အာဆတ်ထွက်ပြေးပြီးနောက် ဆီးရီးယားရှေ့ရေးအလားအလာ

အရှေ့အလယ်ပိုင်းမှာ နှစ်နှစ်ကျော်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးနောက် ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ရဲ့ အစိုးရကျရှုံးမှုဟာ ဒေသအတွင်း သမိုင်းကြောင်းထဲမှာ အလွန်ကြီးမားတဲ့အံ့သြမှုတစ်ခုအဖြစ် မှတ်တမ်းဝင်သွားမှာတော့ သေချာပါတယ်။

၁၂ ရက်တာအတွင်း၊ တိုက်ပွဲဝင်သူတွေဟာ မြောက်ဘက်နဲ့တောင်ဘက်ကနေလည်း စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ကြပြီး ဒမာစကပ်စ်မြို့ရဲ့အလယ်ဗဟိုအထိကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး အာဆတ်မိသားစုရဲ့ တိုင်းပြည်အပေါ်နှစ် ၅၀ ကျော်ကျော် အုပ်ချုပ်မှုကို အဆုံးသတ်သွားစေခဲ့ပါတယ်။ ၂ ပတ်အတွင်းမှာပဲ တော်လှန်ရေးတပ်ပေါင်းစုဟာ ၁၃ နှစ်ခန့် ကြာ အထိ မဖော်ဆောင်နိုင်ခဲ့တဲ့ အောင်မြင်မှုများကို အချိန်တိုအတွင်း ဖော်ဆောင်နိုင်ခဲ့ပါတယ်။

မော်စကိုနှင့်အီရန်တို့ဟာတို့ အာဆတ်ကို အဓိကထောက်ခံသူများဖြစ်ကြပေမဲ့ ရုရှားက ယူကရိန်းနဲ့ စစ်ဖြစ်၊ အီရန်က အစ္စရေး အရေးကြောင့် ကိုယ့်ကျိုးစီးပွားအတွက် အာရုံလွှဲခံရချိန် အာဆတ်ကို လိုအပ်တဲ့ အကူညီမပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

အနည်းအများ၊ အာဆတ်အစိုးရအဖွဲ့ရဲ့  ပြိုလဲမှုဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟာမစ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ပြင်းထန်စွာ အစ္စရေးက ပြန်လည်တိုက်ခိုက်မှုတွေကြောင့် နောက်ဆက်တွဲ အကျိုးအဆက် ဖြစ်ပေါ်လာတဲ့ ရလဒ်တစ်ခုလို့ ပြောရမှာပါ။ ဟားမတ်စ်ရဲ့ ဖျော်ဖြေပွဲကို တိုက်ခိုက်ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်း တစ်ခုလုံးကို စစ်မီးများ တောက်လောင်သွားစေခဲ့ပါတယ်။

အစ္စရေးလေတပ်ကလည်း လပေါင်းများစွာ ဆီးရီးယားကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အီရန်နှင့် ဟတ်စ်ဘိုလာရဲ့ ကိုယ်စားလှယ်တပ်ဖွဲ့ခေါင်းဆောင်များကို အသေသတ်နိုင်ခဲ့သည့် အပြင် အီရန်နှင့် ဟတ်စ်ဘိုလာနဲ့ ဆက်နွယ်နေသော အဆောက်အဦးများကိုလည်း ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။ ဟီဇ်ဘိုလာဟာ လက်ဘနွန်ရှိ တိုက်ခိုက်ရေးအဖွဲ့ဖြစ်ပြီး ပြည်တွင်းစစ်ပွဲအတွင်း အာဆတ်အစိုးရကိုလည်း ထောက်ပံ့ခဲ့ပါတယ်။

ဒါပေမယ့် အရေးကြီးဆုံးကတော့၊ လျှပ်စစ်မိုးကြိုးလို လျင်မြန်တဲ့ ပြောက်ကျားစစ်ဆင်ရေးတွေဟာ အာဆတ်ကို ပြိုလဲစေပြီးတော့ သူ့ရဲ့ အုပ်ချုပ်ရေးကို အဆုံးသတ်သွားစေခဲ့တာ ဖြစ်ပါတယ်။

အာဆတ်ဟာ ၂၀၀၀ ခုနှစ်တွင် သူ့အဖေ ဟာဖက်ဇ်အယ်အဆတ်ရဲ့ နောက်ခံသူအဖြစ် အခြေချခဲ့ပြီး အကြမ်းဖက် ရာဇသံကိုင်စိုးသူ တစ်ယောက်ဖြစ်ပါတယ်။ ပြည်တွင်းစစ်ပွဲအတွင်း ဆန့်ကျင်သူများကို ချေမှုန်းရန် အကြမ်းဖက် နည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။ သူဟာ ပြည်တွင်းစစ်တွင် ဓာတုလက်နက်များ၊ လက်နက်ကြီးများ၊ ဖြတ်လေးဖြတ်နှင့် ဆာလောင်ငတ်မွတ်မှုများကို လက်နက်အဖြစ် အသုံးပြုခဲ့ပြီးတော့ ပြည်သူအများအပြားကို ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် လူသတ်မှုများကို အများဆုံး အသုံးပြုခဲ့ပါတယ်။

