ကိုဗန်(တောင်ပေါ်မြေ)
၂၀၂၂ခုနှစ် ဩဂုတ်လ(၅)ရက်နေ့မှာ ပြည်တွင်းငွေလဲနှုန်းဟာ အမေရိကန်တစ်ဒေါ်လာကို ကျပ်(၂၆၀၀)ကျော်သို့ ရောက်ရှိလာခဲ့တယ်။
ဒီငွေလဲနှုန်းဟာ ၂၀၂၁ခုနှစ် အာဏာမသိမ်းမှီကာလတုန်းက တစ်ဒေါ်လာကို ကျပ်(၁၃၀၀)ဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် ငွေကြေးလဲလှယ်မှုနှုန်းဟာ (၂)ဆ မြင့်တက်လာတဲ့ အခြေအနေ ဖြစ်နေပြီ။
ပြောရရင် ၂၀၂၀ ခုနှစ်တုန်းက ပစ္စည်းတစ်ခု တန်ဖိုးသည် အမေရိကန်တစ်ဒေါ်လာ ကျသင့်ရင် အခု (၂)ဒေါ်လာ ပေးရတော့မှာပါ။
ဒေါ်လာ(၁၀၀၀)တန် ပစ္စည်းဆိုရင် ဒေါ်လာ(၂၀၀၀)ကျသင့်တော့မှာမို့ တော်တော်ကို ဆိုးရွားတဲ့ အခြေအနေလို့တောင် ဆိုနိုင်တယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံပဲ ဖြစ်ပြီး ကုန်ထုတ်လုပ်မှု စွမ်းအားနဲ့ နည်းပညာ မထုတ်နိုင်တာ၊ဆင်းရဲတဲ့ နိုင်ငံ တခု ဖြစ်တာကြောင့် ပြည်ပကနေ သွင်းကုန်အများအပြား တင်သွင်းနေရတာပါ။
လောင်စာဆီ၊ စားသုံးဆီ၊ ကား၊ ဖုန်း၊ ကွန်ပြူတာကနေ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းတွေအထိ ပြည်ပကနေ မှာယူတင်သွင်းနေရတာမို့ လက်ရှိ တစ်နှစ်ကျော်ကာလအတွင်း ကျပ်ငွေဈေးနှုန်း (၂)ဆနီးပါး တက်တဲ့ ဒါဏ်ဟာ ထိခိုက်မှု ကြီးပါတယ်။
ငွေလဲနှုန်းတွေ မြင့်တက်လာတာအပြင် စစ်ကောင်စီဟာ ဗဟိုဘဏ်ကနေ တဆင့် ရနိုင်သမျှ အမေရိကန်ဒေါ်လာတွေကို အကုန်သိမ်းတာကြောင့် လုပ်ငန်းတွေ၊ ကုမ္ပဏီတွေ အထိ ထိခိုက်ကုန်ပါတယ်။
သွင်းကုန်တင်သွင်းနေရသူတွေကိုလည်း ဒေါ်လာ ထုတ်မရောင်းပေးတော့သလို ပြည်ပပို့ကုန် ပို့သူတွေဆီကလည်း အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်(၁၈၅၀)နဲ့ ဈေးဖြတ်ဝယ်တာကြောင့်လည်း ကုန်သည်တွေ ဝယ်ဈေး၊ ရောင်းဈေးမမျှ ဖြစ်လာပြီး ရပ်နားကုန်ပါတယ်။
ဥပမာ ဆန်ဆိုရင် ပြည်တွင်းမှာ ဝယ်တဲ့ ဆန်ဈေးနှုန်းက မြင့်နေပြီး ငွေလဲနှုန်းက (၁၈၅၀)ကျပ်ပဲမို့ ပို့ဖို့လည်း မကိုက်၊ တင်ပို့ရောင်းချဖို့အတွက်ကလည်းအဆင်မပြေဖြစ်ကာ မတင်ပို့နိုင်ကြတော့တာ တွေ့ရတယ်။
ပြီးတော့ ပဲ ၊ပြောင်း လို စိုက်ပျိုးရေးထွက်ကုန်တွေ ပြည်ပပို့ရင် ငွေအရင်ဝင်ပြီးမှ ပို့ကုန်လိုင်စင်ထုတ်ပေးမယ် လို့ ထုတ်ပြန်တာကြောင့်လည်း နယ်စပ်ကနေ တင်ပို့သူတွေ အထိနာပြန်ပါတယ်။ ကုန်သည်တွေကတော့ အဆင်မပြေတွေ ဖြစ်ကုန်တာမို့ လုပ်ငန်းတွေ ရပ်နားတာ ရှိတာမို့ ပြည်တွင်းမှာ ပြောင်း ဈေးတွေပါ ကျဆင်းပြီး တောင်သူတွေပါ အထိနာလာပါတယ်။
