စာရေးသူ- ဒါလ်းပီး
“ခဏနေဆိုမီးပျက်တော့မှာ မီးလာတုန်းဝယ်ချက်ချင်ပါတယ်ဆိုမှ ဘာတွေဒီလောက်ကြာနေလဲမသိဘူး။ ပြီးတော့လည်း ပေးရမှာချင်းအတူတူကို စောစောစီးစီးပေးထားပါလား။ တစ်အိမ်လုံးကို လုပ်နေရတာ ငါ့ကိုအိမ်ဖော်မများမှတ်နေကြလား ဟေ့” ဒေါ်ညိုတစ်ယောက်မနက်စောစော ဈေးသွားဖို့ပြင်ဆင်နေရင်း ဗျစ်တောက်ဗျစ်တောက် ပြောဆိုနေပါတယ်။
မိုးရိပ်အေးအေးနဲ့ အများသူငါ အိပ်ကောင်းနေတဲ့ရန်ကုန်မြို့ရဲ့ မနက်ခင်းမှာ ဒေါ်ညိုအသံက ကျယ်လောင်စွာထွက်ပေါ်လာပေမယ့် နေ့တိုင်းနီးပါးအခုလိုပြောဆိုနေကျ ကြားနေကျဖြစ်လို့ အိမ်နီးချင်းပတ်ဝန်းကျင်ကတောင် ကျင့်သားရနေကြပါပြီ။ တကယ်တော့ ခင်ပွန်းသည် ဦးထောမ်း ဆီကနေ ဈေးဖိုးကိုချက်ချင်းမပေးလို့ အခုလိုပြောဆိုနေတာပါ။ ရန်ကုန်မြို့ရဲ့ လျှပ်စစ်မီးဟာ အချိန်ပိုင်းအလှည့်ကျနဲ့ လာတာဖြစ်လို့ မီးမပျက်ခင် ချက်ပြုတ်ပြီးစီးနိုင်ပါမှ ကုန်ကျစရိတ်သက်သာမယ့်အပြင် လုပ်စရာကိစ္စတွေလည်းသက်သာမှာဖြစ်လို့ အခုလို ပြောဆိုနေတဲ့ ဒေါ်ညိုလည်း မလွန်ပါဘူး။
ဒါပေမယ့် ခင်ပွန်းဖြစ်သူမှာလည်း ဈေးဖိုးတစ်ခါပေးလျှင် ဆန်ဆီဆားဖိုးမပါ ဟင်းဖိုးချည်းပဲ အနည်းဆုံး ၅ သောင်းနဲ့အထက် ပေးနေရတာကြောင့် ခေါင်းခဲနေတာပါ။ ဒေါ်ညိုဟာ ဗျစ်တောက်ဗျစ်တောက်ပြောဆိုငြီးတွားတတ်ပေမယ့် အိမ်မှုကိစ္စနိုင်နင်းတဲ့ အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်သလို ခင်ပွန်းသည်ဦးထောမ်းကလည်း စကားနည်းအနေအေးပြီး ဇနီးသည်ကိုချစ်တဲ့ အိမ်ထောင်ဦးစီးတာဝန်ကျေပွန်သူတစ်ယောက်ပါ။ ရန်ကုန်မြို့ကြီးရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်နေရာမှာ ပေ ၂၀ ပတ်လည် ကိုယ်ပိုင် RC ၂ ထပ်အိမ်လေးနဲ့ နေထိုင်တဲ့ ဒေါ်ညိုတို့မိသားစု ၅ ယောက်ဟာ ချင်းရိုးရာဆေးရည်ဖြစ်တဲ့ Tuibuk (တွီးဘူ) လို့ခေါ်တဲ့ ငုံဆေးရည်လုပ်ငန်း နဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြတာပါ။