၁၀ နှစ်တာစစ်ပွဲအတွင်း နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ခန့်ဖြစ်တဲ့ လူ ၁၂ သန်းကျော် နေရပ်စွန့်ခွာ ခဲဲ့ကြရပါတယ်။ အာဆတ်လက်အောက်က စစ်တပ်ဟာ ပြည်သူများကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားပြီး “ပျောက်ဆုံးနေသူ” လူ တစ်သိန်း ကျော် ခန့်ရှိတယ်လို့ ဆိုပါတယ်။

အာဆတ်အစိုးရ ပြိုကျမှုဟာ သူရဲ့အုပ်ချုပ်မှုအောက်တွင် ဒဏ်ရာရခဲ့သော သန်းနဲ့ချီလူများ ကြိုဆိုတဲ့ သတင်းကောင်းဖြစ်မှာ သေချာပါတယ်။ အာဆတ်ဟာ သူ့ရဲ့ ဆန္ဒအလျှောက် သူရဲ့ပြိုင်ဘက်များနှင့် နိုင်ငံရေး ရေးရာအဖြေရှာရန် ဆွေးနွေးခြင်းကို လုံးဝငြင်းဆိုခဲ့ပါတယ်။ ဒါဟာ နိုင်ငံကိုတည်ငြိမ်မှုအခြေအနေတွင်ရှိစေပြီးတော့ မတူကွဲပြားသောလမ်းကြောင်းတစ်ခုသို့ လမ်းညွှန်စေနိုင်မဲ့ အရာဖြစ်ပေမဲ့ အာဆတ်က ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမဲ့ အများပြည်သူရဲ့ ဝမ်းသာမှုဟာ မကြာခင် အနာဂါတ်မှာ ဘာဖြစ်လာမလဲဆိုတာကို စိုးရိမ်မှုကြောင့် ခဏတာဝမ်းသာမှု ဖြစ်လာမှာတော့ သေချာပါတယ်။

ဒီစစ်ဆင်ရေးကို ဦးဆောင်ဖော်ဆောင်သူထဲမှာ ဟာယတ်တာဟီရ်းအဲလ်ရှမ်ခေါ်တဲ့ အစ္စလမ်လက်နက်ကိုင် တပ်ဖွဲ့လည်း ပါဝင်ပြီးတော့ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ဟာ အရင်က အဲလ်ခိုင်းဒါးနဲ့ ဆက်နွယ်မှုရှိသောကြောင့် ကုလသမဂ္ဂ၊ အမေရိကန်နှင့် တစ်ချို့နိုင်ငံများက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အာဘူမိုဟာမတ်အဲလ်ဂျိုလာနီကတော့ ဒမတ်စကပ်စ်မြို့ကို သိမ်းပိုက်ဖို့ လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ သူကတော့ သိမ်းပိုက်ထားတဲ့ ဒေသများနဲ့ပတ်သက်ပြီး အဓိက ဆုံးဖြတ်ချက် ချမဲ့သူလို့ ထင်ကြေးပေးကြပါတယ်။ သူဟာ အရင်က ISIS နဲ့ အတူတူ တိုက်ပွဲဝင်ခဲ့ဖူးသူ တစ်ယောက် ဖြစ်ပါတယ်။ အမေရိကန်အစိုးရက သူ့ကို ဆုကြေး ကန်ဒေါ်လာ ၁၀ သန်း သတ်မှတ်ကာ အသေရရ အရှင်ရရ ဖမ်းဆီးဖို့ ကြိုးပမ်းနေပါတယ်။

နောက်ထပ် လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ HTS ကတော့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းကို ပြည်သူ့အစိုးရပုံစံနဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက အုပ်ချုပ်လာခဲ့ပြီးတော့၊ သူဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့ကို နူးညံ့သော အစ္စလမ်ရပ်ဝန်းအဖြစ် ပြောင်းလဲသွားရန် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူကလည်း အဖွဲ့ကို အဓိက ကြိုးကိုင် အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ ကုလလို အဖွဲ့အစည်းများကတော့ သူ့လက်အောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့တယ်လို့ ပြောပါတယ်။

