ယနေ့အထိ လွဲမှားနေသော အာဏာတည်ဆောက်ရေး အယူအဆ

Khaisa ရေးသည်။

နယ်ချဲ့အင်္ဂလိပ်တို့ထံမှ ဗမာပြည် လွတ်လပ်ရေးလွှဲပြောင်းရယူခဲ့စဥ်က အမျိုးသားပြည်ထောင်များဖြစ်သည့် ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်းတို့အနေဖြင့် ပြည်ထောင်စုအဖြင့် ပူးပေါင်းပြီး ပြည်ထောင်စုစနစ်ဖြင့် နိုင်ငံတော်တည်ဆောက်ရန် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ပင်လုံစာချုပ်ပါအချက်အလက်များကို လက်တစ်လုံးခြားကွက်ကျော်ရိုက်ပြီး တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ယူကာ ၁၉၄၇ ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲပြဌားန်းလိုက်ကြသည်။ပထမဆုံးသော ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်း ချက်များ၏ လှည့်ကွက်များ၊ မတရားမှုများ၊ မမျှတမှုများကို သဘောပေါက်ခဲ့သည့် ကရင်လူမျိုးများကဲ့သို့သော အမျိုးသားပြည်ထောင်များက တော်လှန်ရေးစတင်ခဲ့ကြပြီး မရှေးမနှောင်းမှာပင် ကချင်လူမျိုးများကလည်း စတင်တော်လှန်ခဲ့ကြတာကို နိုင်ငံ ရေးနှင့် တော် လှန်ရေးသမိုင်း၊ ပြည်ထောင်စုသမိုင်းနောက်ခံများကို ​ပြန်လှန်လေ့လာခြင်းအားဖြင့် သိရှိနိုင်ပါသည်။ များမကြာမှီ ​ဗိုလ်နေဝင်းက အာဏာ သိမ်းလိုက်ပါသည်။ ပြည်ထောင်စုမပြိုကွဲရေးမူကို အကြောင်းပြဆုပ်ကိုင်လိုက်ပြီး မြန်မာ့နိုင်ငံရေးနှင့်အုပ်ချုပ်ရေးကို ဗမာလူမျိုး၊ ဗမာအမျိုးသားကြီးစိုးချုပ်ကိုင်ရေးမူဝါဒကို ဗမာစစ်တပ်ကျောထောက်နောက်ခံဖြင့် စတင်တည် ဆောက်လိုက်ပါတော့၏။

၁၉၇၄ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်တစ်ဖန်ရေးဆွဲအတည်ပြုပြဌာန်းခဲ့ပြီး နိုင်ငံ ရေးအဆောက်အဦးပုံစံသစ်ကို ထပ်မံတည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြန်ပါသည်။ ထို့နောက်ပိုင်းတွင်ကား အကျိုးဆက်အနေဖြင့် အမျိုးသားပြည်ထောင်တိုင်း ​EAO အဖွဲ့အစည်းများအသီးသီး ပေါ်ပေါက်စေခဲ့သည်ကို တွေ့ရသည်။ နောက်တဖန် ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထပ်မံရေးဆွဲအတည်ပြုပြဌာန်းခဲ့ကြပြီး နိုင်ငံရေးလမ်းကြောင်းကို ပြောင်းလဲကျင့်သုံးခဲ့ပြန်ပါသည်။ လွတ်လပ်ရေးခေတ်အလွန်၏ရေးဆွဲအတည်ပြုပြဌာန်းထားသော နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၃ ခုစလုံးကို အတိအကျ လေ့လာပါက ဗမာ့တပ်မတော်၏ အခွင့်အာဏာကို တ​ဆင့်ချင်း နိုင်ငံရေးအာဏာနယ်ချဲ့ထားသည်ကို တွေ့ရှိရမည်ဖြစ်သကဲ့သို့ ဗမာလူမျိုးများ၏ နိုင်ငံရေးအခွင့်အရေးကိုလည်း တဆင့်ချင်း ကျယ်ပြန့်စွာ ဖြန့်ကျက်ထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ဗမာလူမျိုးများကြီးစိုးရေးနှင့် စစ်တပ်၏ အကျိုးစီးပွားအာဏာနယ်ပယ်ချဲ့ထွင်မှုကို စနစ်တကျ ချိတ်ဆက်ထားသည်ကို တွေ့ရမည် ဖြစ်၏။