ငွေလဲလှယ်တဲ့ နှုန်းထားတွေ မြင့်တက်လာရာမှာ အမေရိကန်ဒေါ်လာသာမက ထိုင်းဘက်ငွေ၊ တရုတ်ယွမ်ဈေးတွေအထိ အကုန်မြင့်တက်လာတာမို့ သွင်းကုန်တွေ ရပ်နားနေရပြီး အခြေအနေစောင့်ကြည့်နေရတယ်လို့ လုပ်ငန်းရှင်တစ်ချို့က ဆိုတယ်။
ငွေဈေးနှုန်း မတည်မငြိမ် ဖြစ်နေတာထက် ငွေဈေးက အတက်ကိုပဲ ဦးတည်သွားနေတာမို့ မနက်ဈေးနဲ့ ညနေ ဈေးနှုန်းတောင် မတူနိုင်တော့တဲ့အထိ ဖြစ်လာတာပါ။
လက်ရှိအခုလို ငွေလဲနှုန်းတွေ မြင့်တက်နေတာဟာ ငွေကြေးပိုင်းနဲ့ ပါက်သက်ပြီး လုပ်ဆောင်နေမှုတွေ မှားယွင်းနေတာကြောင့်လို့လည်း ပြင်ပငွေကြေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
တည်ငြိမ်အောင် ထိန်းသိမ်းရမယ့်အစား စီမံခန်ခွဲမှု တလွဲတွေကြောင့် အခုလို ဖြစ်နေတာ ဖြစ်ပြီး လက်ရှိ ငွေကြေးဈေးကွက်မှာ တရားဝင်က တစ်လိုင်း၊ တရားမဝင်က တစ်လိုင်း ဆိုပြီး သွားနေကြတယ် လို့ ဆိုတယ်။
မှောင်ခိုဈေးကွက် ကျယ်ပြန့်လာနေပြီး စီးပွားရေးသမားတွေကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေအတိုင်း လိုက်ပါဆောင်ရွက်ပြီး ဈေးနှုန်းမြင့်တက်တဲ့ ဒါဏ်ကိုတော့ ပြည်သူတွေက ခံစားရမှာပဲ လို့ ငွေကြေးလုပ်ငန်း လုပ်နေသူတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းထားကလည်း မြင့်တက်လာသလို အလုပ်အကိုင်တွေလည်း ဆုံးရှုံးတာ များပြီး အခြေခံစားသောက်ကုန်ဈေးတွေကလည်း တစတစ မြင့်တက်လာနေတာပါ။
နိုင်ငံတကာ အရေးယူပိက်ဆို့မှုတွေကြောင့်လည်း ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက်တွေ မြင့်တက်လာနေသလို စစ်ကောင်စီက ဒေါ်လာတွေ ကျပ်ငွေအဖြစ် ပြောင်းလဲ သိမ်းယူလိုက်တာကြောင့် ဆေးဝါး လို လူသုံးကုန် လို ကုန်စည်တွေ မသွင်းနိုင်တော့တဲ့ အခြေအနေ ရောက်လာပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှု အလွဲတွေ၊ ဒေါ်လာငွေလဲလှယ်နှုန်းကို နှုန်းရှင် သတ်မှတ်ရာမှ နှုန်းသေ သတ်မှတ်တာတွေ၊ ပို့ကုန်ရငွေတွေကအစ သတ်မှတ်ထားတဲ့ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်(၁၈၅၀)နဲ့ သိမ်းယူတာတွေကြောင့် ဈေးကွက်မှာ ဒေါ်လာရှားလာပြီး လိုအပ်ချက်လည်း ပိုမြင့်တက်လာခဲ့တယ်။
ဈေးကွက် သဘောအရ ဝယ်လိုအားများလာရင် မြင့်တက်တဲ့ သဘောကြောင့် ဗဟိုဘဏ် က အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ(၁၈၅၀) နဲ့ မရနိုင်တော့ပဲ ပြင်ပမှောင်ခိုဈေးကွက် ကြီးထွားလာကာ တစ်ဒေါ်လာကို ကျပ်(၂၆၀၀)ကျော်အထိ ရောက်ရှိလာခဲ့ပါတယ်။
