မြန်မာနိုင်ငံသို့ စွန့်ပစ်ခံရသော အနောက်နိုင်ငံက ပလတ်စတစ်အမှိုက်

Willings ဘာသာပြန်သည်။

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာတော့ များပြားလှတဲ့ အမှိုက်ပုံကြီးများဟာ မိုးရာသီတွင် ရေမြှောင်းများကို ပိတ်ဆို့နေပြီး နွေရာသီမှာတော့ မီးလောင်နိုင်တဲ့ အန္တရာယ်ရှိသော အမှိုက်ပုံကြီးများစွာ တိုးလာနေပါတယ်။

အမှိုက်အများစုကတော့ နိုင်ငံတကာက ပလတ်စတစ်ထုတ်လုပ်မှုကနေ ဖြစ်ပေါ်လာသော အမှိုက်များဖြစ်ပါတယ်။ ဒီပလတ်စတစ်အမှိုက်များဟာ တစ်နှစ်ကို နှစ်ဆတိုးနေပြီး တန်ချိန်အပေါင်း ၄၆၀ သန်းအထိ ရှိပါတယ်။

“အရင်တုန်းကတော့ မိုးရာသီရောက်ရင် လယ်ကွင်းထဲကနေ တောင်ကြာကလေးပင်ကို ကောက်လေ့ရှိတယ်။ ဒါပေမယ့် ဒီပလတ်စတစ်အမှိုက်တွေကြောင့်၊ ခုတော့ တောင်ကြာကလေးပင်တောင် မစားနိုင်တော့ဘူး။ ခုတော့ ရတာဆိုလို့ အနံ့ဆိုးပဲ ရှိတော့တယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီတစ်ပတ်အတွင်းမှာပဲ Lighthouse Reports နဲ့ အခြားမိတ်ဖက် အဖွဲ့အစည်း ၆ ခုက ဦးဆောင်ပြီး ပြုလုပ်ခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံတွင် ရောက်နေသော အမှိုက်များဟာ အနောက်နိုင်ငံကနေ ပို့လာတဲ့ ပလတ်စတစ်အမှိုက်များဖြစ်ကြောင်း ပြောပါတယ်။

Danone ကုမ္ပဏီက ထုတ်သော ဒိန်ချဉ်ကနေ Spomlek ကုမ္ပဏီက ထုတ်သော ဒိန်ခဲတို့လို ထုတ်ကုန်များတွင် ပလတ်စတစ်များကို လိုအပ်တာထက် ပိုထည့်ပြီး အနောက်နိုင်ငံများဟာ ဆင်းရဲသော နိုင်ငံများသို့ အမှိုက်ပို့နေတာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံသားများပိုင်တဲ့ ဗြိတိန်နိုင်ငံက ကုန်တိုက်ကြီးဖြစ်တဲ့ Lidl နဲ့ ကနေဒါနိုင်ငံက Unico ကုမ္ပဏီတို့က ပေးပို့လိုက်သော ပလတ်စတစ်များကိုလည်း တွေ့ရပါတယ်။ ပလတ်စတစ်အများစုဟာ မြန်မာနိုင်ငံတွင် ထုတ်လုပ်လိုက်သော ပလတ်စတစ်များမဟုတ်ပါဘူး။

 ဒါပေမယ့် ပလတ်စတစ်များဟာ ပြန်လည်ပြုပြင် ထုတ်လုပ်မှု မလုပ်နိုင်သော ပလတ်စတစ်များကို တင်ပို့မှု မပြုလုပ်ရန် ဥပဒေက တားမြစ်ထားသော်လည်း မြန်မာနိုင်ငံမှာတော့ အနောက်နိုင်ငံများကနေ ဝင်လာသော ပလတ်စတစ်များကို တွေ့နေရတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တွင် နိုင်ငံခြားက ပလတ်စတစ်ကို လက်ခံတော့မှာမဟုတ်ကြောင်း တရုတ်က ကြေညာခဲ့ပြီးနောက် ဒီလို တားမြစ်မှုကိုလည်း စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့ရှိ ပလတ်စတစ်များကို ပြန်လည်ပြုပြင်ထုတ်လုပ်ပေးသော စက်ရုံများရဲ့ ပြောဆိုချက်အရ ပြန်လည်ထုတ်လုပ် သုံးစွဲလို့မရသော ပလတ်စတစ်များကို စွန့်ပစ်လိုက်ရကြောင်း Lighthouse Reports ကို ဝန်ခံ ပြောပြပါတယ်။

