Tuang Za Khai
အစ္စရေးနိုင်ငံ The Hebrew University of Jerusalem, The Robert H. Smith Faculty of Agriculture, Food, and Environment ဌာနမှာ ဖရဲသီးနှင့်ဘက်တီးရီးယားအကြား အပြန်အလှန်ဆက်နွယ်မှုကိုအထူးပြုလေ့လာနေတဲ့ ဓာတ်ခွဲခန်းတစ်ခုမှာ postdoctoral researcher အဖြစ် စာရေးသူဟာ သုတေသနလုပ်နေပါတယ်။
စာရေးသူအကြောင်းကို ထပ်မိတ်ဆက်ရမယ်ဆိုရင် သူဟာ တရုတ်နိုင်ငံမှာ ပညာတော်သင်နဲ့စေလွတ်ခံရပြီး ကလေးတက္ကသိုလ်ကျောင်းတွင် ကထိကရာထူးဖြစ်တာဝန်ထမ်းဆောင်ကာ နွေဦးတော်လှန်ရေးတွင် CDM မှာပါဝင်လို့ အလုပ်ထုတ်ခံရသူလည်းဖြစ်ပါတယ်။
ကဲ သုတေသနအကြောင်းပြန်ဆက်ကြပါစို့။ အထူးသဖြင့် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါကနေ ဖရဲသီးတွေကိုဘယ်လိုကာကွယ်နိုင်မလဲဆိုတာ အဓိကထားပြီး သုတေသနလုပ်နေတာပါ။
ဖရဲသီးတွေကို ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားဘယ်နှစ်မျိုးလောက်ရှိမလဲ။ ဘယ်လောက်ဆိုးဝါးပါသလဲ။
ဖရဲသီးတွေကိုရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားနှင့် ပတ်သက်ပြီး သုတေသနလောကမှာ လောလောဆယ် အသိများတဲ့ ဘက်တီးရီးယား (၄) မျိုးရှိပါတယ်။ ဒီထဲကနေ Acidovorax citrulli လို့ခေါ်သည့် gram negative ဘက်တီးရီးယားတစ်မျိုးက အဆိုးဝါးဆုံးဖြစ်ပြီး ဖရဲသီးမှာဖြစ်နေသည့် ရောဂါအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ သူ့ကြောင့်ဖြစ်တာဖြစ်ပါတယ်။ ဘယ်လောက်ဆိုးသလဲဆိုတော့ ဒီ ဘက်တီးရီးယားက ဖရဲသီးအေပါ် (အသီးမှာဖြစ်ဖြစ် အရွက်မှာဖြစ်ဖြစ်) ကျရောက်လိုက်တာနဲ့ နေရာအနံ့မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားပြီး မဲနက်ပုပ်သိုးသွားစေပါတယ်။ အစ္စရေး၊ တရုတ် စသည့်နိုင်ငံတွေမှာဆို ဒီဘက်တီးရီးယားက ဖရဲသီးထုတ်လုပ်မှုကို ဆိုးဆိုးဝါးဝါးထိခိုက်လျက်ရှိပါတယ်။ ဆိုတော့စောစောက ဘက်တီးရီးယား (၄) မျိုးထဲကနေ Acidovorax citrulli ကိုပဲအဓိကထားပြီး သုတေသနလုပ်နေပါတယ်။
သုတေသန တွေ့ရှိချက်
ဒီဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါကနေ ဖရဲသီးတွေကိုကာကွယ်ဖို့ သုတေသနလုပ်တဲ့နေရာမှာ ဓာတုအခြေခံတဲ့ ပိုးသတ်ဆေး (chemical pesticides) လိုမျိုးမဟုတ် ဘက်တီးရီးယားကိုအခြေခံတဲ့ ပိုးသတ်ဆေးမျိုး (biopesticides), ဒါမှမဟုတ်ရင် biocontrol လို့ခေါ်တဲ့ အကျိုးပြုတဲ့ပိုးမွှားတွေကိုအသုံးပြုပြီး Acidovorax citrulli ကြောင့်ဖြစ်တဲ့ရောဂါကနေ ဖရဲသီးတွေကိုကာကွယ်ဖို့ သီးသန့်ကာကွယ်ဆေးတစ်မျိုး ရလာသည်အထိ လုပ်သွားဖို့ဒီ ဓာတ်ခွဲခန်းရဲ့ရည်မှန်းချက်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အရေးပါတဲ့ တွေ့ရှိချက်တစ်ခု သိပ်မကြာသေးခင်မှာ ကျွန်တော်တို့ လေ့လာတွေ့ရှိနိုင်ခဲ့ပါတယ်။ ဒါက ဖရဲးသီးတွေကိုရောဂါဖြစ်စေဖို့ အဓိကတရားခံတစ်ခုလို့ ပြောလို့ရသည့် effector protein, တနည်းပြောရရင် ရောဂါဖြစ်စေတဲ့ပရိုတင်း တစ်မျိုးဖြစ်တဲ့ AopW1 လို့နာမည်ပေးထားတဲ့ ပရိုတင်းကိုတွေ့ရှိခဲ့ခြင်းပဲဖြစ်ပါတယ်။
AopW1 ဟာ ဖရဲးသီးတွေကိုရောဂါဖြစ်စေဖို့ အဓိကတရားခံတစ်ခုလို့ ဘာလို့ပြောနိုင်လဲ?
