လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ကွယ်လွန်

၈၊ နို၀င်ဘာ၊ ၂၀၂၄

Zalen

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ နိုဝင်ဘာလ ၈ ရက်နေ့ ညက ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။

အသက် ၇၄ နှစ်အရွယ် ဝန်ကြီးဦးဝင်းခိုင်ဟာ မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကွန်လွန်ခဲ့တာလို့ ဆိုပါတယ်။

ဦး၀င်းခိုင်ရဲ့ ဈာပနကို နိုဝင်ဘာလ ၉ ရက် ဒီနေ့မနက် မှာ မန္တလေးဆေးရုံကြီးကနေ ကြာနီကန်သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မှာဖြစ်တယ်လို့ သိရပါတယ်။

” ကျန်းမာရေးက အောက်တိုဘာလကတည်းစ မကောင်းနေတာ၊ သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါအခံတွေလည်း ရှိနေတော့ အောက်တိုဘာ ၂၈ ရက်လောက်မှ သတိလစ်သွားတယ်။ အဲဒီအချိန်မှာ စကစ က လွှတ်ငြိမ်းခွင့် လာပေးတယ်။ မနေ့ည ၁၀ နာရီ ၀န်းကျင်မှာ မန္တလေးဆေးရုံကြီးမှာ ဆုံးသွားပါတယ်။ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ” လို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဦး၀င်းခိုင်ဟာ အောက်တိုဘာ ဒုတိယအပတ်ကစပြီး ကျန်းမာရေး မကောင်းတာကြောင့် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပြီး အထူးကြပ်မတ်ကုဆောင်မှာ သတိလစ်မေ့မျောနေချိန် အောက်တိုဘာ ၂၈ ရက်ညနေပိုင်းမှာ စစ်ကောင်စီက သူ့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

ဦးဝင်းခိုင် ကွယ်လွန်ချိန်မှာ မိသားစုက အဝေးမှာရောက်နေတာကြောင့် ဈာပနကို တက်ရောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီက ဝန်ကြီးဦးဝင်းခိုင်ကို ဖမ်းဆီးခဲ့ပြီး သူတာဝန်ယူခဲ့တဲ့ လျှပ်စစ်စီမံကိန်းတွေမှာ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံးထိခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထောင် ၂၈ နှစ်အထိ ချခဲ့ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း ကင်ဆာရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာကွန်လွန်ခဲ့ပြီး မကွယ်လွန်မီမှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်