Tuibuk (တွီးဘူ) ဆိုတဲ့ ရိုးရာငုံဆေးရည်ဟာ ဗမာဆေးရွက်ကြီးအပင်ရဲ့ အကိုင်းအခက်တွေနဲ့ နာရီပေါင်းများစွာကြာအောင်ချက်လုပ်ရတဲ့ ဆေးရည်ဖြစ်ပြီး ဆေးအာနိသင်ရှိနေတဲ့အချိန်အထိ ငုံ ထားပြီးတော့မှ မြိုမချဘဲ ထွေးထုတ်ရတာမျိုးပါ။ (မြိုချမိပါကလည်း မူးရုံကလွဲပြီး ဘေးထွက်ဆိုးကျိုးမရှိပါ။ ဥပမာ – ကွမ်းဝါးသလိုသဘောမျိုးပါပဲ) ချင်းလူမျိုး များသောအားဖြင့် အမျိုးသမီးတွေ အသုံးများတဲ့ ငုံဆေးတစ်မျိုးဖြစ်ပေမယ့် အခုခါမှာတော့ လူမျိုးပေါင်းစုံက သုံးစွဲလာကြပါပြီ။ တိုင်းရင်းသားဖြစ်တာနဲ့အညီ ဘုရားကျောင်းမှာ အသင်းတော်အတွက်အားထားရတဲ့ သင်းထောက်လူကြီးဖြစ်တဲ့ ခင်ပွန်းဦးထောမ်းရဲ့ အရှိန်အဝါကြောင့် ဆွေမျိုးတော်စပ်သူတွေတင်မက အသိမိတ်ဆွေတွေပါ အိမ်ကိုသွားလာဝင်ထွက် စားသောက်မှုတွေလည်း အမြဲလိုလို ရှိနေပါတယ်။
လက်ရှိနိုင်ငံရေးအခြေအနေမတိုင်ခင်ကတည်းက ဦးထောမ်းတို့ နေအိမ်ကို အနယ်နယ်အရပ်ရပ်က ဆွေမျိုးတွေတင်မက အသိမိတ်ဆွေတွေ ရန်ကုန်မြို့ကိုရောက်လာရင် သူတို့အိမ်ကိုပဲ တည်းခိုကာ ကိစ္စအဝဝကို ပြောဆိုတိုင်ပင် အားကိုးခဲ့ကြတာ ဒီနေ့တိုင်အောင်ပါပဲ။ စေတနာကောင်း သဘောကောင်းခြင်းတွေနဲ့ အသိုင်းအဝန်းတွေကြားမှာ နာမည်ကောင်းရှိနေတဲ့ သူတို့မိသားစုဟာ လက်ရှိကုန်ဈေးနှုန်းတွေကြောင့် အရင်ကထက် ကြပ်တည်းမှုတွေရင်ဆိုင်လာနေရပါတယ်။ အကြောင်းရင်းကတော့ အမြဲလိုလိုလာရောက်ဝင်ထွက်တည်းခိုလာတဲ့ ဆွေမျိုးနီးစပ် အသိမိတ်ဆွေတွေကို ဧည့်ဝတ်ကျေပွန်နိုင်ရေးအတွက်ကြောင့်ပါ။
“အိမ်ကိုရောက်လာတဲ့ ဘယ်ဧည့်သည်မဆို ကျွန်မတို့စားတဲ့အတိုင်း ကျွေးမွေးတယ်။ ခွဲခြားမှုလုံးဝ မရှိဘူး။ ဒါပေမယ့် အရင်က ၂၀၁၅ လောက်က ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၂၇၀၀၀ ကျပ်ပေးရတယ်။ အခု ၁ သိန်းခွဲရောက်သွားပြီ။ ပြီးတော့ အရင်လို အိတ်အပြည့်မလာတော့ဘူး။ နည်းနည်းလျော့လာတယ်” လို့ ဒေါ်ညိုက ပြောပါတယ်။ သူမပြောသလိုပါပဲ။ လက်ရှိ ကုန်ဈေးနှုန်းဟာ ပဲဆီ ၁ ပိဿာ ၂၃၅၀ဝိ/-၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၅၀,၀၀ဝိ/-၊ အမဲသား ၁ ပိဿာ ၁၅၀,၀ဝိ/-၊ ကြက်သွန် ၁ ပိဿာ ၃၅၀ဝိ/- ၊ ရေသန့်တစ်ဗူး – ၈၀ဝိ/- အထိ ပေါက်ဈေးရှိနေတာပါ။
