ဟိုးတုန်းက မဟာမြိုင်နဲ့အခုမဟာမြိုင်အတူတူပါပဲလား

မောင်မောင်မြင့်(မန္တလေး)

ဟိုးရှေးရှေး (၁၉၇၈ ကျော်ကာလ) ကျွန်တော် တမူး အ.ထ.က မှာ စတင်အမှုထမ်းစဉ် တုန်းက ကလေးဝ-မုံရွာ ကားလမ်းခရီးဟာ ချင်းတွင်းအရှေ့ဘက်ကမ်းကနေ ကနီမြို့နယ် မဟာမြိုင်တောကြီးကို ဖြတ်သွားရပါတယ်။ တမူး-ကလေးဝ မိုင် ၁၀၀လောက် လမ်းပိုင်းခရီးမှာတောင် အခန့်မသင့်ရင် တစ်ည၊ နှစ်ည အိပ်ကြရတာမို့ မဟာမြိုင်လမ်း အဆင်မသင့်တဲ့အခါ တပတ်ဆယ်ရက် ကြာတတ်တာ။

ဒါကြောင့် သီတင်းကျွတ် ဆယ်ရက်၊ ဒီဇင်ဘာ ဆယ်ရက် ကျောင်းပိတ်တဲ့အခါ အိမ်ရောက်၊ နှုတ်ဆက်၊ ရုတ်တရက်ချက်ချင်းပြန်မှ ကျောင်းဖွင့်ချိန် မီမှာမို့ တစ်ပတ်ဆယ်ရက်လောက် ကျောင်းပိတ်ရက်မျိုးဆို အိမ်မပြန်တော့ဘူး။ နွေကျောင်းရက်ရှည် ပိတ်မှပဲ ပြန်ဖြစ်တော့တယ်။ တစ်နှစ်နွေကျောင်းရက်ရှည်ပိတ် အိမ်ပြန်ဖို့ ကျောင်းတွင်းစာစစ်၊ အောင်စာရင်းတွေ လုပ်နေရလို့ သင်္ကြန်အကြိုနေ့မှ တမူးက ထွက်နိုင်တယ်။ အကျနေ့ မနက် ကလေး-မန္တလေး လေယာဉ်လက်မှတ်ရမှ အဆင်ပြေမှာ။ ဌာနဆိုင်ရာကို ဦးစားပေးပေမဲ့ ဦးစားပေးယှဉ်ရင် ကျောင်းဆရာပေါက်စ နောက်ဆုံးကမို့ ချန်ပြီဟေ့ဆို ကိုယ်ပဲကျန်ခဲ့တာ။ ကျန်ခဲ့တာများတော့ အသဲတွေမာလို့ နာဘဲနာနိုင်တော့ဘူးက အကျင့်ဖြစ်နေလို့ ခံနိုင်ရည်ရှိပါတယ်။

