ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းအမှား

ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်မှာ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ဖလမ်းမြို့ကို မနေ့ ဒီဇင်ဘာလ ၂၅ ရက်က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ ဒီဇင်ဘာလ ၂၅ရက်နေ့က သတင်းမီဒီယာတစ်ခုမှာ ရေးသားဖော်ပြထားပါတယ်။

သတင်းကို အင်္ဂလိပ်ဘာသာနဲ့ “ချင်းပြည်နယ်၊ မဟာဗျူဟာမြောက်သည့် ဖလမ်းမြို့ကို ချင်းညီနောင်က သိမ်းပိုက်လိုက်ပြီ။”လို့ ရေးသားဖော်ပြထားပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်၊ နေ့လယ် ၁၂နာရီအချိန်ထိ အဲ့ဒီသတင်းကို Reaction ပေးသူ ၁၈၄ ဦး၊ မှတ်ချက် ၁၉ ခု နဲ့ မျှဝေသူ ၄၂ ခု ရှိပါတယ်။

စိစစ်တွေ့ရှိချက်

_________

Zalen Fact – Checking Team က စိစစ်တဲ့အခါ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က မနေ့ ဒီဇင်ဘာလ ၂၅ရက်နေ့အထိ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း မတွေ့ရှိရသေးပါ။

ဒါ့အပြင် လွတ်လပ်တဲ့ ဒေသတွင်း ချင်းမီဒီယာတွေမှာ ရေးသားဖော်ပြတာ မရှိပါ။

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ပြန်ကြားရေးတာဝန်ရှိသူတွေဆီ ဆက်သွယ်ကြည့်ရာ ဖလမ်းမြို့ကို ယခင်ရက်အတိုင်း ထိုးစစ်ဆင်ပြီး မြို့ကိုထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

“မြို့ကို သိမ်းပြီဆိုတာ သတင်းအမှားပါ။ မြေပြင်မှာ ပုံမှန်ပါပဲ။ တကယ်လို့ မြို့ကို သိမ်းတယ်ဆိုရင် ချင်းညီနောင်အဖွဲ့ကနေ တရားဝင် ထုတ်ပြန်မှာဖြစ်တယ်။”လို့ CNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုထားပါတယ်။

ဖလမ်းမြို့ သိမ်းပိုက်ရရှိထားတယ်ဆိုတဲ့ သတင်းကို ချင်းညီနောင်အဖွဲ့က တရားဝင် ထုတ်ပြန်ထားခြင်းမရှိသရွေ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတဲ့ သတင်းတွေဟာ သတင်းအတုတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်လိုက်ခြင်းမဟုတ်ဘဲ ကျင်မွှာလ် အ.ထ.က (၂)ကျောင်းမှာ စစ်ကူလာချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းညီနောင်အဖွဲ့က လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပါတယ်။

“ကျင်မွှာလ် အ.ထ.က (၂)ကျောင်းမှာစစ်ကူလာချတဲ့ စစ်ကောင်စီတပ်သား အင်အား တစ်ရာလောက်ကို အပြတ်ရှင်းလိုက်တယ်။ အရှင်ဖမ်းမိတာများတယ်။ လက်နက်ခဲယမ်းသိမ်းတာလည်းများတယ်။ ထွက်ပြေးတဲ့သူတွေလည်း ဖမ်းနေတယ်။ အဲ့ဒါကို မြို့သိမ်းတာလို့ ထင်မှားတာနေမယ်။”လို့ နောက်ထပ် CNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖလမ်းမြို့ အားလုံးစုံ သိမ်းပိုက်ရရှိဖို့အရေးအတွက် စစ်ကောင်စီရဲ့ ၂၆၈ တပ်ရင်း စခန်းကုန်းတစ်ခု ကျန်ရှိနေသေးပြီး ယခင်ရက်အတိုင်း ချင်းညီနောင်ဖွဲ့က ထိုးစစ်တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

သုံးသပ်ချက်

_________

ချင်းပြည်နယ်၊ မဟာဗျူဟာမြောက်တဲ့ ဖလမ်းမြို့ကို ချင်းညီနောင်က သိမ်းပိုက်လိုက်ပြီ ဆိုတဲ့ ရေးသားထားတဲ့ သတင်းကိုဖတ်ကြည့်လိုက်တဲ့ခါ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အတည်ပြု ပြောဆိုချက်တွေ မတွေ့ရှိရဘဲ သတင်းအရင်းမြစ်တွေဆီက ကိုးကားပြီး ရေးသားထားတာတွေ တွေ့ရပါတယ်။

အထက်ပါ CNDF တာဝန်ရှိသူတွေ ပြောဆိုချက်အရ ဒီဇင်ဘာလ ၂၅ ရက်နေ့ထိ ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဆိုတဲ့ အချက်အလက်မှာ မှားယွင်းနေပါတယ်။

စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်