“တစ်ရက်နေ့စားခ ၁၂၀၀ဝိ/- ရတယ်။ ကော်ဖီမစ်တစ်ထုတ်အခု ၃၀၀ိ/- ဖက်ကြမ်းဆေးလိပ် ၁၀ဝိ/- နဲ့ ရပ်ကွက်မှာပေးဝယ်နေရတယ်။ နေ့စားခကတိုးမလာတော့ ဘယ်လိုမှ မလောက်တော့ဘူး။ အခုဆေးလိပ်နဲ့ကော်ဖီတောင် ဖြတ်ထားရပြီ” လို့ ပန်းရံနောက်လိုက်တစ်ယောက်က ပြောပါတယ်။
ဒါတင်မက ဓါတ်ဆီ တစ်လီတာ ၂၃၀၀ ကျော်၊ ဒေါ်လာဈေး က ၃၈၀၀ ကျော်၊ ရွှေဈေးက ၃၉သိန်း နီးပါး၊ ထိုင်းဘတ်ဈေး က ၁၀၆ ကျပ်နဲ့ ဈေးအကျမရှိ တရိပ်ရိပ်တက်လာနေတာပါ။ လက်ရှိ ငွေဈေး ရွှေဈေး တွေဟာ ကျသယောင် ပြပေမယ့် တကယ် အရောင်းအဝယ် မဖြစ်တာကို သေချာကြည့်ရင် သိနိုင်ပါတယ်။ ဒါ့အပြင် ရွှေဈေးနဲ့ပတ်သက်ပြီး အရောင်းအဝယ်လုပ်သူ အမှန်မဟုတ်ပါက ဈေးနှုန်းမပြောဆိုဖို့ ရွှေအသင်းက နှုတ်မိန့်နဲ့ တားမြစ်ထားတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ရွှေဈေးနှုန်း မြေပြင်ဈေးကွက်အနေအထားကို လူမှုကွန်ရက်ကဘဲဖြစ်ဖြစ်၊ ရွှေအသိုင်းအဝန်းက သတင်းထွက်ရှိလာပါက ရွှေထည်ပစ္စည်းတွေကို သိမ်းပြီးဖမ်းဆီးထောင်ချမယ်လို့ ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီက ခြိမ်းခြောက်ထားတယ်လို့ သတင်းတွေကလည်း ဖော်ပြမှုတွေရှိနေပါတယ်။
“အဓိကအခြေခံစပါးဈေးကိုက တက်နေတာရှိတယ်။ မျှော်လင့်ချက်တစ်ခုနဲ့ဆွဲတင်ထားတာရှိတယ်။ မူဝါဒအရဆောင်ရွက်ရမယ့်လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ဖို့လုပ်ဆောင်စရာများရှိပါလိမ့်မယ်။ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့တွေဖွဲ့စည်းပြီးဆောင်ရွက်နေတာရှိတယ်။ အဓိကတကယ်စားဝတ်နေရေးအခြေခံလူတန်းစားတွေ အခြေခံဝန်ထမ်းတွေအတွက် ဖြစ်သင့်တဲ့ဈေးနှုန်းတွေဖြစ်နိုင်ဖို့အတွက် ဆောက်ရွက်လျက်ရှိတယ်” လို့ စစ်ကောင်စီရဲ့ သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ကုန်ဈေးနှုန်းမြှင့်တက်နေတဲ့အပေါ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်ကို မရေမရာ ဝေ့ဝှိုက်ပြီး ပြောဆိုထားပါတယ်။
