မလေးရှားရောက်မြန်မာတွေရဲ့ ဝင်ငွေခွန်ကို  ခြောက်လစာ ပေါင်းဆောင်ရမယ်လို့ မြန်မာသံရုံးထုတ်ပြန်

၁၈၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

မလေးရှားနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ်သမားတွေကို လစဉ်လစာရဲ့ ဝင်ငွေအပေါ်ကို အခွန် နှစ် ရာခိုင်နူန်း ပေးဆောင်ရမယ်လို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးက ဒီဇင်ဘာ ၁၇ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ဝင်ငွေခွန်စည်းကြပ်ကာလဖြစ်တဲ့ ၂၀၂၃ ခု အောက်တိုဘာ ကနေ ၂၀၂၄ မတ်လအထိ ဝင်ငွေခွန်ကို ၂  ရာခိုင်နှုန်း စတင်ကောက်ခံသွားမယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ်ကိစ္စအပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေကို ဝင်ငွေခွန်ပေး ဆောင်မှ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

“ သူတို့က အခွန်လိုချင်တော့ ပတ်ပို့စ်နဲ့ အကြပ်ကိုင်တာပေါ့။ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ ဒီဘက်ကို အလုပ်လာလုပ်ရတာ။ လစာကလည်း တခြားနိုင်ငံတွေလောက် ကောင်းတာမဟုတ်ဘူး။ နေစရိတ်၊ စားစရိတ်ဖယ်ရင် အိမ်ကို ပို့ဖို့တောင် ဘာမှသိပ်ကျန်တာမဟုတ်ဘူး။ သူတို့က ခြောက်လစာ ပေါင်းကောက်မယ်ဆိုတော့ တော်တော်အဆင်မပြေဘူး။ ” လို့ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမား တစ်ဦးက ပြောပါတယ်။

မလေးရှားနိုင်ငံရှိ စစ်ကောင်စီသံရုံးက လစာဝင်ငွေခွန်ပေးဆောင်ထားသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ အိမ်၊ ခြံ၊ မြေ၊ မော်တော်ယာဥ် စတာတွေဝယ်ယူရာမှာ ဝင်ငွေရလမ်း စိစစ်မှုခံယူချိန် အခွန်ဆောင်ထားတဲ့ အထောက်အထား တင်ပြနိုင်ရင် ငွေဖြူအနေနဲ့ ခံစားခွင့်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ သွားရောက်အလုပ်လုပ်နေတဲ့ မလေးရှားအပါအဝင် ကိုးရီးယား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံရှိ စစ်ကောင်စီရဲ့ မြန်မာ သံရုံးတွေကလည်း ဝင်ငွေခွန် နှစ် ရာခိုင်နှုန်းစီ ပေးဆောင်ဖို့ ကြေညာထားပြီး စတင်ကောက်ခံနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ပရောက် မြန်မာလုပ်သားတွေကိုလည်း လစဥ်လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ တရားဝင်လွှဲပို့ဖို့ ညွန်ကြားထားပါတယ်။

သတင်း – HeiSok Khai

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်