လေယာဉ်က တစ်ပတ်မှ ၂ခေါက်လောက် ဆွဲတာမို့ ခရီးသည် သိပ်များနေပါတယ်။ ချန်စာရင်းထဲ ပါလို့ မဟာမြိုင်လမ်းက ပြန်ဖို့ ဖန်လာပါပေါ့။ ဌာနဆိုင်ရာဝန်ထမ်း အစည်းအဝေး ကိစ္စတွေချည်းမို့ လေယာဉ်ရုံးလည်း စီစဉ်ရခက်နေတယ်။ ဒီတင် အကောက်ခွန်၊ လ.ဝ.က ဦးစီးမှူးတွေနဲ့ ညှိနှိုင်းပြီး ကလေးဝထိ ကားနဲ့လိုက်ပို့ပါမယ်၊ နောက်တဆင့် ရေကြောင်း၊ ကားလည်း ကြိုက်ရာစီစဉ်ပေးပါမယ်။ အဲဒါမှ မရဘူးဆိုရင် နောက်တစ်ပတ် လေယာဉ်စောင့်ကြပါဆိုတော့ အလွန့်အလွန် အရေးပါတဲ့သူတွေ လေယာဉ်နဲ့ ပါသွားပြီး၊ အရေးမပါလည်း မဟုတ်၊ ပါတယ်လည်း မဟုတ်တဲ့ ကျွန်တော် ကျောင်းဆရာ ပေါက်စက ကလေးဝကားခလည်း freeရလို့ ကလေးဝဘက်က လမ်းကြောကို လိုက်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို လေယာဉ်နဲ့ ပါသွားတဲ့ VIP ကုန်သည်ကြီးတွေက စပွန်ဆာ ပေးတာနေမှာပေါ့။ ကလေးဝရောက်တော့ ချင်းတွင်းရေကြောင်းနဲ့ မဟာမြိုင်ကားလမ်း ရွေးတဲ့အခါ မြန်မြန်ရောက်အောင် မဟာမြိုင်ကားလမ်းပိုင်းကို ရွေးလိုက်တယ်။ မြေစာရင်းကဦးချိုလည်း ပါလာတော့ အဖော်ရအားရှိတာပေါ့။

ဒါနဲ့ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ‘ကိုင်း’ကို ကူးတို့နဲ့ တင်ပေးလိုက်ပါတယ်။ သောင်ပြင်ကားဂိတ်မှာ စစ်ကျန် ချက်ပက်လက် ကုန်ကားကြီး။ ကုန်အပြည့်၊ ကုန်တွေပေါ် လူအပြည့်နဲ့ ကျွန်တော်တို့ကို စောင့်နေတာ။ အမိုးပေါ်ပဲ နေရာရတော့တယ်။ အချိန်လည်း လင့်၊ စပွန်ဆာလည်း ကုန်သွားလို့၊ လူကလည်း ငယ်တုန်းမို့ ကားအမိုးမှာ ခြေတွဲလောင်းချ ထိုင်လိုက်ခဲ့ကြတယ်။

သင်္ကြန်အကျရက် သာတောင့်သာယာ ရှိပါဘိ။ ကိုင်းကနေ တဖြည်းဖြည်း အတက်လမ်းအတိုင်း မောင်းလာလိုက်တာ လေလေးတဖြူးဖြူးနဲ့ ကားအမိုးပေါ်ကစီးရတာ တော်တော် အရသာရှိတာကလား။။

“ဦးချိုရေ… ဒီလိုမှန်း အစကသိ၊ ဘယ်… လေယာဉ် စီးလိမ့်မလဲ၊ ဟဲ…ဟဲ”

တောအလှ တောင်အလှ မြင်ကွင်းကျယ် သဘာဝကို တဝကြီး ကြည့်ရလို့ ကျေနပ်မိပါတယ်။ အဲ…တောင်နံရံတစ်ဘက် ချောက်ကမ်းပါးတစ်ဘက် လမ်းပိုင်းနေရာတွေ ရောက်ရင်တော့ အသဲတယားယားပဲ။ ခြောက်ကမ်းပါးက အောက်ကို နည်းတဲ့ အနက်ကြီးပါလား။ လမ်းမြေသားက သက်နု မြေသားဆိုတော့ တချို့နေရာတွေမှာ ကားမောင်းတဲ့ တုန်ခါမှုကို မခံနိုင်လို့ ကိုယ့်မျက်စေ့အောက်တင် ပဲ့ကျသွားတာ မြင်လိုက်ရတော့ အသဲထိတ်လာတယ်။

“ဦးချိုရေ့…”

ညနေ ၅နာရီလောက် ရောက်တော့ ပြုတ်မကျအောင် ဆုပ်ရသမျှ ဆုပ်ထား၊ ကုပ်ထားရတဲ့ လက်မောင်းတွေလည်း တောင့်ညောင်းနေပြီ။ ဒီအချိန်မှာ သင်္ကြန်မိုးဖွဲလေး ရွာချတယ်။