အခြေခံစားသောက်ကုန်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကလည်း လက်ရှိကုန်ဈေးနှုန်းနဲ့ပတ်သက်ပြီး သူ့အမြင်ကို အခုလို သုံးသပ်ပါတယ်။ “ကျွန်တော်တို့ ပုံမှန်အတိုင်း ဆို စားဆီဈေးက ကျဖို့ မလွယ်သေးပါဘူး။ ဒီလ လစာ ထုတ်ရင် နှစ်သောင်းတန် တွေ ဈေးကွက် ထဲ ရောက်မယ်။ စားဆီ ထုတ်ပေးတာဟာ ဈေးကွက် ဝယ်လိုအားထက် နည်းတယ်။ စားဆီဈေး ကျနေတယ်ပြောနေကျတာ လိမ်တာလား ဆိုရင် မလိမ်ပြန်ဘူး။ ကျပေးမှာပါ။ ဘာလို့လဲဆိုရင် စားဆီ ကန်ထုတ်ရက် ရောက်နေပါတယ်။ ဒါပေမယ့် အရင်ကလည်း ထုတ်ပေးရဲ့သားနဲ့ မကျတာလဲမေးစရာရှိတယ်။ ဖမ်းမယ် ဆီးမယ် သတင်းရယ် လက်ရှိ လက်ကြီးကြီး တွေက စကစ နဲ့ မကင်းတော့ဖမ်းမယ်ဆိုသူတွေ စိတ်ချမ်းသာအောင် ခေတ္တ ခဏ ဈေးကျပြနိုင်ပါတယ်” လို့ ပြောပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် အနယ်နယ်အရပ်ရပ်က ဆွေမျိုးတွေကပါ လာရောက်မှီခိုနေကြတဲ့ ဒေါ်ညိုတို့အိမ်မှာတော့ တစ်ရက်တစ်ရက် အသုံးစရိတ်ဟာ ကျပ် ၁ သိန်းခန့်ကုန်ကျနေတာကြောင့် ခင်ပွန်းသည်ဦးထောမ်းအတွက်မှာလည်း မသက်သာလှပါ။ လာရောက်မှီခိုကြတဲ့ ဧည့်သည်တွေဟာ ဆယ်ဂဏာန်းလောက်ရှိတာကြောင့် အသုံးစရိတ်ကို ရသလောက်ချွေတာနေရပေမယ့် မိသားစုစားသလို ခွဲခြားမှုမရှိဘဲ အရင်လိုကျွေးမွေးဧည့်ခံထားတယ်လို့ ဦးထောမ်းက ပြောပါတယ်။
“ကုန်ကျစရိတ်သက်သာအောင်ဆိုပြီးတော့ ’ရိုးရိုးအလတ်စား ဆန်စားလိုက်သေးတယ်။ အဲဒါကို မိန်းမက အရင်လိုပဲ ရွှေဘိုပေါ်ဆန်းပဲ စားရအောင်။ ဘုရားသားသမီးတွေဆိုတာ ဆုတ်ယုတ်စရာမလိုဘူး။ တိုးတက်တာပဲ ဖြစ်နေရမယ်ဆိုလို့ အရင်လိုပဲ ခွဲခြားမှုမရှိအတူတူစားသောက်ကြတယ်။ တစ်ခါတစ်လေတော့ ဟင်းတော့မကောင်းဘူးပေါ့” လို့ ရယ်ရင်းနဲ့ ပြောပါတယ်။
မိန်းမသားပီပီဒေါ်ညိုဟာ ဗျစ်တောက်တောက်ပြောဆိုငြီးတွားတတ်တာကလွဲလို့ ဘာသာရေးကို ယုံကြည်လိုက်စားတဲ့ ဇနီးမောင်နှံဖြစ်တာနဲ့အညီ အားလုံးကိုခွဲခြားမှုမရှိတဲ့ သူတို့ကို ရပ်ကွက်ပတ်ဝန်းကျင်ကလည်း လေးလေးစားစားနဲ့ နားလည်မှုအပြည့်နဲ့ ရိုသေစွာ ဆက်ဆံကြတာကိုလည်း တွေ့ရပါတယ်။ “ကိုယ့်ဘက်ကအတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ဆောင်ရမှာပဲ။ ဘုရားသခင်က သူ့သားသမီးတွေကိုတော့ လုံးဝပစ်မထားဘူး။ ငါ့စေတနာကို ဘယ်သူမှမသိလည်း ဘုရားသိတယ်” လို့ ဒေါ်ညိုတစ်ယောက် ရေရွှတ်ရင်း ဈေးကို ထွက်ခွာသွားပါတော့တယ်။