တကယ်လို့ အသက် ၄၂ နှစ်အရွယ်ရှိတဲ့ ကျိုလာနီဟာ အုပ်ချုပ်ရေးတွင် သူ့ရဲ့ အိမ်မက်ကို အကောင်အထည် ဖော်လာနိုင်ပါက အနောက်နိုင်ငံများအနေနဲ့ HTS နှင့် သူနဲ့ပတ်သက်ပြီး ဘယ်လို ဆက်ဆံရမလဲဆိုတာ ခေါင်းကိုက်စရာ ဖြစ်လာမှာ သေချာပါတယ်။

ဒါပေမယ့် HTS ဟာ မူရင်း လှုပ်ရှားမှုမှ ကျန်ရှိနေသော အခြား လက်နက်ကိုင်အဖွဲ့အစည်းများစွာအနက် တစ်ခုသာဖြစ်ပါတယ်။ အရင်ကတော့ ဒီအုပ်စုများဟာ အချင်းချင်းတိုက်ခိုက်ခဲ့ကြတဲ့ အုပ်စုများဖြစ်ကြပါတယ်။

လက်ရှိ နောက်ဆုံး စစ်ဆင်ရေးမှာတော့ HTS နဲ့ ပူးပေါင်းတပ်များဟာ တူရကီကျောထောက်နောက်ခံ အုပ်စုများနဲ့အတူ SNA နာမည်အောက်တွင် ဒမတ်စကပ်စ်မြို့ကို တောင်ပိုင်းကနေ စတင်ထိုးစစ်ဆင်နေပါတယ်။

ဆို​တော့ စစ်မှန်တဲ့ စိန်ခေါ်မှုဟာ အဖွဲ့များစွာ ပူးပေါင်းပါဝင်နေတဲ့ ဒီစစ်ဆင်ရေးမှာ အောင်မြင်မှုကနေ ရရှိလာတဲ့ အမြတ်အစွန်းများ ခွဲဝေမှုက အဓိက စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။

မာလစ်အယ်လ်အဘ်ဒဲလို့ခေါ်တဲ့ စီရီးယားအရေး သုံးသပ်သူတစ်ဦးက HTS နှင့် အခြားအဖွဲ့အစည်းများကြား ပူးပေါင်းမှုရှိလာတာတောင် အားရကျေနပ်နေပါတယ်။ သူကတော့ အာဏာရှင် အာဆတ်အုပ်ချုပ်မှု အဆုံးသတ်ဖို့ ဒီလို ပူးပေါင်းကြတာလို့ မြင်ပါတယ်။

“ဒီလို ကြီးမားတဲ့ အောင်မြင်မှုများ ရရှိဖို့ အကြမ်းဖက်မှုများလည်း ရှိနိုင်ခဲ့တယ်ဆိုပေမဲ့ ဒါဟာ ယုံကြည်ဖို့တောင် ခက်တဲ့ အောင်မြင်မှုမျိုးပါ။ HTS နှင့် ဂျိုလာနီတို့အကြားမှာ အစီစဉ်တော့ ရှိမှာပါ၊ ဒါကပဲ လူအများစုကို စိတ်သက်သာ ရစေတာ ဖြစ်ပါတယ်” လို့ မာလစ်က ပြောပါတယ်။

ဆူနီမူဆလင်များအပြင် အရင်က ISIS ကို တိုက်ခိုက်တုန်းက အမေရိကန်အားပေးပံ့ပိုးခဲ့တဲ့ ခူဒစ်ရှ်ဦးဆောင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့များလည်း ပါဝင်ပါတယ်။ ဒီအဖွဲ့ကလည်း ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကို ထိန်းချုပ်ထားပါတယ်။

တူရကီကတော့ ခူဒစ်ရှိအဖွဲ့ဟာ ကိုယ်ပိုင် ပြည်နယ်ခွဲထွက်ရေးအတွက် တိုက်ပွဲဝင်နေတယ်လို့ စွပ်စွဲထားပြီးတော့ အရင်ကလည်း နယ်မြေတိုးချဲ့နိုင်ခဲ့တဲ့ ခူဒစ်ရှ်တပ်ဖွဲ့ကို ခုခံရန်အတွက် တူရကီစစ်တပ်ကို အသုံးပြုခဲ့ရပါတယ်။ ဆိုတော့ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဘာကို ဆိုလိုတာလဲ ဆိုရင် ဒီဆီးရီးယားဖြစ်စဉ်မှာ တူရကီဟာ ဩဇာလွမ်းမိုးမှု အရှိဆုံးလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဆီးရီးယားအရေး ဆုံးဖြတ်ချက်မှာ တူရကီရဲ့ ပါဝင်မှုဟာ အရေးပါလာမှာ ဖြစ်ပါတယ်။