ထို့ကြောင့်ပင် EAO အဖွဲ့အစည်းများလည်း တဆင့်ချင်းဖြင့် များပြားလာကြခြင်း ဖြစ်ပါသည်။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ​အခြေခံဥပဒေက တိုင်းရင်း သားများ၏ မူလရပိုင်ခွင့်နှင့် ဖြစ်တည်မှုကို တဆင့်ချင်း ဖယ်ရှားပြီး စစ်တပ်နှင့်ဗမာလူမျိုးကြီးစိုးရေးကို တဆင့်ချင်း နယ်ချဲ့နေခြင်းသည် EAOs အများအပြား တိုးပွားလာခြင်းက သက်သေအဖြင့် မီး မောင်းထိုးပြထားပါသည်။ ထို့ကြောင့် ခြေ/ဥ ပြဌာန်းချက်နှင့် EAOs များပြားလာခြင်းသည်တိုက်ရိုက်အချိုးကျသည်ဟု ကောက်ချက်ချနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ရေးဆွဲပြဌာန်းသော ခြေ/ဥ ၃ ခုစလုံးသည် နိုင်ငံရေးအရ ခိုင်မာသော အုတ်မြစ်ကို ချပေးနိုင်စွမ်းမရှိရုံသာမက နိုင်ငံရေးပဋိပက္ခပြဿနာကိုသာ ဆောင်ကျဥ်းပေးခြင်းကို ကြည့်ခြင်းအားဖြင့် ခိုင်မာသောကိုယ်စားပြုမှု မရှိခြင်းနှင့် ခိုင်မာ၍ တန်းတူညီမျှမှု အခြေမခံခြင်းကို ဖော်ပြနေပေ၏။

ဒို့တာဝန်အရေး ၃ ပါးသည် စစ်တပ်အာဏာချုပ်ကိုင်ရေးလမ်းစဥ် မူ ၃ ရပ်သာဖြစ်ပါသည်။ ထို့အတူ ဒို့တာဝန်အရေး ၃ ပါးကြောင့် EAOs များပေါ်ထွက် လာခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒို့တာဝန်အရေး ၃ ပါးကို နိုင်ငံရေးအရနှင့် အုပ်ချုပ်ရေးအရ ကိုယ်စားပြုထားသည်မှာ ဗမာ့စစ်တပ်အကျိုးစီးပွားနှင့် ဗမာအမျိုးသားအကျိုးစီးပွားဖြစ်နေသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့သောလူမျိုး၊ လူမျိုးစု၊ လူမျိုးနွယ်စု ကြွယ်ဝများပြားပြီးအမျိုးသားရေးလက္ခဏာမတူညီ၊ သမိုင်းကြောင်းမတူညီ၊ ယာဥ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အစဥ်အလာမတူညီ၊ အယူအဆနှင့် ဖြစ်တည်မှုမတူညီသည့် ပြည်ထောင်စုနိုင်ငံကို အမျိုးသားရေးလက္ခ ဏာ၊ သမိုင်းကြောင်း၊ ယာဥ်ကျေးမှုတူညီသည့် အမျိုးသားနိုင်ငံကဲ့သို့ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးပုံစံတစ်ခုအဖြင့် ပုံဖော်ရန်ကြိုးစားသွပ်သွင်းနေခြင်းဖြင့် စစ်တပ်လိုချင်သော အယူအဆတစ်ခုဆီသို့ ဦးတည်သွားစေခဲ့သည်။ ၎င်းအယူအဆမှာ သက်ဆိုင်ရာ လူမျိုးနှင့်ကိုက်ညီသော နိုင်ငံရေးနှင့်အုပ်ချုပ်ရေးပုံစံကို မဖော်ဆောင်ပေးဘဲ လူမျိုးများ ပြားခြင်းကို နိုင်ငံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတစ်ရပ်အဖြင့် ချည်းကပ်ရှုမြင်​ အကြောင်းပြကာဒို့တာဝန်အရေးသုံးပါးကို ထုတ်ဖော်လက်ကိုင်ပြုပြီး တစ်ပြည်ထောင်စနစ်ဖြင့် အမျိုးသားနိုင်ငံကိုဦးတည်ပစ်လိုက်ခြင်းဖြစ်သည်။ ဗမာ့တပ်မတော်နှင့် ဗမာအမျိုးသားအကျိုးစီးပွားကို အရင်းတည်အသုံးချ၍ တိုင်းပြည်မပြိုကွဲရေးကို ဗမာ့တပ်မ တော်မှ သမိုင်းပေးတာဝန်အရ ဆောင်ရွက်သည်ဟု ချည်းကပ်လိုက်ပြီး တပ်မတော်သာ အမိ တပ်မ တော်သာ အဖဆိုသည့် ​​ဆောင်ပုဒ်ကို အတိအလင်း ဖော်ထုတ်လိုက်ပါတော့၏။ ပြည်ထောင်စုနိုင်ငံ တော်၏ အာဏာအလုံးစုံကို ရယူချုပ်ကိုင်ပြီး ကိုယ်လိုချင်သော နိုင်ငံရေးနှင့်အုပ်ချုပ်ရေးပုံစံကိုအတင်းအတ္တမဖော်ဆောင်ခြင်းဖြင့် နိုင်ငံရေးပြဿနာများ သပွတ်အူကဲ့သို့ အချင်းချင်း ရှုပ်ထွေးစေကာ ကြားကစားခြင်းဖြင့် အာဏာတည်မြဲအောင်တည်ဆောက်ခဲ့ပါသည်။ သွေးခွဲစနစ်၊ တပည့်မွေးစနစ်၊ အကျိုးတူပူးပေါင်းမှုစနစ်တို့ကို ဟန်ချက် ညီညီကစားမှုအောက်တွင် တိုင်းရင်းသားများ၏ နိုင်ငံ ရေးနှင့်တော်လှန်ရေးကို ဖြိုခွဲပစ်လိုက်ပါသည်။