“မိုးစက်လေးတွေ ရွာကာချ၊ ပျော်တယ်ပျော်တယ်ဗျ”

ပျော်လို့မဆုံး ပြုံးလို့မှ မဝသေးဘူး၊ မိုးရေက ဖျော်ပေးထားတဲ့ ရွှံ့ဗွက်လမ်းမှာ ကားက ဘယ်ဆွဲညာဆွဲ ဖြစ်ကရော။ ကားအောက်ခန်းက မိန်းမတွေလည်း ‘ဘုရား၊ဘုရား’တသံတွေ ဖြစ်ကုန်တော့ ကားခေါင်း မြွေလိမ်မြွေကောက် သွားနေတာ အမိုးပေါ်ကနေ အထင်းသား မြင်နေရတဲ့ ကျွန်တော်တို့လည်း မျက်လုံးတွေ ပြူးမိတာပဲ။

“ဦးချို… အောက်ဆင်းမှ ဖြစ်မယ်ထင်တယ်”

“အောက်က မိန်းမတွေက ဆရာ့ကို… ခေါင်းပေါ် ရွက်ထားမယ် ထင်လို့လား”

အသာ ငြိမ်နေလိုက်ရတယ်။ မိုးကလည်း ရွာလိုက်တိတ်လိုက်၊ လူလည်း စိုလိုက်ခြောက်လိုက်နဲ့ စီးလာခဲ့ကြတာ။ အတက်ကို တအီအီနဲ့ရုန်း၊ အဆင်း တကျွီကျွီနဲ့ထိန်းပြီး မောင်းလာလိုက်တာ အထဲက လူတွေလည်း ကြောက်နေကြတာမို့ အသက်တောင် ပြင်းပြင်းမရှုကြလို့ တောကြီးမျက်မဲအလယ် တစ်စီးတည်းသော ကားသံနဲ့ ကားမီးရောင်ကလွဲလို့ ပိတ်ပိတ်ပိန်း မှောင်၊ ငြိမ်ချက်သား ကောင်းလှပါတယ်။ ဘေးဘက်ကို ဘာမှ မမြင်ရတာ စိတ်သက်သာတယ်။ မျက်ကန်း တစ္ဆေမကြောက်ဆို မဟုတ်လား။

ည ၁၁လောက် ရောက်တော့ မိုးက တစ်ကျော့ ပြန်ချတယ်။ ဒီတစ်ခါ တော်တော်သည်းတော့ ကားဆရာက ကားကိုရပ်ပြီး ကားဘီးတွေကို လက်နှိပ်မီးနဲ့ ဟိုထိုးဒီထိုး ကြည့်၊ ကားအောက်ထဲ ငုံ့ကြည့် လုပ်ပါတယ်။

“ဘာဖြစ်တာလဲ”

ကားဆရာတွေ မမောင်းရဲတော့ဘူးဆိုရင် ကားအသစ်တောင် ပျက်ချင်တဲ့နေရာ ပျက်ပြစ်လိုက်တာပဲ။

“ကဲ…ကဲ… ဘာဖြစ်မှန်း မသိဘူး၊ ဘယ်လောက် ကြာကြာ ပြင်ရမှန်းလည်း မသိဘူး၊ အပေါ်ကလူတွေ အောက်ဆင်းကြ။ အဆင်းပိုင်း ရောက်ပါပြီ။ ကျွန်တော်တို့လည်း မိုးလွတ်အောင် မောင်းတာပဲ။ ကားပြင်တုန်း ရှေ့က လျှောက်ချင်တဲ့လူ လျှောက်နှင့်ကြ။ တောင်အောက်ရောက်ရင် အင်တောကျယ်ရွာ၊ ဇရပ်ကြီးရှိတယ်။ မဝေးတော့ဘူး အဲဒီက စောင့်နှင့်ကြ”

