ဟားခါးကောလိပ်တွင် စတင်သင်ကြားမယ့်မေဂျာသစ်တွေလျှောက်ထားသူနည်းသဖြင့် အမှတ်လျော့ကာ ထပ်မံခေါ်မယ်

၂၀၁၉၊ အောက်တိုဘာ (၁၉)
ဟားခါးကောလိပ်တွင် ဒီနှစ် ဒီဇင်ဘာလမှစတင်သင်ကြားမယ့် အင်ဂျင်နီယာနဲ့ ကွန်ပျူတာဘာသာရပ်တွင် လျှောက်ထားသူနည်းပါးသဖြင့် အမှတ်လျော့ကာ ထပ်မံခေါ်ယူမယ်လို့ ဟားခါးကောလိပ် ဒုပါမောက္ခချုပ် ဒေါက်တာလျန်ဇခုပ်ထံမှသတင်းရရှိပါတယ်။

အင်ဂျင်နီယာဘာသာရပ်ကို မြို့ပြ၊ လျှပ်စစ်၊ စက်မှု၊ အီလစ်ထရိုနစ်ဆိုပြီး မေဂျာလေးခု ထပ်မံခွဲထားပြီး မေဂျာတစ်ခုတွင် ကျောင်းသူ၊သား ၃၀ စီလက်ခံနိုင်ပေမယ့် အခုချိန်မှာ မေဂျာအားလုံးပေါင်းလျှောက်ထားသူ (၂၉)ဦးသာရှိပါတယ်။ အင်ဂျင်နီယာဘာသာရပ်အတွက် ယခင်က အမှတ် ၃၈၀ သတ်မှတ်ထားပေမယ့် ခုချိန်မှာ အမှတ် ၃၆၀ ရရှိသူများလည်းလက်ခံမယ်လို့ ပြောပါတယ်။

ဒါ့ပြင် ကွန်ပျူတာဘာသာရပ်အတွက် လောလောဆယ် လျှောက်ထားသူ ၁ ဦးသာရှိပါတယ်။ ယင်းဘာသာဟာ ယခင်က အမှတ် ၃၄၀ ရတဲ့ကျောင်းသူ၊သားတွေသာခေါ်ယူပေမယ့် ခုချိန်မှာ အမှတ် ၃၂၀ ရရှိသူတွေလည်းလက်ခံမယ်လို့ပြောပါတယ်။

ဟားခါးကောလိပ် ဒုပါမောက္ခချုပ် ဒေါက်တာလျန်ဇခုပ်

ဒေါက်တာလျန်ဇခုပ်က “ဝင်ခွင့်ရတဲ့သူစာရင်းကို ဒီလ (၂၅)ရက်နေ့ကြေညာမယ်။ အဲ့ဒါပြီးရင်ပြန်လျှောက်လို့ရမယ်။ အစကတည်းက ဝင်ခွင့်လမ်းညွှန်ထဲမှာ မပါတော့ လူတွေကသိပ်မသိဘူး။ အမှတ်လျော့တာက ပြည်နယ်အတွင်း စာစစ်ဌာနကနေ ဆယ်တန်းအောင်မြင်တဲ့သူတွေတွက်ပဲ အကျူံးဝင်တယ်။ မဟုတ်ရင်တော့ နဂိုအမှတ်နဲ့ပဲယူမယ်။ ဝိဇ္ဇာနဲ့ သိပ္ပံတွဲသင်တာက နောက်ပိုင်း တက္ကသိုလ်ဖြစ်လို့ရှိရင် တစ်ကျောင်းထဲမှာ ဘာသာပေါင်းစုံသင်ကြားပေးတဲ့တက္ကသိုလ်လိုမျိုးသွားမယ်။ အခုခေါ်နေတဲ့သိပ္ပံတွဲတွေက ၆ နှစ်တက်ပြီးမှ B.E ဘွဲ့ပေးမယ်။ ဟားခါး GTI တက်တဲ့သူတွေလည်း ဒီမှာဆက်တက်လို့ရတယ်” လို့ပြောပါတယ်။

နောက်ထပ် သင်ကြားမယ့် ဘာသာရပ်တစ်ခုကတော့ ဥပဒေ ဖြစ်ပြီး ကျောင်းသား ၅၀ လက်ခံမှာဖြစ်ပေမယ့် လက်ရှိ ကျောင်းသား ၂၇ ယောက်ကသာလျှောက်ထားကြပါတယ်။

ဆက်လက်ပြီး ဒေါက်တာလျန်ဇခုပ်က “ကျောင်းရဲ့လိုအပ်ချက်တွေကတော့ အများကြီးပါ။ တခြားကျောင်းတွေဆိုရင် ကျောင်းဧရိယာအတွင်းမှာ ဝိုင်ဖိုင်အခမဲ့ရပေမယ့် ကျနော်တို့ကျောင်းမှာမရသေးဘူး။ ဘောလုံးကွင်းလည်းလိုချင်တယ်။ ကျောင်းသား၊သူအဆောင်ဆောက်တာလည်း မကြာခင်ပြီးတော့မယ်။ ဘွဲ့နှင်းသဘင်ခန်းမအတွက်လည်း ဘတ်ဂျက်တော့ရထားပြီ မကြာခင်ဆောက်တော့မယ်” လို့ပြောပါတယ်။

လက်ရှိ ဟားခါးကောလိပ်တွင် မြန်မာ၊ အင်္ဂလိပ်၊ သမိုင်း၊ ဓာတု၊ ရူပ၊ င်္သချာ၊ Zoology၊ Botany ဘာသာရပ်တွေသင်ကြားပေးနေပါတယ်။ ပထမနှစ်မှ တတိယနှစ်အထိ ကျောင်းသူ၊သား (၇၃၅)ဦးတက်ရောက်လျက်ရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပထမအကြိမ် ဘွဲ့နှင်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဟားခါးကောလိပ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဟားခါးမှ ထန်တလန်ဘက်သို့သွားရာ လမ်းမဘေးတွင်တည်ရှိပါတယ်။ လက်ရှိ ဆရာ၊မ (၄၇)ယောက်ရှိပြီး ဝန်ထမ်း (၈၅)ယောက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်