အပစ်ရပ်စာချုပ် NCA နှစ်ပတ်လည်ပွဲကို CNLD ဥက္ကဠဟောင်း ဦးဇိုဇမ်း တက်ရောက်

ချစ်ခြင်းနွေ/ ၁၆၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ရဲ့ ၈ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် အောက်တိုဘာ ၁၅ရက်နေ့မှာ ကျင်းပတဲ့ အခမ်းအနားကို ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ရဲ့ ဥက္ကဠဟောင်း ဦးဇိုဇမ်း တက်ရောက်ခဲ့ပါတယ်။

၂၀၁၅ခုနှစ် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို ချင်းအမျိုးသားတပ်ဦး လက်မှတ်ထိုးစဉ်က ဦးဇိုဇမ်းလည်း တက်ရောက်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် NCA စာချုပ်ဟာ ပျက်ပယ်သွားခဲ့ပြီဖြစ်တယ်လို့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တချို့က ယူဆသုံးသပ်ကြပါတယ်။

ချင်းအမျိုးသားတပ်ဦး CNFကတော့ ပြည်သူတွေအပေါ် ကျုးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို မရပ်တန့်သေးသရွေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ပါဝင်ဆွေးနွေးမှာ မဟုတ်ဘူးလို့  ABSDF, KNU တို့နဲ့အတူ အောက်တိုဘာ ၁၂ ရက်နေ့မှာ ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

NCA ရဲ့ နှစ်ပတ်လည် အခမ်းနားမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံ ဖိတ်ခေါ်ခဲ့ပါတယ်။

“NCA လက်မှတ်ရေးထိုးထားတာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ညှိနှိုင်းရေးတွေကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ကြားပါတယ်” လို့ သူက ပြောပါတယ်။

ကွန်မြူနစ်ပါတီတွေရဲ့ လူမျိုးစု လွတ်မြောက်ရေးဆိုတဲ့ သွေးထိုးမှုတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေ ပေါ်ပေါက်လာတာဖြစ်ပြီး စစ်တပ်ကို မုန်းလို့ ပေါ်ပေါက်လာတဲ့ တိုင်းရင်လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ အခုချိန်ထိ မရှိသေးဘူးလို့ စစ်ကောင်စီရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

၂၀၁၅ခုနှစ်က အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ပါဝင်ခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် ငါးဖွဲ့က စစ်ကောင်စီနဲ့ ဆက်မဆွေးနွေးတော့ပါဘူး။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့က NCA ကို ဆက်လက်ကိုင်စွဲပြီး ဆက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်