ကားမိုးပေါ်က လူတွေ ဝမ်းမြောက်ဝမ်းသာနဲ့ ကားပေါ်က ဆင်း၊ ရွာအရောက် ကုန်းကြောင်း လျှောက်ကြပါတယ်။ တောင်ဆင်းလမ်းအတိုင်း ၁နာရီလောက် လျှောက်တော့ ကားဆရာတွေ ပြောတဲ့ ဇရပ်ကြီးတွေ့၊ ဝင်အိပ်ကြတယ်။ နောက်တစ်နာရီလောက်ကြာတော့ အောက်ခန်းက လူတွေလည်း တစ်စုချင်း ရောက်လာကြတယ်။ ကားက ပြင်လို့ မရသေးဘူးတဲ့။

တစ်အောင့်ထင်လို့ ပစ္စည်းအားလုံးလည်း ကားပေါ်မှာ။ တောင်ခြေမှာ ထင်းခြောက်တွေ ကောက် မီးဖို၊ နွေးအောင် ခြောက်အောင် လုပ်ကြရတယ်။ ညောင်းညောင်းမောမောနဲ့ ဇရပ်ပေါ် အိပ်လိုက်တာ ပျော်သွားတာပဲ။

ကားဆရာ ညကတည်းက ရောက်ပေမဲ့၊ ကားက မရောက်သေးဘူး။ ပင်နီယံ ကြွေတာတဲ့၊ ကားပစ္စည်း လဲရမှာတဲ့၊ နောက်ကားကြုံ လာမှ ကဒူးမ (ကံထူးမ)ထိ သွားဝယ်ရမှာတဲ့။ နောက်ကားကလည်း တစ်ရက်မှ တစ်စီး။ သင်္ကြန်ရက်နဲ့၊ မိုးနဲ့ဆိုတော့ မျှော်သာမျှော် ပေါ်မလာနိုင်ဘဲ ဆိုသလိုပါ။

သင်္ကြန် အကြတ်ပထမနေ့ မနက်မိုးလင်းတော့ “ဟော…အစောင့်ထားခဲ့တဲ့ ကားစပယ်ယာ လာပြီ”

သူကလည်း ရောက်မဆိုက်ပဲ “ကား…ချောက်ထဲ ထိုးကျသွားလို့”

“ဟာ…” “ဟင်…” “အမလေးတော်…ကျုပ်တို့ ကုန်တွေတော့ သွားပါပြီ”

“ခင်ဗျားတို့ကလည်း စကားဆုံးအောင် သေချာနားထောင်ပါအုံး၊ နောက်က လိုက်လာတဲ့ ဂျစ်ကားက ရပ်ထားတဲ့ ကျုပ်တို့ကားကို ကျော်တက်ရင်း ထိုးကျသွားတာပါ။ ရွာကို အကူအညီလာတောင်းတာ”

ကျွန်တော်တို့ကား ညက ပျက်သွားတာကိုတောင် ကျေးဇူးတင်မိတယ်။ ရွာက အကူလိုက်သွားပြီး ကိုယ့်ဒေသ ကလေးဝဘက် ပြန်ခေါ်သွားကြတာပေါ့။

ရွာသင်္ကြန်မှာကျွေးတဲ့ အလှူစာနဲ့ ကြုံလို့ နံက်စာ ပြေလည်သွားပြီ။ စက်ပစ္စည်းဝယ်ဖို့ ကားကြုံတော့ နေ့လည်ထိ အဆင်မပြေဘူး။

ဒါနဲ့ ၁၁နာလောက်ကျတော့ ရွာထဲကမြင်း ငှားသွားပါလားလို့ ရွာခံလူရွယ်က အကြံပေးပါတယ်။ မြင်းပိုင်ရှင်က မြင်းတော့ ရှိတယ် သူ့အလုပ်ရှိလို့ သူတော့ မသွားနိုင်ဘူးပြောတော့ အကြံပေးလူရွယ်က သူသွားပေးပါ့မယ်လို့ ကမ်းလှမ်းလို့ ကဒူးမထိ စက်ပစ္စည်းဝယ်ဖို့ လွှတ်လိုက်ပါတယ်။

