အမ်းမြို့နယ်က အမြောက်တပ် အပါအ၀င် စစ်ကောင်စီတပ်ရင်းတပ်ခွဲ ရှစ်ခုကို AA သိမ်းပိုက်

၁၄၊ နို၀င်ဘာ၊ ၂၀၂၄

Zalen

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နပခ လက်အောက်ရှိ တပ်ရင်း၊ တပ်စခန်း ရှစ်ခုကို သိမ်းယူထားတယ်လို့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ အမှတ်-၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်တွေကို သိမ်းယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကျန်ရှိနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် တပ်ရင်းတပ်ခွဲ ဆယ်ခုကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

သိမ်းထားတဲ့စခန်းတွေက ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲဝင်တွေကိုလည်း လိုက်လံချေမှုန်း တိုက်ခိုက်နေတာကြောင့် အမ်း၊ နပခဌာနချုပ် ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နို၀င်ဘာ ၁၃ ရက်နေ့ဟာ AA ရဲ့ အာရက္ခနဲ့ ပလက်၀ဒေသ စစ်‌ဆင်ရေး တစ်နှစ်ပြည့်ဖြစ်ပြီး တစ်နှစ်အတွင်း ချင်းပြည်နယ်က ပလက်၀မြို့ နဲ့ ရခိုင်ပြည်နယ်က ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ မြို့တွေကို သိမ်းပိုက်ထားနိုင်ပါတယ်။

အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို မောင်တောမြို့တစ်ခုလုံး သိမ်းယူနိုင်ဖို့အတွက် နယ်ခြားစောင့် အမှတ် (၅) (နခခ-၅) စခန်း တစ်ခုသာကျန်တော့တာကြောင့် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲကို အမြန်ဆုံးရောက်ရှိစေရေးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းစင်ရေး စတဲ့ ရည်မှန်းချက်တွေအတွက် စစ်ကောင်စီရဲ့လက်ကျန် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ အပြီးသတ် သိမ်းပိုက်နိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်နေပြီလို့လည်း AA ကပြောပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်