ဒီနှုန်းဟာ တစ်နှစ်ကျော်အတွင်း ငွေလဲနှုန်း နှစ်ဆ မြင့်တက်လာတဲ့ အခြေအနေဖြစ်ပြီး ပြည်ပ သွင်းကုန်ဈေးနှုန်းတွေကလည်း နှစ်ဆကျော် မြင့်တက်လာတဲ့ အခြေအနေပါ။
ဒီအခြေအနေကို မဖြေရှင်းနိုင်ဘူး ဆိုရင် လက်ရှိ ငွေလဲလှယ်နှုန်းဟာ အတက်ဈေးသာ ဆက်ရှိနေမယ် လို့ ခန့်မှန်းထားကြတာမို့ ဆက်ပြီး မြင့်တက်လာမယ့် သဘောကိုလည်း တွေ့ရတယ်။
မှောင်ခို ငွေကြေးဈေးကွက်ကတော့ ဆက်ကြီးထွားလာနေပြီး မဖြစ်မနေ ဒေါ်လာလိုအပ်နေတာမို့ လုပ်ငန်းရှင်တွေကအစ မှောင်ခိုဈေးကွက်ကို အမှီပြုလာနေရတဲ့ အခြေအနေ ဖြစ်လာနေပါတယ်။
ဒီအခြေအနေက ဆယ်စုနှစ် တစ်ခုလောက် ငွေကြေးနဲ့ ပါက်သက်ပြီး ဆောင်ရွက်တည်ဆောက်ခဲ့တဲ့ အရာတွေ အကုန်ပျက်ဆီးသွားတာမို့ မြန်မာနိုင်ငံ ဘဏ် နဲ့ ငွေရေးကြေးရေးကဏ္ဍဟာ ပျက်ဆီးနေပြီလို့တောင် ဆိုနိုင်ပြီး ၂၀၁၃ခုနှစ် မတိုင်မှီက အခြေအနေတွေကို ပြန်ရောက်လာနေပါတယ်။
ဘဏ္ဍရေးဆိုင်ရာ ဆောင်ရွက်ခဲ့ရ ၊တည်ဆောက်ခဲ့ရတဲ့ ကဏ္ဍတွေ ၊မှတ်တိုင်တွေ တခုပြီး တခု ပြိုလဲသွားတာ မြင်နေရတဲ့ သဘောပါ။ ဒါတွေကို စနစ်တကျနဲ့ ပြန်တည်ဆောက်ဖို့ လိုနေသလို ကျဆင်းနေတဲ့ စီးပွားရေးကိုကအစ အသေအချာ ပြန်မွမ်းမံဖို့ လိုနေပါတယ်။
လက်ရှိအခြေအနေတိုင်းသာ ဆက်သွားနေရင် လာမယ့် ခြောက်လအတွင်းမှာကို ငွေကြေးဖောင်းပွမှု၊အမေရိကန်ဒေါ်လာ လိုအပ်ချက် ကြီးထွားမှုကြောင့် ရရှိလာမယ့် အကျိုးဆက်တွေကို ပြည်သူတွေ ပိုခံစားလာရဖို့ ရှိနေတာ သိဖို့ လိုပါတယ်။
လက်ရှိကာလမှာတောင် ကုန်ဈေးနှုန်း မြင့်တဲ့ ဒါဏ်၊ငွေကြေးတန်ဖိုးကျတဲ့ ဒါဏ်နဲ့ စီးပွားရေးကျဆင်းတဲ့ ဒါဏ်တွေအထိ အောက်ခြေပြည်သူတွေ ခံစားလာနေရပါပြီ။
ငွေလဲလှယ်နှုန်းတွေဟာ ဗဟိုဘဏ် သတ်မှတ်တဲ့ ဈေးနဲ့ မှောင်ခိုဈေးကွက် သတ်မှတ်ချက်နဲ့ အဆမတန်ကွာဟနေတာက ရေရှည် ပြသာနာရှိပါတယ်။ လက်ရှိမှာတောင် တစ်ဒေါ်လာကို ကျပ်(၇၅၀)လောက် ကွာဟနေတာမို့ ငွေတန်ဖိုးရဲ့ (၃၅)ရာခိုင်နှုန်းလောက်ထိ ရှိနေပါတယ်။
ဒီအချက်ဟာ အစိုးရ စီမံကိန်းတွေနဲ့ ပြင်ပ စီမံကိန်းတွေမှာ လုပ်ဆောင်တဲ့အခါ ငွေကြေးကွာဟချက်ကြောင့် အထိနာလာနိုင်ပြီး နိုင်ငံစီးပွားရေးဟာ မှောင်ခိုလုပ်ငန်းတောင် ဖြစ်လာမယ့် သဘောမှာ ရှိနေတာပါ။
ဒီအကျိုးဆက်တွေဟာ တိုင်းပြည် စီးပွားရေးအပေါ် ရေရှည် ထိခိုက်စေလာမှာ ဖြစ်ပြီး ပြန်လည်တည်ဆောက်ဖို့အတွက်တောင် နှစ်ပေါင်းများစွာ အချိန်ပြန်ယူရအုန်းမယ့် သဘောရှိနေတာမို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုနေပြီလို့ ဆိုပါရစေ။