ဂီတ ရေးသည်။
အချိန်ကား ည (၁၁) နာရီခန့်။ တိတိကျကျ ပြောရရင်တော့ ည (၁၁) နာရီ၊ (၁၂) မိနစ်။ အိပ်တန်းတက်သွားသော ကြက်များ၏ နိစ္စဓူဝအော်မြည်တွန်ကျုးရသော အကြိမ် (၃) ကြိမ်ထဲမှ ပထမဦးဆုံး ညဉ့်ဦးယံအကြိမ် တွန်ကျုးပြီးကာစ။ ကျွန်ုပ်သည်လည်းပဲ နိစ္စဓူဝ တာဝန်များ ဆောင်ရွက်ထားပြီးသည်မို့ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော စိတ်နှင့်ခန္ဓာကို ဝတ္တရားရှိသည့်အတိုင်း အနားပေးရန်အလို့ဌာ ခန္ဓာကိုယ်ကို အိပ်ရာထက်လဲလျောင်းလိုက်ပြီး မျက်လုံး (၂) လုံးကို ပြိုင်တူမှိတ်ချလိုက်သည်။ ကျောပြင်ကြီးမပူသေးခင်၊ မှိတ်ထားသောမျက်လုံးအတွင်းမှ မျက်လုံးများရွေ့လျားမှု မငြိမ်သက်သေးခင်မှာပင် ဟိုအပြင်ဘက်ဆီက၊ ကျယ်လှောင်တုန်ရီသော ခေါ်သံများ၊ နားရွက် (၂) ဖက်ဆီ ပျံ့လွင့်လာပြီး နားစည် (၂) ဖက်ဆီကို လာရောက် ရိုက်ခတ်လိုက်ကြသည်။
“ဆရာရေ………ဆရာ……..ဆရာ. ရှိလားဗျ”
ကျွန်ုပ်၏နားစည် (၂) ဖက်ဆီသို့ရိုက်ခတ်လာသော တုန်ခါသံများသည် ဦးနှောက်ဆီသို့ ဆက်လက်၍ သတင်းပို့ ဆောင်ရွက်ကြသောအခါ မှိတ်ထားသော မျက်စိများပြန်ပွင့်လာကြပြီး လဲလျောင်းနေသော ခန္ဓာကိုယ်ကြီးသည် ကျောမပူခင် ပြန်၍ ကြွတက်သွားကာ ခြေထောက် (၂) ဖက်သည် အသံကြားရာ နေရာကို မြင်သာလောက်သော အိပ်ခန်းအပြင်ဘက်ပြတင်းပေါက်ရှိရာဆီ ရွှေ့လျားသွားကြသည်။
“ဆရာရေ……….ဆရာ”
“ရှိတယ်ဗျ၊ ဘာကိစ္စလဲဗျ”
“လူနာအရေးပေါ်မို့၊ လာပြတာပါဆရာ”
“ဪ……….ရတယ်…….ခြံတံခါး တွန်းဖွင့်ပြီး ဝင်ခဲ့လိုက်ဗျ”
အော်ဟစ်ခေါ်သံအား အလိုက်သင့် ပြန်လည် ဖြေကြားလိုက်သူမှာ ကျွန်ုပ်မဟုတ်။ ရာသီဥတုပူလွန်းသဖြင့် အခန်းတွင်းမအိပ်နိုင်၍ လေ အထိုက်အလျောက်ရသော OPD ခြံဝင်းထဲတွင် ခုံတန်းရှည်ကို အိပ်ရာပြုကာ အိပ်စက်နေသော ကျွန်ုပ်၏ လက်ထောက်ဆရာလေးပင်ဖြစ်သည်။
အပြန်အလှန်အမေး၊ အဖြေများပြုလုပ်ကြပြီးနောက် ဆိုင်ကယ် (၅) စီးပေါ်မှ လူ (၁၀) ဦးခန့် ဆင်းလာကြပြီး ဆေးရုံ OPD ခြံတံခါးကို တွန်းဖွင့်၍ ဝင်လာကြသည်။ ခုနကအော်သံပြုနေသော အသက် (၃၀) ဝန်းကျင်ခန့်၊ ထောင်ထောင်မောင်းမောင်းနှင့် အမျိုးသားသည် အသက် (၂၅) ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦးကို ပွေ့ချီလာပြီး အသက် (၆၀) ကျော်ခန့်အမျိုးသမီးကမူ ကျောထက်တွင် အသက် (၅) နှစ်ခန့် ယောင်္ကျားလေးတစ်ဦးကို ကုန်းပိုး၍ ခေါ်လာသည်။
