အောက်တိုဘာ ၂၈၊ ၂၀၂၄။
Zalen
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ ဘိန်းစိုက်ခင်း ဖျက်ဆီးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (ဇိုလဲန်း) ကို ဘိန်းစိုက်ခင်း ပြုစုပျိုးထောင်နေကြတယ်ဆိုတဲ့ စစ်သွေးအမည်ရှိ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်က အောက်တိုဘာလ ၂၄ရက်နေ့က ရေးသားဖော်ပြထားပါတယ်။
Subscribers ၁၁,၂၁၄ ရှိတဲ့ စစ်သွေးတယ်လီဂရမ်ချန်နယ် က “ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ဘိန်းစိုက်ခင်းဧက ၂၀ ကျော်ကို အကြမ်းဖက် PDF-Zoland အဖွဲ့တွေက ဖျက်ဆီးတယ်ဆိုပြီး ဓာတ်ပုံရိုက်ပြီး ဟန်ရေးပြနေကြတာ။ ပြီးတော့ ဒီကောင်တွေ ဘိန်းစိုက်ခင်း ရှင်းတယ်ဆိုတဲ့ နေရာကလည်းအတိအကျမပါဘဲ ဖော်ရှိုးလုပ်နေတာ။ အမှန်က အဲဒါ ဘိန်းစိုက်ခင်းရှင်းနေတာမဟုတ်ဘူး။ ဒီကောင်တွေရပ်တည်ဖို့အတွက် ဘိန်းစိုက်ခင်းကို ပြုစုပျိုးထောင်နေကြတာ။ ဘိန်းစားတွေက ဘိန်းစိုက်ခင်းကို ရှင်းတယ်ဆိုတာ ဘယ်သူမှမယုံဘူး။” လို့ ရေးသားဖော်ပြထားပါတယ်။
အဲ့ဒီသတင်းကို အောက်တိုဘာလ ၂၈ရက်နေ့၊ ညနေထိ ဝင်ရောက်ဖတ်ရှုသူ ၈၇၃ ဦး၊ Reaction ပေးသူ ၁၄ဦး နဲ့ မှတ်ချက် ၁ ခု ရှိပါတယ်။
မူရင်းသတင်းလင့်ခ်
စိစစ်တွေ့ရှိချက်
__________
Zalen Fact -Checking Team က စိစစ်တဲ့အခါ တီးတိန်မြို့နယ်မှာ PDF-Zoland က ဘိန်းစိုက်ခင်းတွေ ဖျက်ဆီးတဲ့သတင်းပဲတွေ့ရပြီး အဲ့ဒီသတင်းကို အသုံးပြုကာ ဘိန်းခင်းပြုစုပျိုးထောင်တယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေတာတွေ့ရတယ်။
လွတ်လပ်တဲ့ ဒေသတွင်း ချင်းမီဒီယာတွေဖြစ်တဲ့ Khonumthung Burmese၊ Chin World နဲ့ Zalen တို့က အောက်တိုဘာလ ၂၂ရက် နဲ့ ၂၃ ရက်နေ့ နှစ်ရက်တွင်း တီးတိန်မြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧက ၂၀ ကျော်ကို PDF-Zoland က ဖျက်ဆီးတယ်လို့ ရေးသားဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ်
Khonumthung Burmese
Chin World
Zalen
တီးတိန်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်(ဇိုလဲန်း)နဲ့ ပြည်သူ့ရဲတပ်ဖွဲ့(ဇိုလဲန်း)တို့က အောက်တိုဘာလ ၂၂ရက်နဲ့ ၂၃ရက်နေ့က ပူးပေါင်းပြီး ဘိန်းစိုက်ခင်း ဧက ၂၀ ကျော်ကို ဖျက်ဆီးခဲ့တာဖြစ်ပြီး အဖွဲ့ရပ်တည်နိုင်ဖို့အတွက် ဘိန်းစိုက်ခင်းတွေ ပြုစုပျိုးထောင်နေကြတယ်ဆိုတာ မဟုတ်မမှန်ဘူးလို့ PDF-Zoland တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၎င်းက “ကျွန်တော်တို့က တီးတိန်းမြို့နယ်မှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးပစ်ဖို့ ဘိန်းစိုက်တောင်သူတွေကို အသိပေးထားပါတယ်။ ဒါပေမယ့် ဘိန်းစိုက်တောင်သူတွေက ဖျက်ဆီးပစ်တာမရှိတဲ့အတွက် ကျွန်တော်တို့ကနေပြီး သွားရောက်ရှင်းလင်း ဖျက်ဆီးခဲ့ရတာဖြစ်တယ်။ နေရာအတည်တကျ မဖော်ပြဘူးဆိုတာက ရပ်ရွာအနီးမှာ စိုက်ပျိုးတာမဟုတ်ဘဲ တီးတိန်မြို့နယ် ဧရိယာဖြစ်တဲ့အတွက် တီးတိန်မြို့နယ်လို့ ပြောချင်တာဖြစ်တယ်။”လို့ ဆိုပါတယ်။