အနောက်နိုင်ငံကနေ မြန်မာနိုင်ငံသို့ ပလတ်စတစ်များ ဘယ်လိုဝင်ရောက်လာသလဲ? ပမာဏ ဘယ်လောက်ခန့်ရှိသလဲ? ဆိုတာကတော့ အတိအကျ ပြောရန် ခက်ခဲပါတယ်။ စုံစမ်း စစ်ဆေးချက်များအရ မြန်မာနိုင်ငံသို့ တရားမဝင် ပလတ်စတစ်များ အများဆုံး ဝင်ရောက်လာသည့် လမ်းကြောင်းကတော့ ထိုင်းနိုင်ငံကတစ်ဆင့် ဝင်ရောက်လာတာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂထုတ်ပြန်ထားသော အချက်အလက်များအရ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ပလတ်စတစ်အမှိုက်အများစုဟာ ထိုင်းနိုင်ငံကနေ တစ်ဆင့် ဝင်ရောက်လာတာလို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်တွင် တန်ချိန်ပေါင်း ၇၅၀၀ ခန့်ရှိတဲ့ ပလတ်စတစ်များ တင်သွင်းခံရပါတယ်။ ဒါပေမယ့် မိုင်ပေါင်း ၁၄၉၀ ခန့် ရှည်လျားတဲ့ ထိုင်းနဲ့ မြန်မာနယ်နိမိတ်ဟာ ဝင်ပေါက်ထွက်ပေါက်များစွာရှိသော နယ်နိမိတ်တစ်ခုဖြစ်ပြီး လူကုန်ကူးမှုနဲ့ အခြား တရားမဝင် ကုန်သွယ်မှု ပြုလုပ်နေသောသူများနဲ့ ပြည့်နှက်နေပါတယ်။

Lighthouse Reports က ထုတ်ပြန်ထားသော အချက်အလက်တွင် နိုင်ငံလုံးက တာဝန်ရှိသူများဟာ အနောက်နိုင်ငံများကနေ ဝင်ရောက်လာသော ပလတ်စတစ်အမှိုက်နဲ့ပတ်သက်ပြီး စစ်ဆေးမှုအနည်းငယ်သာ ပြုလုပ်နေကြောင်း ပြောပါတယ်။

“ကောက်ယူထားတဲ့ အချက်အလက်တွေဟာ အများအားဖြင့် ရက်လွန်နေပြီဖြစ်တယ်။ ပြီးတော့ အဲ့အချက်အလက်တွေကိုလည်း ပြန်လည်စစ်ဆေးမှုများ မလုပ်တော့ပါဘူး” လို့ Interpol ရဲ့ Pollution Crime Working Group တွင် ဒုဥက္ကဌအဖြစ် အလုပ်လုပ်ဖူးသော ဝီလီးဝီလ်ဆင်က ပြောပါတယ်။

သူကတော့ ကုလသမဂ္ဂက ကောက်ယူထားသော အချက်အလက် တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပဲ ကုန်သွယ်မှုနဲ့ ပတ်သက်သော အချက်အလက်များအားလုံးပါဝင်တယ်လို့ ဆိုလိုတာပါ။

“ကျွန်တော်တို့မှာ အတည်ပြုချက် မရှိတဲ့ အချက်အလက်မှားများပဲရှိတယ်၊ ဒါဟာ ထင်သာမြင်သာနေရာမှာ ပေါ်ပေါ်တင်တင် အမှိုက်စွန့်ပစ်ခွင့်ပေးထားတဲ့ လိုင်စင်ပါပဲ” လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်များနဲ့ ထိုင်းအစိုးရက ထုတ်ပြန်ထားသော ကုန်သွယ်ရေးပမာဏဟာ ကန်ဒေါ်လာ ၁.၆၃၉ ဘီလီယံအထိ ကွာဟမှုရှိနေပါတယ်။ ဒါဟာ တရားမဝင် ကုန်သွယ်မှုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရွှေပြည်သာမြို့တွင် နေထိုင်သော ပြည်သူများရဲ့ ပြောဆိုချက်အရ ဒီပလတ်စတစ်အမှိုက်အများစုဟာ ပလတ်စတစ်စက်ရုံများကနေ အများအားဖြင့် ရောက်လာတာဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ဒီလို ကိစ္စများနဲ့ပတ်သက်ပြီး ဆန္ဒပြမှု လုပ်ပါက ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်တွင် ရှိနေသော မြန်မာနိုင်ငံတွင် အလွန်အန္တရာယ်များပါတယ်။ ရွှေပြည်သာမှာတော့ ပလတ်စတစ်စွန့်ပစ်မှုကြောင့် ဘောလုံးကွင်းကနေ ပလတ်စတစ်အမှိုက်စွန့်ပစ်ရန် နေရာအဖြစ် ပြောင်းလဲသွားသော နေရာလည်း ရှိနေပြီလို့ ဒေသခံတစ်ဦးကတော့ ပြောပါတယ်။

“ရေရှည်အတွက် မကောင်းဘူးဆိုတာ ကျွန်မတို့သိတယ်။ ဒါကို မဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ကျွန်မတို့က ဘာမှ လုပ်လို့မရဘူးလေ” လို့ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောပါတယ်။

မှတ်ချက်။ AFP ကရေးသားထားသော ‘Licence to hide’: Western plastic waste dumped in Myanmar ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။

နောက်ဆုံးရသတင်းများ

တီးတိန်မြို့အတွက် မတူပီမြို့က ပေးတဲ့ သင်ခန်းစာ 

Taawl ရေးသည်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်ဟာ လူမျိုးနွယ်စုအများဆုံး၊ ဘာသာစကားအများဆုံးနှင့် မတူညီတဲ့ ယဉ်ကျေးဓလေ့ထုံးတမ်း အများဆုံး ရှိသော မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီလို မျိုးနွယ်စုများစွာ၊ မတူညီတဲ့ ဘာသာစကားများစွာရှိခြင်းဟာ အပြန်အလှန် အသိအမှတ်ပြုမှုများ ရှိပါက ခွန်အားတစ်ခု ဖြစ်လာနိုင်ပေမဲ့ ...

ဆက်ဖတ်ရန်