နို၀င်ဘာလ ၂၇ ၊ ၂၀၂၅
Zalen
ချင်းပြည်နယ်၊ တီးတိန်မြို့ အ၀င် ဆဲဇန်ကျေးရွာအနီးက Saimual တောင်ကုန်းတဝိုက်မှာ ဒီနေ့ နို၀င်ဘာ ၂၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ PDF Zoland တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စပြီး ၁၀ခွဲ ခန့်အထိ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ အဆက်မပြတ်ကြားခဲ့ရပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

” မြို့အ၀င်နားမှာ တိုက်ပွဲဖြစ်တာ၊ တပ်ကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ပစ်တယ်။ ပစ်ခတ်အသံတွေ ကြားနေရတာပေါ့။ တိုက်ပွဲဖြစ်ပြီးနောက်မှာတော့ မြို့ထဲကို သွားလာတာမလုပ်ဖို့ စစ်သားတွေက ပိတ်တယ်။ ” လို့ တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီတပ်ဟာ လွယ်ဘွာလ်းရပ်ကွက်မှာ နေရာယူထားကာ ရိဒ်ကို သွားတဲ့ လမ်းခွဲကို ပိတ်ထားသလို မြို့တွင်းမှာ ယာဉ်ဖြတ်သန်းသွားလာဖို့ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်ဟာ စစ်ရဟတ်ယာဉ်တွေနဲ့ တီးတိန်မြို့တပ်ကုန်းကို အင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းခဲ့ပြီး တီးတိန်- သိုင်းငင်း- ဖလမ်း လမ်းမကြီးကို ရွေ့လျားစစ်ကြောင်းထိုးခဲ့ပြီး ချင်းတော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
သတင်း-Helen

