ဘိန်းဟာ မှုးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့အတွက် လူငယ်နဲ့ ခေတ်ပညာတက်လူငယ်တွေ ပျက်စီးနိုင်တဲ့အပြင် လူမျိုးပါမျိုးတုန်းနိုင်တဲ့အတွက် ဘိန်းစိုက်ခင်းတွေကို အခုလို ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
PDF-Zoland စစ်ရေးလှုပ်ရှားနယ်မြေဖြစ်တဲ့ တီးတိန်းမြို့နယ်မှာ PDF-Zoland က ၎င်းတို့အဖွဲ့ ရပ်တည်ဖို့အတွက် ဘိန်းစိုက်ခင်းတွေကို စိုက်ပျိုးပြီး ပြုစုပျိုးထောင်တယ်ဆိုတာမရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အရင်က တီးတိန်မှာ ဘိန်းစိုက်တယ်ဆိုတာမရှိဘူး။ အခုနောက်ပိုင်း ငွေရေးကြေးရေး နည်းနည်းအဆင်ပြေတဲ့သူတွေက တောတောင်တွေထဲမှာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြတာရှိလာတယ်။ အဲ့ဒီဘိန်းစိုက်တဲ့သူတွေက အရပ်သားတွေဖြစ်တယ်။ PDF-Zoland စိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ အခုနောက်ပိုင်း PDF-Zoland ကနေ သတိပေး တားမြစ်တာ၊ ဖျက်ဆီးတာတွေ ပြုလုပ်လာတယ်။”လို့ ဆိုပါတယ်။
တီးတိန်မြို့နယ် စိုက်ပျိုးတဲ့ ဘိန်းစိုက်ခင်းနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက အရေးယူဆောင်ရွက်တာမရှိပေမဲ့ အခုခါ PDF-Zoland က ပထမဆုံး အရေးယူဆောင်ရွက်တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သုံးသပ်ချက်
_______
စစ်သွေး အမည်ရှိ တယ်လီဂရမ်ချယ်နယ်ဟာ စစ်ကောင်စီ ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်ပြီး တော်လှန်တပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ မဟုတ်မမှန်သတင်းတွေ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးထားတာကို အောက်ပါလင့်ခ်တွေမှာ ကြည့်ရှူနိုင်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာက အရပ်သား ၆ဦးကို NUG အစိုးရ လက်အောက်ခံ PDFအဖွဲ့တို့က အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်တာလို့ စစ်သွေးတယ်လီဂရမ်ချန်နယ်က သတင်းအမှားရေးထားပါတယ်။
မူရင်းမူရင်းလင့်ခ်
လွတ်လပ်တဲ့ သတင်းဌာနဖြစ်တဲ့ The Irrawaddy – Burmese Edition က မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူအင်အားတွေ စုပေါင်းထားတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ ဘုတလင်မြို့နယ်၊ စီပါရွာက အရပ်သား ၆ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်သွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ်
အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူတစ်ဦးနဲ့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ တီးတိန်မြို့နယ်မှာ PDF-Zoland က အဖွဲ့ရပ်တည်ဖို့ ဘိန်းစိုက်ခင်း ပြုစုပျိုးထောင်တယ်ဆိုတဲ့ အချက်လက် မှားယွင်းနေပါတယ်။
စာဖတ်ပရိသတ်အနေဖြင့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။