ကျွန်ုပ်သည်လည်း ညအိပ်ဘောင်းဘီတို အပေါ်တွင် ပုဆိုးကိုထပ်ဝတ်လိုက်ပြီး အပေါ်ပိုင်းတွင်မူ ရှပ်အင်္ကျီပါးပါးကို ပြောင်းလဲဝတ်ဆင်ပြီးနောက် နံရံတွင်ချိတ်ထားသော နားကြပ်ကို ဖြုတ်ကာ ဂုတ်ပေါ်တင်လျှက် ကျွန်ုပ်၏အိပ်ဆောင်အနီးရှိ ပြင်ပလူနာကြည့်ခန်း OPD ရှိရာဘက်ဆီသို့ ထွက်လာခဲ့လိုက်သည်။
OPD အဝင်ဝတွင် လူများ၊ ဖိနပ်များ ရှုပ်ယှက်ခတ်နေကြပြီး OPD အတွင်း လူနာကြည့်ခန်းတွင်မူ ခုနက ပွေ့ချီခံအမျိုးသမီး၊ ပွေ့ချီလာသော အမျိုးသားတို့နှင့်အတူ ညတာဝန်ကျ ဆရာမ (၂) ဦးတို့ စကားသံများနှင့်တကွ အလုပ်ရှုပ်လျှက်ရှိကြသည်။ လူနာကြည့်ခန်းအပြင်ဘက်ခုံတန်းရှည်တွင်မှု ကုန်းပိုးခံကလေး၊ ကုန်းပိုးလာသည့်အမျိုးသမီးကြီး တို့နှင့်အတူ ကျွန်ုပ်၏လက်ထောက်ဆရာလေးသည် လူနာကြည့်ခန်းအတွင်းမှ ဆရာမတို့နှင့် ပုံစံတူ ထူးမခြားနားပင်။
ကျွန်ုပ်ဝင်လာသည်ကို တွေ့သောအခါ အပေါက်ဝတွင် ရှုပ်နေသောလူများ အနည်းငယ်ရှဲပေးလိုက်ကြပြီး ကလေးကုန်းပိုးလာသည့် အသက် (၆၀)ကျော်ခန့် အမျိုးသမီးကြီးကမူ “ဆရာရယ်…….ကယ်ပါဦး” ဆိုသောစကားအား ဝမ်းနည်း၊ ထိတ်လန့်၊ တုန်လှုပ်နေသော အမူအရာဖြင့် အားကိုးတကြီးပြောလာလေသည်။ ကျွန်ုပ်လည်း ထိုအမျိုးသမီးကြီး၏ စကားအားအသိအမှတ်ပြုသည့်အနေဖြင့် သွားမပေါ်အောင် အနည်းငယ်ပြုံးပြလိုက်ပြီးခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။
ထို့နောက် ကလေးငယ်ကို သွေးပေါင်ချိန်တိုင်းနေသော လက်ထောက်ဆရာလေးအား “ဘာဖြစ်ကြတာလဲဗျ ဆရာရှိုင်း” ဟူသောစကားကို အဓိပ္ပာယ်ပိုမိုလေးနက်သိသာအောင် မေးတစ်ချက် ငေါ့၍မေးလိုက်သည်။
“ပဲဆေးပြား (၃) ပြားကို ရေဖျော်ပြီးသောက်ကြတာတဲ့ဗျ။ အမေကတစ်ဝက်သောက်ပြီး ကလေးကို တစ်ဝက်တိုက်တာတဲ့ဗျ။ (၂) နာရီလောက်ကြာပြီ ပြောတယ်။ ကလေးကသိသိချင်း ပဲဆီတွေတိုက်ထားတော့ ပြန်ပြန်အန်တယ်တဲ့။ အမေကတော့ ဆီတိုက်လည်း မသောက်ဘူးတဲ့ဆရာ”
ထိုသို့ ကျွန်ုပ်၏လက်ထောက်ဆရာလေးဆီက ပြန်လည်ဖြေကြားသံကို ကြားပြီးပြီးချင်းပင် လူနာကြည့်ခန်းတွင်းဆီမှ ကလေးအမေ၊ အမျိုးသမီး၏ အော်သံကို ကြားလိုက်ရသည်။
“ပူတယ်……ပူတယ်………..ရင်ဘတ်တွေပူတယ်…….အမယ်လေး………သေပါပြီ”
ကျွန်ုပ်လည်း ထိုအသံကြားသည်နှင့် တစ်ပြိုင်နက် လူနာကြည့်ခန်းအတွင်းသို့ ခပ်သုတ်သုတ်ဝင်လာခဲ့လိုက်သည်။ လူနာအမျိုးသမီးသည် ကျွန်ုကိုမြင်သည်နှင့်တပြိုင်နက်
