တော်လှန်ရေးအလွန် ပညာရေးစနစ် ကဏ္ဍတည်ဆောက်ခြင်း

တော်လှန်ရေးကာလအလွန် ပညာရေးပုံဖော်မှု

Khaisa ရေးသည်။

တော်လှန်ရေးကာလအလွန် ပညာရေးစနစ်ကို ဖော်ဆောင်ရာတွင် အဓိက ဦးစားပေးရမည့်အရာမှာ လက်တွေ့အသုံးချပညာရေးဖြစ်သည်။ ပြည်တွင်းစစ်ကာလအတွင်း လစ်ဟာခဲ့သမျှကို အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်ငံရန်မှာ လက်တွေ့အသုံးချသက်မွေးပညာရပ်များသာဖြစ်သည်။ ကျောင်းပြင်ပ ပညာရေး ( Informal Education) ကို ဖန်တီးပေးရမည်ဖြစ်သည်။ ကျောင်းသင်ပညာရေး( Formal Education) ကို ဖော်ဆောင်ရာတွင် သက်မွေးပညာရပ်ကို အဓိက ဖော်ဆေင်ပေးရန်အရေးကြီးပါသည်။ ပန်းချီပညာရပ်၊ ပန်းပုပညာရပ်၊ စက်ချုပ်ပညာရပ်၊ စက်ပိုင်းဆိုင်ရာပညာရပ်၊ ဗိသုကာပညာရပ်၊ စိုက်ပျိုးရေးနည်းပညာရပ်၊ မွေးမြူရေးပညာရပ် စသဖြင့် ချက်ချင်းလက်ငင်း အသုံးချနိုင်မည့် သက်မွေး ပညာရပ်များကို အရင်ဦးစားပေးအစီအစဥ်ဖြင့် ဖော်ဆောင်ပေးရမည် ဖြစ်သည်။ သို့မှသာ အမြန်ဆုံးနာလံထူလာနိုင်ကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖွက်ဖွက်ကျေနေသော တိုင်းပြည်ကို ချက်ချင်းလက်ငင်း အကျိုးပြုနိုင်ပြီး မိသားစုစားဝတ်နေရေးကို လက်ငင်းအကျိုးပြုသော ပညာရပ်များ ဖြစ်သောကြောင့် ဖြစ်သည်။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေး ပထမပိုင်းကာလသည် တာထွက်ကောင်းမွန်ရန် အရေးကြီးဆုံး ကာလဖြစ်သည်။ နောက်တစ်ခု အရေးကြီးသော အချက်မှာ စိတ်ပိုင်းဆိုင်ရာ ကုစားမှုကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်။ စစ်၏ အဋ္ဌိဌာရုံကို မျက်ဝါးထင်ထင် မြင်တွေ့၊ ကြုံတွေ့ခံစားနေရသော လူမမယ်ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ တော်လှန်ရေးတိုက်ပွဲအတွင်း ကျဆုံးသွားသော သားသမီးများအတွက် ပူဆွေးသောကရောက်နေသူများ၊ အိုးအိမ်ဖျက်စီးခံရသူများအတွက် စိတ်ပိုင်းဆိုင်ရာကုစားမှုကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်။ 

