည်သူတွေဟာ လယ်ယာကို အဓိက လုပ်ကိုင်စားသောက်ကြပြီး ပြီးခဲ့တဲ့ ၂၀၁၉၊ ၂၀၂၀ ခုနှစ်ကနေ ယခုထိ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြား ကျေးရွာပြည်သူတွေမှာ လယ်ယာ၊ ကျွဲ၊ နွား၊ စပါးကျီတွေကို ပစ်ထားပြီး မြို့ပေါ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နန်းချောင်းဝရွာသား တစ်ဦးက Zalen ကို ပြောပါတယ်။

“ကျွန်တော်တို့ ပလက်ဝအောက်ပိုင်းမှာက လယ်လုပ်တယ်။ ပြီးတော့ အိမ်တိုင်းလိုလို နွားကို မွေးကြတယ်။ တစ်အိမ်မှာ အနည်းဆုံး နွားအကောင် ၂၀ လောက်ရှိတယ်။ တိုက်ပွဲကြောင့် နွားတွေ၊ လယ်တွေ၊ စပါးကျီတွေ အကုန်ပစ်ထားရတယ်”လို့ နန်းချောင်းဝရွာသား တစ်ဦးက ဆိုပါတယ်။

နန်းချောင်းဝကျေးရွာကို ရက္ခိုင့်တပ်တော် (AA) က အဝင်အထွက် နေ့စဥ်ပြုလုပ်တာကြောင့် စစ်ကောင်စီက AA ထောက်ခံအားပေးတဲ့ ကျေးရွာလို့ဆိုကာ ၂၀၂၀ ခုနှစ် မတ်လ တုန်းက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ချင်းလူမျိုး ၁၀ ဦးနဲ့အထက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ၂၀ ဦးနီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် လယ်လှ၊ သူဌေးကုန်း၊ နှမ်းချောင်း၊ သရက်တောင်၊ နှမဒါ၊ အောက်သဲမဝ၊ သာကာချောင်း၊ စိမ်းညှင်းဝနဲ့ အခြားကျေးရွာရှိ လယ်တွေကို ပစ်ထားခဲ့ရတယ်လို့ သူဌေးကုန်းကျေးရွာ တစ်ဦးက Zalen ကို ပြောပါတယ်။

“ကျွန်တော်တို့ ရွာက လယ်ကို အဓိကလုပ်ကိုင်စားသောက်နေတာပါ။ တိုက်ပွဲကြောင့် ကျွန်တော်တို့ တစ်ရွာလုံး လယ်တွေ၊ နွားတွေရော့ ပစ်ထားရပါတယ်။ ကျွန်တော်တို့ဆို နွားအကောင် ၅၀ ကျော်နဲ့ စပါး တင်း ၅၀၀ ကျော် ပစ်ထားရတယ်။ ကျွန်တော်တို့ အခုထိ ရွာမပြန်ရသေးဘဲ စစ်ဘေးရှောင်နေရတုန်းပါ”လို့ ဆိုပါတယ်။

အဆိုပါ ကျေးရွာတွေဟာ လယ်ဧက တစ်ထောင်ကျော်ရှိပြီး တိုက်ပွဲကြောင့် ၂၀၂၀ ခုနှစ် ဇွန်လကတည်းက လယ်တွေ၊ နွားတွေ ပစ်ခဲ့ရပြီး မြို့ပေါ်တွင် ယခုထိ စစ်ဘေးရှောင် နေရတယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်ဟာ တောင်ယာကို အဓိက လုပ်ကိုင်စားသောက်နေသူတွေရှိသလို ပလက်ဝအောက်ပိုင်းရှိ ကျေးရွာ ပြည်သူတွေမှာ လယ်ယာကို ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင် စားသောက်နေရပြီး နွား၊ ဆိတ်၊ တွေကိုလည်း စီးပွားအဖြစ် မွေးမြူကြပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်