ယနေ့ EAO တစ်ချို့သည်လည်း ဗမာစစ်တပ်၏နိုင်ငံရေးကစားကွက်နှင့်အယူအဆကို အတုယူကျင့်သုံးနေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါသည်။ ဗမာစစ်တပ်၏ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးတည်ဆောက်ဖော်ဆောင်မှုပုံစံကို မလိုလား၍နိုင်ငံရေးနှင့်တော်လှန်ရေးကို ကြိုးပမ်းဆောင်ရွက်ကြပါသော်လည်း မိမိတို့ကိုယ်၌က ဗမာစစ်တပ်၏နည်းစနစ်အတိုင်း ထပ်တူထပ်မျှ ချည်းကပ်ဖော်ဆောင်နေကြသည်မှာ အံ့သြဖွယ်ရာဖြစ်​နေပါသည်။ မိမိအဖွဲ့အစည်း၏ အကျိုးစီးပွားကို အကာအကွယ်ပြုရေးကို ဦးတည်ပြီး ၂၀၂၁ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော ဒေသန္တရအုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တစ်ချို့နှင့် လူမျိုးစုတစ်ချို့အပေါ် ဝါးမြိုပစ်ရန်နှင့်လက်အောက်ခံအဖြင့် ကြိုးဆွဲစေရန် ကြိုးစားကာ တပည့်မွေးစနစ်၊ သွေးထိုးဖြိုခွဲရေးစနစ်၊ အင်အားသုံးချေမှုန်းရေးစနစ်တို့ဖြင့် နိုင်ငံရေးလက်ဝါးကြီးအုပ် အမြတ်ထုတ်ရေး၊ အာဏာတည်ဆောက်ရေး၊ နေရာအာရာချဲ့ထွင်ရေးများကို လုပ်ဆောင်နေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နေရပြီ ဖြစ်သည်။ ဗမာစစ်တပ်အာဏာပိုင်များမှ လူမျိုးကိုယ်စားပြုခိုင်မာမှုကို အသိအမှတ်မပြုချင်သကဲ့သို့ ၎င်း EAO တချို့ကလည်း လူမျိုးစုပြည်သူ၏ ကိုယ်စားပြုမှုကို အသိအမှတ်မပြုဘဲမိမိလက်အောက်ခံတပည့်များ၊ ကြိုးဆွဲနိုင်သည့် တပည့် လူပုဂ္ဂိုလ်များကို ထိန်းချုပ်ကာ မိမိအဖွဲ့အစည်းနှင့် အကျိုးပြုကာကွယ်လိုသော မမြင်ရသည့်(Hidden Agenda) လူမျိုးစုလွှမ်းမိုးရေးနှင့်အကျိုးစီးပွားပြုစုကာကွယ်ရေး လုပ်ဆောင်နေ သည်ကို တွေ့မြင်နေရပါသည်။ ဗမာစစ်တပ်၏ လုပ်ထုံးလုပ်နည်းနှင့်တထပ်တည်းကျသည့် အယူအဆနှင့် ချည်းကပ်လုပ်ဆောင်မှုဖြစ်ပါသည်။ လူမျိုးစုများပြားခြင်းကို ပြဿနာတရပ်ဟု ရှုမြင်အကြောင်းပြကာ မိမိအဖွဲ့အစည်းအကျိုးစီးပွားနှင့် အာဏာကြီးပွား တည်ဆောက်ရေးကို ဦးတည်နေပြီ ဖြစ်သည်။ မကြိုနှစ်သက်၍ တော်လှန်နေသူကပင်မကြိုက်နှစ်သက်သောသူ၏ လမ်းကြောင်းနှင့်မူဝါဒနည်းဥပဒေသကို အသုံးပြုနေခြင်းလောက် မိုက်မဲခြင်းသည် ဤကမ္ဘာမြေပေါ်တွင် မရှိတော့ပေ။