“ဆရာရယ်………မေ့ဆေးထိုးပေးပါတော့………အရမ်းပူလို့ပါ… မေ့ဆေးလေးထိုးပေးပါ” ဟူ၍ အော်ဟစ်နေလေသည်။
မိမိကိုယ်တိုင် မပြုအပ်သော အမှုကိုပြုသည့်အပြင် ပီဘီ ဘာမှအပြစ်မရှိ၊ မသိနားမလည်သည့်ကလေးကိုပါ အပြစ်ကျုးလွန်ထားသည့်အတွက်ကြောင့် အစကနဦးတွင် ထိုအမျိုးသမီးအား ကျွန်ုပ်အတော်ပင် စိတ်ဆိုးဒေါသထွက်၍ မေတ္တာပျက်မိသည်။ သို့သော် မိမိအား ယုံကြည်အားကိုးစွာဖြင့် ရိုကျိုးစွာ ဆေးကုသမှုတောင်းခံနေသောကြောင့် ရန်သူပင်ဖြစ်လင့်ကစား ထိုသို့ယုံကြည်ရိုကျိုးစွာ တောင်းခံလာပါက ဆေးကုသမှုပေးရမည်ဖြစ်သော မိမိတို့၏ ကျင့်ဝတ်အရ ထိုအမျိုးသမီးသည် ကျွန်ုပ်အတွက် နှမအရွယ် လူနာတစ်ဦးသာလျှင် ဖြစ်သွားလေတော့သည်။
ထို့အတွက်ကြောင့် ကျွန်ုပ်၏ ဆရာမ (၂) ဦးအား သောက်ထားသော ပိုးသတ်ဆေးရည်အား ပြန်လည်ချေဖျက်ပေးမည့် Atropine ဟုခေါ်သော ဆေးများထိုးရန်၊ လိုင်းချိတ်ရန် အလျင်အမြန် ညွှန်ကြားလိုက်သည်။ ဆရာမလေးများသည် ဆေးပုလင်းများထဲမှ ဆေးများကို ဆေးထိုးအပ်အတွင်းသို့ စုပ်ယူလိုက်ကြသည်။ သို့သော် ထိုးခွင့်ကားမရလိုက်။ စပြီးမြင်စကတည်းက ဖြူလျော်နေသော ထိုအမျိုးသမီး၏ မျက်နှာနှင့် နှုတ်ခမ်းသည် ပို၍ ဖြူဖွေးသွားသည်။ ခြေဖျား၊ လက်ဖျားများ အေးစက်သွားကြပြီ။ ရင်ဘတ်ကို နားကြပ်နှင့် နားထောင်ကြည့်သည်။ ဘာအသံမျှ မကြားရတော့။ သွေးပေါင်ချိန်ပြီး သွေးခုန်နှုန်းစမ်းကြည့်သည်။ (၂) ခုလုံး ‘သုည’ ပင်။ နောက်ဆုံး မျက်စိ (၂) ဖက်ကို ဖွင့်ကြည့်သည်။ မျက်စိသူငယ်အိမ်သည် ပုံမှန်ထက်ပို၍ ကျယ်နေပြီး မီးထိုးကြည့်သည့်အခါ ဘာတုံ့ပြန်မှုမျှမရှိတော့။ “ပူတယ်……ပူတယ်” ဟုအော်ပြီး (၃) မိနစ်ခန့် အကြာတွင်ပင် သူမသည် သူမအလွန်ချစ်ရပါသော သားလေး၊ သူမချစ်ကြည်အားကိုးရပါသော သူမ၏ အသက် (၆၀) ကျော်မိခင်၊ သူမ တစ်ချိန်က သိပ်ချစ်ခဲ့၊ သိပ်အားကိုးခဲ့ပါသော လင်ယောင်္ကျားနှင့် သူမ (၂၅) နှစ်တာခန့် ရှင်သန်နေထိုင်ခဲ့ပါသော ဤကမ္ဘာကြီး၊ ထိုအရာအားလုံးတို့အား အပြီးတိုင် လက်ပြနှုတ်ဆက်သွားခဲ့ပြီဖြစ်သည်။
