ချစ်ခြင်းနွေ၊ ၂၂၊ အောက်တိုဘာ၊ ၂၀၂၃
Zalen
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေး ဖောင်တော်ဦးဘုရားပွဲတော်ကို အောက်တိုဘာ ၂၁ရက်နေ့က စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွေက အောက်တိုဘာ ၂၂ရက်နေ့မှာ ဖော်ပြပါတယ်။
အဲဒီလို စစ်ကောင်စီဥက္ကဌ တက်ရောက်ခဲ့တာကြောင့် ပွဲလာရောက်တဲ့ ဒေသခံတွေအပါအဝင် ခရီးသွားတွေကိုပါ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ သူတို့ မလာခင်ကတည်းက အဲ့မှာ စစ်သားတွေ နေရာယူထားတာတွေရှိတယ်။ ဘုရားပွဲလာတဲ့သူတွေကိုလည်း စစ်ဆေးတယ်။ စစ်ဆေးရေးလည်း တော်တော်တင်းကြပ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဘုရားပွဲ လာရောက်လည်ပတ်သူတွေအနေနဲ့ လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံဖို့ ဖောင်တော်ဦး ဂေါပကအဖွဲ့က စာကပ်ပြီး ကြေညာထားပါတယ်။
ကိုဗစ် ၁၉ နဲ့ စစ်အာဏာသိမ်းမှုကြောင့် ၃ နှစ်ကြာ မကျင်းပခဲ့တဲ့ ဖောင်တော်ဦးဘုရားပွဲတော်ကို အခုနှစ်မှာ ပြန်လည် ကျင်းပနေတာဖြစ်ပြီး အခုနှစ်မှာ ပြည်ပ ခရီးသည်တွေ လာရောက်သူ နည်းပါးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၅ ရက်ကနေ နိုဝင်ဘာလ ၁ ရက်အထိ ရက်သတ္တပတ် ၂ ပတ်ကျော်ကြာ ကျင်းပမယ့် ဘုရားပွဲတော်အတွင်း ဖောင်တော်ဦးဘုရားတွေဟာ အင်းတိန် စံကျောင်း၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစား၊ ပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်တောင်ကျောင်း၊ မကျည်းဆိပ်၊ မိုင်းပျိုး၊ ကျိုင်းခန့်၊ နောင်တော၊ အင်းပေါ်ခုံ၊ ရေဆာစတဲ့ ၂၁ ဌာနကို ကြွချီမှာဖြစ်ပါတယ်။