ယခု ပြည်တွင်းတော်လှန်ရေးသည် မည်မျှကာလအချိန်အထိ ကြာရှည်မည်ကို ခန့်မှန်း၍ မရသော အခြေအနေဖြစ်နေပါသည်။ ထို့ကြောင့် ပညာရေးကဏ္ဍတွင် မျိုးဆက်တစ်ခုတော့ အဆက်ပြတ်သွားနိုင်ခြေရှိနေပါသည်။ ချမ်းသာသော မိသားစုများအတွက်တော့ အခက်အခဲ မရှိသော်ငြားလည်း ဆင်းရဲသော လူတန်းစားအတွက်မူ အလွန်တွေးပူစရာဖြစ်စေပါသည်။ ဤအချက်ကြောင့် တော်လှန်ရေးအလွန်ကာလတွင် ကျောင်းသင်ရိုးညွှန်းတမ်းများရေးဆွဲရာတွင် သတိထားရမည့်အချက်များ ရှိလာတော့မည်ဖြစ်သည်။ ဖြစ်နိုင်လျှင် အထက်တန်းအဆင့်တွင် ဘာသာရပ် ၄ မျိုးထက်မပိုစေပဲ အကဲဖြတ် စစ်ဆေးသင့်သည်။ သိပ္ပံဘာသာရပ်၊ ဘာသာတွဲယူမည့်သူများသည် Physics၊ Chemistry၊ Biology၊ Methametics ကို စစ်ဆေးလျှင် ၎င်း ဘာသာရပ်နှင့် ပတ်သက်သော သက်မွေးလိုင်းများ အားလုံး အကျုံးဝင်ပြီးသားဖြစ်နေပါသည်။ ဝိဇာဘာသာရပ် ဘာသာတွဲလည်း ထိုနည်း၎င်း ပင်ဖြစ်ပါသည်။ တက္ကသိုလ်အဆင့်ရောက်မှတော့ မေဂျာတစ်ခုသာ သင်ရပါသည်။ ကျန်ဘာသာများမှာ အ​ေထာက်အကူပြု မိုင်နာမျှသာဖြစ်ကုန်ကြပါသည်။ မလိလားအပ်သော၊ မအပ်စပ်သော ဘာသာရပ်များဖြင့် လူပင်ပန်း စိတ်ပင်ပန်း အချိန်ကုန်စေရုံသက်သက်ဖြင့် ဘာသာရပ်မြောက်မြားစွာကို သင်ကြားသင်ယူစေခြင်းက ကျောင်းသားကလေးလူငယ်များကို ညံ့ဖျင်းသွားစေသည်ဟု ယူဆမိပါသည်။ အလယ်တန်းဆင့် ဘာသာရပ်တိုင်းတွင် အင်္ဂလိပ်စာပါဝင်နှုန်း ၅၀% အထိ ရှိသင့်ပါသည်။ မူလတန်းအဆင့်တွင် ၃၀ % အထိ အင်္ဂလိပ်စာပါဝင်နှုန်းရှိသင့်ပါသည်။ အထက်တန်းသမိုင်းဘာသာရပ်ကို မြန်မာဖြင့် သင်ကြားပေးနေရာမှ တက္ကသိုလ်အဆင့်တွင် အင်္ဂလိပ်စာဖြင့် ရုတ်တရက်ကြီး သင်ချလိုက်သဖြင့် ကျောင်းသားများ ချာချာလည်ကုန်သည်မှာ မည်သူ့တွင် အပြစ်ရှိမည် ထင်ပါသနည်း။ မဖြစ်သင့်ပါ။ 

ဖြစ်နိုင်ပါက အလယ်တန်းဆင့်တွင်ပင် သိပ္ပံ၊ ဝိဇ္ဇာတွဲကို ခွဲခြားသင်ကြားပေးသင့်ပြီဟု ယူဆပါသည်။ သို့မှသာ မိမိဘာသာရပ်တွင် ထွန်းပေါက်ကျွမ်းကျင်ကြပေမည်။ ပညာသင်ကြားနေသူအနေဖြင့် မိမိဝါသနာ၊ မိမိအားသန်ရာမဟုတ်သော ဘာသာရပ်

ဖြင့် အချိန်ကုန် စိတ်ဖိစီးမှုမျိုး မကြုံရတော့ဘဲ မိမိဝါသနာပါသော ဘာသာရပ်တွင် ပျော်မွေ့ပြီး အပြည့်အဝ အာရုံစူးစိုက်ကာ ထူးချွန်ကျွမ်းကျင်ဖို့က အလွန်တရာ အရေးကြီးလှပါသည်။