ထိုလူနာအမျိုးသမီးအား သေဆုံးကြောင်း စစ်ဆေးအတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်သည် လူနာစမ်းသပ်ခန်း အပြင်ဘက် ခုံတန်းလျားပေါ်တွင် လဲလျောင်းနေသော ကလေးငယ်ဆီသို့ ထွက်လာခဲ့သည်။ ကလေး၏ လက်တစ်ဖက်တစ်ချက်စီတွင် Cannula (ခေါ်) ဆေးသွင်းပိုက်ပျော့ကလေးများတပ်ဆင်ထိုးထားပြီးဖြစ်သည်။ များလှစွာသော အတွေ့အကြုံတို့ ရရှိခဲ့ဖူး၊ ကြုံခဲ့ဖူးပြီးဖြစ်သောကြောင့် ကျွန်ုပ်၏ လက်ထောက်ဆရာလေးသည် အချိန်တိုအတွင်း လက်နှစ်ဖက်လုံး၌ Cannula တပ်ဆင်ပြီးဖြစ်သည်။ ထိုဆရာလေးသည် ကျွန်ုပ်ကိုမြင်သည်နှင့် “ဆရာ ကလေးက Vital Signs တွေကောင်းတယ်ဆရာ။ Bowel Sound (အူလှိုင်းသံ) လည်းကောင်းကောင်းကြားရတယ်။ Atropine ထိုးလိုက်ရတော့မလားဗျ”
“အင်း ထိုးလိုက်တော့ ဆရာရှိုင်း။ နောက်ပြီးထုံးစံအတိုင်း Atropinization အတွက် N/S နဲ့ Atropine ရောဖျော်ပြီး ပေးဦးမယ်နော်”
“ဟုတ်ကဲ့ ဆရာ။ ကျွန်တော်လိုလိုမယ်မယ် ဟိုဘက်အိပ်ဆောင်က ကျော်ကြီးတို့၊ ညှောင်ညှောင်တို့ ထန်းရှင်းတို့ကို ဖုန်းဆက်ခေါ်ပြီး ကူခိုင်း၊ ဖျော်ခိုင်းထားတယ် ဆရာ။ အခုဖျော်နေကြပြီ”
“ကောင်းတယ်ဗျာ။ အကုန်လုံး trend မိနေကြပြီပဲ။ ပြီးတာနဲ့ ဖျော်ထားတာကို စပြီးချိတ်ပေးထားလိုက်တော့”
လက်ထောက်ဆရာလေးနှင့် အဖွဲ့အား ထိုသို့အရင် ချီးကျုးလိုက်သည်။ ထို့နောက်ကျွန်ုပ်သည် ဂုတ်ပေါ်တွင် တင်ထားသော နားကြပ်ကို နားရွက်ပေါက် (၂) ဖက်တွင် တပ်ဆင်ကာ ကလေးငယ်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ပေါ်များဆီသို့ စမ်းသပ်နားထောင်လိုက်သည်။ အသက်ရှူသံ၊ အသက်ရှူနှုန်း၊ နှလုံးခုန်သံများကို ပုံမှန်အတိုင်းကြားရပြီး ဝမ်းဗိုက်တွင်လည်း အူလှိုင်းသံကို ကောင်းကောင်းကြားရလေသည်။ ကနဦး ကြို၍ စမ်းသပ်ထားသော ဆရာလေးသည် ကျွန်ုပ်၏ ချီးကျုးမှုနှင့် ထိုက်တန်လှပေသည်။
ထို့နောက် လူနာကြည့်ခန်းအတွင်းမှ ဆရာမလေး (၂) ယောက်အားလှမ်းခေါ်လိုက်သည်။
“ဆရာမတို့ (၂) ယောက် ဒီတစ်ညလုံး ကလေးကို Monitor (စောင့်ကြည့်မှု) လုပ်ရမယ်။ ထုံးစံအတိုင်း Vital Signs တွေ သူ့အချိန်နဲ့သူ ယူပြီး တစ်ခုခုထူးခြားတာနဲ့ ဆရာ့ကို ချက်ချင်းပြောပါ”
“ဟုတ်ကဲ့ပါ ဆရာ”
ကျွန်ုပ်တို့ပြောဆိုလုပ်ဆောင်နေသည်များကို ခုနက ကုန်းပိုးချီလာသော ကလေး၏အဖွားက စိတ်ဝင်တစားနားထောင်နေပြီး တစ်ချက်တစ်ချက်တွင် သူ၏ မြေးလေးကို စိုးရိမ်တကြီး လှမ်းကြည့်နေသည်။ မျက်ဝန်းအိမ်ထဲတွင် မျက်ရည်စတို့က တွဲလဲခိုလျှက်။