စောစောကပြောတဲ့ ဘက်တီးရီးယားရဲ့အထဲမှာ ဖရဲသီးတွေကို ရောဂါဖြစ်စေနိုင်တဲ့ effector protein လို့ခေါ်တဲ့ protein ကတော့ AopW1 တစ်မျိုးထဲရှိတာတော့ မဟုတ်ပါ။ ဒါပေမယ့် ဒီ AopW1 ဟာ ဖရဲသီးအပေါ်ကျရောက်လိုက်တာနဲ့ endoplasmic reticulum, chloroplast, endosome အစရှိသည့်ဖရဲသီးရဲ့အရေးပါတဲ့ နေရာတွေမှာ ချက်ချင်းပဲပျံ့နှံ့သွားပြီး ဆိုးဆိုးရွားရွားပဲ ဖရဲသီးတွေကို ရောဂါဖြစ်စေတာကိုတွေ့ရှိရပါတယ်။ စိတ်ဝင်စားစရာတခုက endosome ထဲမှာရှိတဲ့ endosome-associated protein လို့ခေါ်တဲ့ EHD1 protein ကို overexpression လို့ခေါ်သည့် လိုတာထက်ပိုအလုပ်လုပ်အောင်လှုံဆော်လိုက်ရင် စောစောက AopW1 ရဲ့ ရောဂါပေးနိုင်စွမ်း တော်တော်လေးကျသွားတာကိုလည်းတွေ့ရှိရပါတယ်။ ဒီ AopW1 ရဲ့အစွမ်းကျသွားတာနဲ့အမျှ ရောဂါလက္ခဏာလည်း တော်တော်လေး ကျသွားပါတယ်။ ဆိုတော့ ဒီ AopW1 ဟာ ရောဂါပေးတဲ့နေရာမှာ အစွမ်းတော်တော်လေး ထက်တယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့်မို့ သူဟာ ဖရဲးသီးတွေကိုရောဂါဖြစ်စေသည့် အဓိကတရားခံတစ်ခုလို့ ပြောလို့ရပြီး သူ့ကို EHD1 ပရိုတင်းက ဟန့်တားပေးနိုင်စွမ်းရှိတယ်ဆိုတာလည်းပဲ ကျွန်တော်တို့ သုတေသနအဖွဲ့က လတ်တလောတွေ့ရှိထားတဲ့ စိတ်ဝင်စားစရာတွေ့ရှိချက်တွေပါ။
ဒါဆို ဒီ AopW1 လိုမျိုး ဖရဲသီးတွေကိုရောဂါဖြစ်စေတဲ့ ပရိုတင်းတွေဟာ ဖရဲသီးအပေါ် ဘယ်လိုကျရောက်ပြီး ဘယ်လိုရောဂါပေးလိုက်တာလဲ?
ဒီ AopW1 လိုမျိုး effector ပရိုတင်းတွေဟာဆိုရင် ဘက်တီးရီးယားထဲမှာရှိတဲ့ Type III Secretion Systems ဆိုတဲ့ Systems တစ်ခုကနေတဆင့် ဖရဲသီးအပေါ် အလွယ်တကူကျရောက်ပြီး ရောဂါ ဖြစ်စေတာဖြစ်ပါတယ်။ Type III Secretion Systems ကတော့ ပရိုတင်း အုပ်စုကြီးတစ်ခုဖြစ်ပြီး electron microscope နှင့်ကြည့်လိုက်ရင်ဆေးထိုးအပ်ပုံစံရှိပါတယ်။ ဒီအပ်ပုံစံထဲမှာ အပေါက်သေးသေးလေးတွေပါပါတယ်။ အပ်ရဲ့အောက်ခြေဘက်ကို ဘက်တီးရီးယား ရဲ့ membrane မှာရှိနေပြီး ကျန်တဲ့အချွန်ဘက်ဟာ ဖရဲသီးအပေါ်ရောက်သွားကာ အပ်နဲ့ထိုးသလိုပဲ ထိုးဖောက်ပြီး စောစောကအပေါက်ကနေ effector ပရိုတင်း တွေကို ရောဂါပေးဖို့ဖရဲသီးထဲ အလွယ်တကူရောက်သွားတော့တာပါပဲ။
ဒါဆို အခုဘာဆက်လုပ်ဖို့ရှိပါသလဲ?
စောစောကပြောထားသလိုပါပဲ အခုကျွန်တော်အလုပ်လုပ်နေတဲ့ ဓာတ်ခွဲခန်း ရဲ့ ရည်ရွယ်ချက်တစ်ခုက ဓာတုဆေး အခြေခံသည့် ပိုးသတ်ဆေးတွေ အစားထိုးနိုင်ဖို့ဖြစ်ပါတယ်။ ဆိုတော့ စောစောက AopW1 ကြောင့်ဖြစ်သည့်ရောဂါ ဟန့်တားဖို့ဆိုရင် biocontrol နည်းနဲ့ သွားမလား၊ biopesticides နည်းနဲ့ သွားမလားစသဖြင့်ပေါ့နော်။ မဟုတ်ရင်လည်း peptide တည်ဆောက်ပြီး peptide နဲ့ စောစောက AopW1 ကို EHD1 ပရိုတင်းကနေတဆင့် ဘယ်လို ဟန့်တားဖို့လုပ်သွားမယ်စသဖြင့်စဉ်းစားဆဲဖြစ်ပါတယ်။
ဒါဆို နှစ်ဘယ်လောက်ကြာပြီးမှအောင်မြင်နိုင်မယ်လို့ထင်ပါသလဲ
ပြောလို့မရသေးပါဘူး။ ၄ နှစ် ၅ နှစ်နဲ့အောင်မြင်နိုင်သလို ၁၀ နှစ်မကလည်းကြာနိုင်ပါတယ်။
မှတ်ချက်။ အခုတွေ့ရှိချက်တွေကို Scientific Journal တစ်ခုဖြစ်တဲ့ The Plant Journal, Volume 117, Issue 2 p. 516-540 မှာ published ထားတယ်။