မဏီပူရ်ပြည်နယ်တွင် ကသည်းနဲ့ ချင်းအနွယ်ဝင်များ အဓိကရုဏ်းဖြစ်ပွားလို့ မိုးရေးမြို့နဲ့အခြားမြို့တွေမှာ ပစ်ခတ်မှုနဲ့မီးလောင်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်တွင် ကသည်းလူမျိုးနဲ့ ချင်းအနွယ်ဝင် ကူကီး၊ ပိုင်သဲ(ဇိုမီး)များကြား ယနေ့ မေ ၃ ရက်တွင် အဓိကရုဏ်းဖြစ်ပွားလို့ မြန်မာနယ်စပ် မိုးရေးမြို့အပါအဝင် အခြားမြို့များတွင် မီးလောင်မှုဖြစ်ပွားလို့ ခရိုင် ၅ ခုတွင် ညမထွက်ရအမိန့် သတ်မှတ်လိုက်တယ်လို့သတင်းရရှိပါတယ်။

မဏီပူရ်ပြည်နယ်အစိုးရက ချင်းအနွယ်ဝင် ကူကီးနဲ့ ပိုင်သဲ (ဇိုမီး)လူမျိုးအများစုနေ ထိုင်တဲ့ တောင်တန်းဒေသကို သစ်တောဧရိယာအဖြစ်သတ်မှတ်လို့ ယင်းဥပဒေ ပြဌာန်းချက်ကိုမကျေနပ်လို့ဆန္ဒပြရာကနေ အခုလို အဓိကရုဏ်းဖြစ်ပွားတာဖြစ်ပါတယ်။

ယင်းဥပဒေကြောင့် တောင်တန်းဒေသမှာနေထိုင်တဲ့ ချင်းအနွယ်ဝင်များနေထိုင်တဲ့ ကျေးရွာများဖြတ်သိမ်းခံရနိုင်တဲ့အခြေအနေရင်ဆိုင်ကြပါတယ်။

ယနေ့ မေလ ၃ ရက် မနက်ပိုင်းတွင် တစ်ပြည်နယ်လုံးမှာ ကူကီး၊ ပိုင်သဲ၊ နာဂလူမျိုးများက လမ်းပေါ်ထွက်ဆန္ဒပြကြရာ နေ့လည်ပိုင်းတွင် ကသည်းလူမျိုးများက ပိုင်သဲလူမျိုးများနေထိုင်တဲ့ အင်ဖာလ်ခရိုင် Kangvai ကျေးရွာတရွာလုံးနီးပါး မီးရှို့လို့ကလေးငယ်တစ်ဦးသေဆုံးသွားပါတယ်။

မြန်မာနယ်စပ် မိုးရေးမြို့မှာလည်း ကူကီးလူမျိုးများက ဆန္ဒပြကြရာ မိုးရေးမြို့အထက်စျေးမီးရှို့ခံရပြီး သေနတ်သံတွေလည်းကြားရတယ်လို့သိရတယ်။ ဒါကြောင့် မဏီပူရ်ပြည်နယ် ခရိုင် ၅ ခုကို ယနေ့ညကစပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားကာ ၅ ရက်ကြာအင်တာနက်ဖြတ်တောက်မယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။

ယင်းဥပဒေနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်က လူမှုရေးအဖွဲ့အစည်းနဲ့ ကျောင်းသားအဖွဲ့အစည်းများက မဏီပူရ်ပြည်နယ်အစိုးရက တောင်တန်းဒေသလူမျိုးစု အပေါ်လုပ်ဆောင်ချက်ကို ကန့်ကွက်ရှုပ်ချတဲ့ကြေညာချက်များထုတ်ပြန်ကြပါတယ်။

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်