ထို့နောက် ကျွန်ုပ်သည် လူနာ (၂) ဦး၏ အခြေအနေကို ရှင်းလင်းပြောပြရန် သေဆုံးလူနာအမျိုးသမီး၏ လင်ယောင်္ကျားဖြစ်သူနှင့် အမေဖြစ်သူ၊ ကလေး၏အဖွားတို့အား ကလေးမမြင်နိုင်မကြားနိုင်သော အပြင်ဘက်ဆီသို့ ခေါ်ဆောင်သွားလိုက်သည်။
“ကျွန်တော် လူနာတွေအကြောင်း နည်းနည်းပြောပြချင်လို့ပါ”
“ဟုတ်ကဲ့………ပြောပါဆရာ”
လူနာရှင် အမျိုးသားရော၊ အမျိုးသမီးကြီးပါ ပြိုင်တူလိုလို ပြန်ဖြေလိုက်ကြသည်။
“အခန်းတွင်းက အမျိုးသမီးအကြောင်း အရင်ပြောပြချင်ပါတယ်။ စိတ်တော့မကောင်းပါဘူးဗျာ။ ကျွန်တော်တို့ ကြိုးစားခွင့်ကို မရလိုက်ဘူးဗျ။ လူနာအမျိုးသမီးက အသက်မရှိတော့ပါဘူး”
မမှားသောရှေ့နေ၊ မသေသောဆေးသမား ဆိုသည့်စကားအတိုင်းပင် ဆေးဆရာတိုင်းသည် လူနာတိုင်း၏ အသက်အား မကယ်တင်နိုင်။ ကိုယ်ကုသပေးနေသော လူနာများထဲမှ ဤကဲ့သို့တစ်ဦးမဟုတ် တစ်ဦး ဆုံးပါးသွားသည်များကို ဆေးဆရာတိုင်း ကြုံဖူးကြစမြဲဖြစ်သည်။ ကျွန်ုပ်၏ဆရာဝန် လုပ်သက် (၁၀) နှစ် ကျော်ကာလအတွင်းမှာလည်း ဒီလိုမျိုးကြိမ်ဖန်များစွာ ကြုံဖူးခဲ့ပြီးဖြစ်သည်။ ထူးဆန်းတော့သည့် အရာမဟုတ်။ သို့သော် ထူးဆန်းသည်က ဤကဲ့သို့ လူနာဆုံးပါးသွားပြီဟူသော စကားကို လူနာရှင်များအား ပြောပြရသည့်အခါတိုင်း ဘယ်ကဘယ်လိုစပြောရမှန်းမသိနှင့် စကားလုံးတွေ ထွက်ကျလာဖို့ အာတွေ၊ လျှာတွေ လေးမြဲလေးဆဲပင်ဖြစ်သည်။ ကလေးငယ်အတွက်ပါ တွေးမိလိုက်သည့်အခါတွင် ကျွန်ုပ်၏အသံများအနည်းငယ် တုန်ရီနေသည်ကို ကျွန်ုပ်ကိုယ်တိုင်ပင် ပြန်သတိထားမိသည်။
သေဆုံးလူနာ၏ အမေမူကား………။
အခန်းအတွင်း ကျွန်ုပ်နှင့် ဆရာ၊ဆရာမတို့ စကားများ ပြောကြစဉ်ကတည်းက သူမ၏မျက်ဝန်းအိမ်တွင် တွဲလဲခိုလျှက်ရှိနေကြသော မျက်ရည်စတို့ကား ယခုအခါတွင်မူ ပါးပြင် (၂) ဖက်ပေါ်သို့ အလုအယက်ခုန်ဆင်းနေကြပြီဖြစ်သည်။ ဆက်တိုက်ဖြစ်ပေါ်နေသော ရှိုက်သံများကလည်း အသက်ရှူသွင်း၊ ရှူထုတ်ခြင်းကိုပင် ပုံမှန်ပြုမရလောက်အောင် အနှောင့်အယှက်ပေးနေကြပြီ။
လူနာရှင်အမျိုးသားကတော့
“ငါ့ကြောင့်ဖြစ်ရတာ၊ ငါ့ကြောင့်ဖြစ်ရတာပါ။ မိန်းမရေ……..ငါနောက်ဆို မင်းမကြိုက်တာဘာမှ မလုပ်တော့ပါဘူးကွာ။ ဒီသောက်အရက်တွေလည်း မသောက်တော့ဘူး။ မင်းကိုလည်း မအော်တော့ဘူး၊ မရိုက်တော့ဘူးကွာ။ မသေပါနဲ့ဦးလား မိန်းမရယ်……..@&+!!#”
အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်။