ဗမာစစ်တပ်နှင့်အာဏာရှင်များကျင့်သုံးသောမူအရကိုယ်စားပြုမှုဆိုသည်မှာ မိမိ၏ အာဏာတည်မြဲရေး၊ မိမိအလိုကျ ကြိုးဆွဲရာ​ကပြမည့် လူပုဂ္ဂုလ်နှင့်အဖွဲ့အစည်းများ၊ လူမျိုးများကို မိမိဦးဆောင်၍ဖော်ဆောင်သည့် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးတွင်ပါ ဝင်စေခြင်းပင်ဖြစ်သည်။ ထိုသို့ပါဝင်သော အဖွဲ့ အစည်းများသည် လူမျိုးပေါင်းစုံမှ အဖွဲ့အစည်းနင့်လူပုဂ္ဂိုလ်များပါဝင်နေသောကြောင့် လူမျိုးနှင့်အဖွဲ့အစည်းကိုယ်စားပြုမှုအဖြင့် အတည်ပြုပေးလိုက်ခြင်းပင် ဖြစ်တော့၏။ သင်ဆိုင်ရာ လူမျိုး၊ လူမျိုး စု၏ ခိုင်မာသော ပြည်သူ့ကိုယ်စားပြုမှုမဟုတ်ပေ။ သက်ဆိုင်ရာလူမျိုး၏ ခိုင်မာသော ကိုယ်စားပြုမှုကင်းမဲ့နေခြင်းက နိုင်ငံရေးပဋိပက္ခကို ဖြစ်ပွားစေစမြဲဖြစ်သောကြောင့် ယနေ့အထိ ပြည်တွင်းနိုင်ငံရေးပြဿနာ ဖြစ်ပွားနေရခြင်းဖြစ်သည်ကို အားလုံးအသိပင် ဖြစ်ပါသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးအခြေခံမှ ချည်းကပ်ကိုင်တွယ်ရမည်ဖြစ်သော် လည်း မဆိုင်သည့်နေရာမှ ကိုင်တွယ်နေကြပြီး ကိုင် တွယ်သည့်နေရာမှားနေကြသဖြင့် အနာနှင့်ဆေးမတည့်၊ ပစ်မှတ်နှင့်ပြောင်း လွဲမှားနေသဖြင့် အနာရင့်ကာ ပစ်မှတ်လွဲနေပါသည်။ ပြည်သူနှင့်လူမျိုး၏ ခိုင်မာသောကိုယ်စားပြုမှုကို အလေးမထား၊ အသိအမှတ်မပြုချင်သော သဘောထား အယူအဆများ

မိမိလွှမ်းမိုးချုပ်ကိုင်နိုင်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းပါတီများကိုသာ အသိအမှတ်ပြုသည့် စိတ်သဘောထား အယူအဆများကို ဗမာ့စစ်တပ်နည်းတူ EAOတချို့တွင် ကူးစက်နေပေ၏။

ဗမာစစ်တပ်သော်လည်းကောင်း၊ EAO တချို့သော်လည်းကောင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေခံလိုအပ်ချက်ကြီးဖြစ်သည့် လူမျိုး၊ လူမျိုးစု၊ လူမျိုးနွယ်စုကိုယ်စားပြုမှုအား အသိအမှတ်ပြုခြင်းကို သဘောမပေါက်နားမလည်ခြင်းလော။ မလိုက်နာချင်၍လော။ သို့တည်းမဟုတ် နိုင်ငံရေး ပဋိပက္ခဖြေရှင်းနည်းအခြေခံပညာကိုပင် မတတ်မြောက်ကြလေရော့သလား။ တမင်တကာ မသိချင်ဟန်ဆောင်နေကြသလားဆိုသည်မှာ သက်ဆိုင်သူ ၎င်းတို့ကသာ သိကြပေလိမ့်မည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ ယနေ့အထိလွဲမှားသော အာဏာတည်ဆောက်ရေးအယူအဆပင် ဖြစ်ပါတော့၏။ သမိုင်းကို မည်သို့ရေးထိုးချင်သနည်းဟူသော အမေးကို ၎င်းတို့၏ လုပ်ရပ်က သမိုင်းစာမျက်နှာတွင် ကမ္ဗည်းတင်နေပေလိမ့်မည်သာတည်း။ 

#မှတ်ချက်- တိုင်းရင်းသားများအမြင်တွင် ဗမာအမျိုးသားအကျိုးပွားဟု မြင်ကြပြီး ဗမာ့စစ်တပ်အနေဖြင့် ဗမာလူမျိုးကို စစ်တပ်အကျိုးစီးပွားကာကွယ်တည်ဆောက်ရေးအတွက် အသုံးချခဲ့ခြင်းဖြစ်နေသည်ကို ဗမာလူမျိုးများကိုယ်တိုင် မသိရှိကြပေ။

Khaisa

3/2/2024 on sat@ 3:37 pm(In)

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်