ညနေ ၃နာရီလည်း ပေါ်မလာ၊ ၄နာရီလည်း ပေါ်မလာတော့ မြင်းပိုင်ရှင်ကို အချိန်လေး ဘာလေး မှန်းခိုင်းတော့…

“အသွားအပြန် နားနားနေနေ ကြာလှ ၂နာရီပေါ့။ ဒါပေမဲ့ ဒီနေ့တော့ မျှော်မနေကြနဲ့။ ပြန်လာမှာမဟုတ်ဘူး။ သူက ကျုပ်ယောက်ဖ။ ကဒူးမ သူ့ရီးစားဆီ သွားချင်လို့ ကျုပ်မြင်းကို ငှားနေတာ၊ ကျုပ်က မပေးဘူး။ ဒီနေ့က ခရီးသည်တွေ အားနာလို့ ပေးလိုက်ရတာ။ ညအိပ်ပြီးမှ ပြန်လာမှာ စိတ်ချ”

ခရီးသည်ရော ကားဆရာပါ စိတ်ပျက်သွားတယ်။ ကားဆရာက ညနေစာအတွက် ရွာနဲ့ စီစဉ်ပေးပါတယ်။ ရွာဇရပ်ကြီးပေါ် နောက်တစ်ည ထပ်အိပ်ကြရပြန်တယ်။

သင်္ကြန်အကြတ် ဒုတိယနေ့ မနက် ၉နာရီလောက်မှ မောင်ဂျော်ကီ ရောက်လာတယ်။

“ပစ္စည်းက ကဒူးမမှာ မရှိလို့ ဘုတလင်ထိ သွားရတာ၊ အချိန်မရလို့ အိပ်ခဲ့ရတယ်”တဲ့။ မရအရ ဝယ်လာပေးလို့ ကျေးဇူးတင်ကြရသေး။

ပစ္စည်းကို ကားပျက်တဲ့နေရာထိ သွားပို့၊ စောင့်ရတဲ့ ကားဆရာက အမြန်ပြင်ဆင်ပြီး ၁၂နာရီလောက် တောင်အောက် ကားရောက်၊ ကားပေါ်တက် ခရီးဆက်ခဲ့တာ။ ကားဆရာက လောလောလောလော ပါပဲ။ လောမှာပေါ့၊ ဒီမှာတင် ရှိနေရင် မနက်စာက သူ့တာဝန်ဖြစ်နေမှာကိုး။ ကဒူးမရောက်မှ ကိုယ့်စရိတ်နဲ့ကိုယ် အချိန်လွန် နေ့လည်စာ စား၊ မုံရွာကို ညရောက်။ နောက်နေ့မနက် မုံရွာ-မန္တလေးကား ပြောင်းစီးလိုက်တာ သင်္ကြန်အတက် နေ့လည်ပိုင်း မန္တလေးကို ပြန်ရောက်ပါတယ်။

သင်္ကြန်ကြို၊ ကျ၊ ကြတ်၊ ကြတ်၊ တက် ၅-ရက်၊ မြို့ ၅-မြို့မှာ နွှဲဖြစ်စေခဲ့တဲ့ မဟာမြိုင် ခရီးသွားဖြစ်ခဲ့ရတာ ဂုဏ်ယူမဆုံးပါဘူး။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဖုန်းအတွင်း VPN ဆော့ဝဲလ်တွေ့မှုနဲ့ ဒေသခံတွေကို စစ်ကောင်စီက ဒဏ်ရိုက်

၁၄၊ ဇွန်၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရပ်ကွက်တွေနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ ဇွန်လ ၁၃ ရက်နေ့က လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်က စစ်ဆေးခဲ့ပြီး VPN (Virtual Private Network) ဆော့ဝဲလ်တွေ့ရှိလို့ ...

ဆက်ဖတ်ရန်