တူရကီဟာ HTS နှင့် ဆက်ဆံရေးက ကွဲပြားပြီး တစ်ခါတလေ ရှုပ်ထွေးမှုရှိသော ဆက်ဆံရေးတစ်ခုရှိတတ်ပါတယ်။ ပြီးတော့ HTS အဖွဲ့ကို တူရကီက အကြမ်းဖက်အဖွဲ့လို့လည်း သတ်မှတ်ထားပါတယ်။

ဒီလို ဖြစ်လာနိုင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအကြားက အငြင်းအပွားအပြင် အရင်က ဆီးရီးယားဒေသ တော်တော်များများကို ထိန်းချုပ်နိုင်ခဲ့ဖူးတဲ့ ISIS ဟာ ဒီလို အခြေနေများကို အခွင့်ကောင်းယူပြီး ပြန်လာမှာကိုလည်း စိုးရိမ်စရာ ရှိလာပါတယ်။

ဆီရီးယားနိုင်ငံဟာ လူနည်းစု မျိုးနွယ်များစွာနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဆီးရီးယားအတွက် ရှေ့လာမဲ့ အရေးဟာ အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာဖြစ်ပါတယ်။ ပြီးတော့ ဆီးရီးယားနိုင်ငံဟာ လူမျိုးနွယ်စုများစွာ၊ ဘာသာပေါင်းများစွာနှင့် ဂိုဏ်းကွဲများစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။

စစ်ဆင်ရေးကာလအတွင်း လက်တွေ့သမားဖြစ်တဲ့ ဂျိုလာနီကတော့ လူမျိုးနွယ်စုများ၊ သူ့ရဲ့ အရင်က ရန်သူများနဲ့ ချိတ်ဆက်ပြီးတော့ လူနည်းစုကို ကာကွယ်ပေးရေးကို အလေးထား အမိန့်ပေးခဲ့သလို ရန်သူများ လက်နက်ချရေးအတွက်ကိုလည်း ကြိုးပမ်းခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ အစ္စရေး၊ ဂျော်ဒန်နှင့် ဘက်ဘနွန်နိုင်ငံတို့ကလည်း သတိနဲ့ စောင့်ကြည့်ကြမှာတော့ သေချာပါတယ်။ ဒီနိုင်ငံများကတော့ လွန်ခဲ့တဲ့နှစ်များအတွင်း အစ္စလမ်မစ်လှုပ်ရှားမှုများဟာ ဒေသအတွင်း တည်ငြိမ်ရေးကို ဖြစ်ပွားစေခဲ့တယ်လို့ မြင်ခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ်တုန်းက အရှေ့အလယ်ပိုင်းမှာ အာဏာရှင်တော်လှန်ရေး စတင်ချိန်တွင် ဒေသအတွင်းမှာလည်း အကျိုးဆက်များစွာ ဖြစ်ပွားစေခဲ့ပါတယ်။ ဒါပေမဲ့ အများထင်သလို မဖြစ်ခဲ့ဘဲ အချိန်တိုအတွင်း ငြိမ်သွားခဲ့ပါတယ်။

ဆီးရီးယားကတော့ ဆိုးရွားတဲ့ ပြည်တွင်းစစ်ကို ဦးတည်သွားခဲ့ပါတယ်။ အီဂျစ်မှာလည်း သမ္မတဟိုစနီမူဘာရတ်ရဲ့ အစိုးရကို ဖြုတ်ချပြီးတော့ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ အဲနောက်တော့ အရက်စက်ဆုံး အာဏာရှင်အစိုးရ တက်လာခဲ့ပါတယ်။

လီဗျားနိုင်ငံမှာလည်း ဒီမိုကရေစီစနစ်နဲ့ အချိန်တစ်ခုအထိ သွားနိုင်ခဲ့ပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်း အပြန်အလှန် သတ်ဖြတ်မှုများ ရှိလာခဲ့ပြီးနောက် နိုင်ငံဟာ ပြည်တွင်း မငြိမ်မသက်မှု ထပ်ဖြစ်ပေါ်စေခဲ့ပါတယ်။

ဆီးရီးယားရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဟာ နောက်ဆုံးတော့ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်၊ ဒါကြောင့် ဆီးရီးယားအနေနဲ့ ပြိုလဲမှုကို ပြန်လည် တည်ဆောက်ပြီး နှစ်ရှည်အချိန်ယူ တည်ဆောက်ရမဲ့ နိုင်ငံပြန်လည် ထူထောင်ရေးနှင့် ပြန်လည် သင့်မြတ်ရေးကို စတင်နိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။

မှတ်ချက်။ ဤဆောင်းပါးကို Financial Times တွင်ဖော်ပြသည့်ဆောင်းပါးကိုဆီလျှော်အောင် ဘာသာပြန်ထားပါသည်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်