မိမိတို့ သင်ကြားလာခဲ့သော ပညာရေးစိတ်ပညာ၊ ပညာရေးသဘောတရား၊ ပညာရေးသင်ကြားနည်းများမှ ပညာရေးအနက်ဖွင့်ဆိုချက်များကို သိရှိနားလည်သဘောပေါက်ထားပါသော်လည်း ကျောင်းသားလူငယ်များ၏ ထူးချွန်ထက်မြတ်ရေး၊ ထွန်းပေါက်အောင်မြင်ရေး၊ ဘာသာရပ်ဖိအားများမှ စိတ်ဖိစီးမှုကို ကျော်လွှားကာ မိမိအားသာသော ဘာသာရပ်ဖြင့် ထွန်းပေါက်အောင်မြင်ရေးက ပိုအရေးကြီးပါသည်။ ၅ ဘာသာဂုဏ်ထူး ၁ ဘာသာကျဖြင့် လူသားအညွန့်တုံးစေသော ပညာရေးစနစ်ကြီးကို အမြစ်မှ ဖြိုလှဲပစ်ရန် အချိန်တန်ပြီ ဖြစ်သည်။ ကျောင်းတိုင်းတွင် စာကြည့်တိုက်ရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာစာအုပ်များအစုံအလင်ထားရှိပေးရမည်ဖြစ်ကာ မူလတန်းအဆင့်မှစ၍ အခြေခံ Assingment ရေးနည်းစတင်သင်​​ကြားသင့် ပြီ ဖြစ်သည်။ ေကျာင်းသားတစ်ဦးလျှင် စာသင်နှစ် တစ်နှစ်၌ တီထွင်မှု အနည်းဆုံး ၂ ခု ပြုလုပ်ရမည်ဖြစ်သည်။ အလယ်တန်းဆင့်အနေဖြင့် Assingment ရေးရမည်ဖြစ်ပြီး တီထွင်မှု အနည်းဆုံး ၄ ခု သတ်မှတ်ပေးရမည်ဖြစ်သည်။   အထက်တန်းအဆင့်တွင် စာတမ်းပြုစုရန် လိုအပ်ပါသည်။ တီထွင်နိုင်မှု အနည်းဆုံး ၆ ခု သတ်မှတ်ပေးရမည်ဖြစ်သည်။ ေကျာင်းတိုင်း အားကစားရုံထားရှိရန် လိုအပ်သည်။ ကျောင်းစာကြည့်တိုက်သည် ကျောင်းသားများ၏ သင်ကြားသင်ယူရေးဗဟိုချက်မ ဖြစ်ရမည် ဖြစ်သည်။ လိုအပ်ချက်ကို ဆရာများက ကြီးကြပ်လမ်းညွှန်ကူညီရုံသာ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ဆရာများအပေါ် လုံးဝမှီခိုအားပြုပြီး ပညာဆည်းပူးသင်ကြားခြင်းမျိုး မဖြစ်စေပဲ မိမိ၏ လေ့လာကြိုးစားအားထုတ်မှုဖြင့် သာ သင်ကြားသင်ယူရန် လေ့ကျင့် လမ်းညွှန်ပေးသင့်သည်။ ပညာသင်ကြားသင်ယူသူ၏  တွေးခေါ်မှု ကျယ်ပြန့် ပွင့်လင်းလာစေရန်၊ အတားအဆီးမဲ့ တွေးခေါ်ဖော်ထုတ်မှုကို အားပေးရန် အားပေးရမည်ဖြစ်သည်။ တီထွင်မှုပြိုင်ပွဲများကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ နိုင်ငံတော်အဆင့်အထိ ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ပြီး သတင်းမီဒီယာများတွင် မြေတောင်မြှောက်ပေးရမည်။ ထိုက်သင့်သော ဂုဏ်ပြုမှုကို ပေးရမည်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် တော်လှန်ရေးကာလ ပညာရေးယိုယွင်းပျက်ဆီးနေသည်ကို မိဘပြည်သူများအနေဖြင့် စိတ်ရှည်သည်းခံပေးရန် လိုအပ်ပါသည်။

တော်လှန်ရေးကာလအတွင်း လစ်ဟာသွားသော(အသက်အရွယ်လွန်သွားသူများ) အတွက် အထူးကျောင်း (သို့) ပညာရေးကုစားခြင်း မဖြစ်မနေ ဆောင်ရွက်အကောင်အထည်ဖော်ပေးရန်လိုအပ်သည်။

တော်လှန်ရေးအလွန်ကာလတွင် လက်တွေ့ကျသော သက်မွေးပညာရပ်များကို ချက်ချင်းလက်ငင်း အမြန်ဆုံးအကောင်အထည်ဖော်ရန် ကြိုတင်ပြင်ထားနှင့်ကြရန်လိုအပ်သည်။

တော်လှန်ရေးကာလအလွန် ကျောင်းပညာရေးစနစ်ဘာသာရပ်သင်ရိုးညွှန်းတန်းများ၊ သင်ကြားသင်ယူရေးနည်းစနစ်များ၊ ပညာရေအခြေခံလိုအပ်ချက်များ၊ သင်ကြားသင်ယူမှုပတ်ဝန်းကျင်ဖန်တီးမှုနှင့် ပညာသင်အခွင့်အလမ်းများကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရာတွင် တိုင်းပြည်၏ ဘဏ္ဍာကို နှမျောခြင်းလုံးဝ မရှိစေရေး ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ပါကြောင်း နှိုးဆော်တင်ပြလိုက်ရပါသည်။

ဤဆောင်းပါးသည်း စာရေးသူ၏ အာဘော်နှင့် အမြင်သာဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ကလေးမြို့နယ်မှာ တစ်ရက်အတွင်း အရပ်သား လေးဦး ပစ်သတ်ခံရ၊ တစ်ပတ်အတွင်း သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

၂၈၊ ဖေဖော်ဝါရီ၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က ပစ်ခတ်သတ် ဖြတ်လို့ အရပ်သား လေးဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၁ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တစ်ပတ် ...

ဆက်ဖတ်ရန်