အာဏာအသိမ်းခံရသည့် ICNCC နှင့် အနာဂတ်အလားလာ

R.Lakher ရေးသည်။

Interim Chin National Consultative Council (ICNCC) ကို နားလည်ရန် Consultative ဟူသော စကားလုံးအနက်အဓိပ္ပာယ်ကို နားလည်ရန် လိုအပ်ပါသည်။ Consultative ဟူသော စကားလုံးသည် နာမဝိသေသန ဖြစ်ပြီး “consult ” မှ ဆင်းသက်လာပြီး အကြံပေးသည် (သို့) အတိုင်ပင်ခံ သည် ဟု အဓိပ္ပာယ်ရသည်။ နိုင်ငံရေး တွင် အကြံပေးခြင်း ဟူသည်မှာ ဆုံးဖြတ်ချက်ချခြင်း(Decision/Policy Making ) မဟုတ်ဘဲ ဆုံးဖြတ်ချက်ချသူ (Decision/Policy Makers) များကို အကြံပေးခြင်း  ဖြစ်သည်။ ဆုံးဖြတ်ချက်ချသူများ မှ အကြံပေးသူများ၏ အကြံပေးခြင်းကို လက်မခံပါက အကြံပေးသူများအနေဖြင့် ဘာမှ မတတ်နိုင်ပေ။

သို့သော် ယနေ့ မြန်မာ့တော်လှန်ရေးတွင် NUG/CRPH/NUCC အကြား လုပ်ပိုင်ခွင့်အာဏာ အခန်းကဏ္ဍ  ရှုပ်ထွေးမှုများစွာရှိနေသည်။ “Consultative” စကားလုံးကို NLD အစိုးရ လက်ထက် တွင် အသုံးပြုသော ဒေါ်အောင်ဆန်းစုကြည်၏ နေရာ အတိုင်ပင်ခံ ပုဂ္ဂိုလ် (State Counsellor) ၏ နိုင်ငံရေး ဝေါဟာရ နဲ နီးစပ်မှုရှိနေပြီး ၎င်း၏ နိုင်ငံရေးအယူအဆ (concept) ကိုအခြခံပြီး ဖဲ့ယူသုံးထားခြင်းဖြစ်သည်ဟု မြင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် (အတိုင်ပင်ခံ ပုဂ္ဂိုလ်) သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင် အသိအမှတ်မပြုထားခြင်းကြောင့် နိုင်ငံတော်၏ တရားဝင် ဆုံးဖြတ်ချက်များကို ဒေါ်အောင်ဆန်းဆုကြည်က မဆုံးဖြတ်ပဲ သမ္မတ ဦးဝင်းမြင့်က သာ ဆုံးဖြတ်ချက်ချ လက်မှတ်ထိုး ရသည်။ ထိုနည်းတူ NUCC နှင့် ICNCC တို့သည် Policy Makers  များမဟုတ်ပဲ့ CRPH/NUG ကို အကြံပြုရန် နှင့် ထိန်းကြောင်းရန်သာ ဖြစ်သည် ကို နားလည်ရန် လိုအပ်သည်။

သို့သော် နိုင်ငံရေးသမားများမှ ၎င်းတို့၏ နိုင်ငံရေးအကျိုးစီးပွား အာဏာ အတွက် ဝေါဟာရ များကို လိုရာသုံး (politicise) လုပ်တတ်ကြ သည်။ နိုင်ငံရေးသမားများ၏ သဘောထားမကြီးမှုများကြောင့်  လုပ်ပိုင်ခွင့်အာဏာများထပ်နေသည့် အစုအဖွဲ့ (၃) ခု (NUG/CRPH/NUCC) ထိ ပေါ်ပေါက်လာရပြီး တော်လှန်ရေးလည်း ထင်သလောက် ခရီးမပေါက်ဘဲ နှေးကွေးနေရခြင်း ဖြစ်သည်။

ICNCC ကိုနားလည်ရန် NUCC ကိုနားလည်ရန်အရေးကြီးသည်။

ယနေ့ မြန်မာ့တော်လှန်ရေးသည် အာဏာရှင် စစ်ကောင်စီကို ယှဥ်ပြိုင်အစိုးရ (Parallel Government) စနစ်ဖြစ် ဖြင့် တော်လှန်နေကြသည် ။ အစိုးရ (Government) တစ်ရပ်သည် ဥပဒေပြုရေး (Legislative)၊ အုပ်ချုပ်ရေး (Excutive)၊ တရားစီရင်ရေး (Judicial) ဟူ၍ မဏ္ဍိုင် (၃) ရပ်ရှိရန်လိုအပ်သည်။ Legislative သည် ဥပဒေပြုရေး ဖြစ်ပြီး CRPH ကို ဆိုလိုသည်။ NUG သည် အုပ်ချုပ်ရေး (Executive Body) ဖြစ်ပြီး အစိုးရဖြစ်သည်။ သို့သော် NUG ကို ဥပဒေအရ ထိန်းကြောင်းရန် လွတ်လပ်သော တရားစီရင်ရေး (Independent Judiciary Body) ကိုမတွေ့ရပေ။ ထို့ကြောင့် ယနေ့ တော်လှန်ရေးအစိုးရ သည် အင်္ဂါ မပြည့်စုံသော တော်လှန်ရေး အစိုးရ ဖြစ်နေသည်။  NUCC သည် အတိုင်ပင်ခံကောင်စီ ဖြစ်သော်လည်း  အကြံပေးသူ/အတိုင်ပင်ခံ (Consultant role)မှ ဆုံးဖြတ်ချက်ချသူ (Decision/Policy Makers) ဖြစ်လာပြီး NUCC/CRPH/NUG တို့ အကြားရှုပ်ထွေးမှုဖြစ်လာသည်။ CRPH သည် ဥပဒေများကို ပြဌာန်းရန်ဖြစ်သော်လည်း NUCC မှ မူဝါဒများကို  ပြဌာန်းလာသည်။ ဥပမာ- CDM Policy သည် CRPH သို့ NUG က ပြဌာန်းရမည် ဖြစ်သော် လည်း NUCC မှ ပြဌာန်းသည်ကို တွေ့ရသည်။ ထို့ကြောင့်  NUCC သည် NUG ၏ အစိုးရ လုပ်ငန်းတာဝန်များကို လည်း လုပ်ဆောင်လာသည်ဟု ပြောစရာ ရှိလာသည်။ အခြားတစ်ဖက်တွင် CRPH သည် NUCC ၏ အဖွဲ့ဝင် ဖြစ်နေပြန်သည်။ အစိုးရ လုပ်သော သူ ကိုယ်တိုင် အတိုင်ပင်ခံ ဖြစ်နေသည်။ ထိုကဲ့သို့ လုပ်ပိုင်ခွင့်အာဏာ အခန်းကဏ္ဍ မရှင်းမလင်းဖြစ်နေပြီး ရှုပ်ထွေးနေသော အချက်များကြောင့် တိုင်းရင်သားလက်နက်ကိုင် (EAOs) တချို့နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများမှ NUG နဲ့ လက်တွဲရန် တုံးဆိုင်းနေကြရခြင်းဖြစ်သည် ဟု ပညာရှင်တစ်ချို့မှ ထောက်ပြမှုများရှိနေသည်။ ထို့ကြောင့် ယနေ့ တော်လှန်ရေး၏ အဓိက ပြဿနာ တစ်ခုမှာ NUCC/NUG/CRPH တို့ကြားမရှင်းလင်းသော လုပ်ပိုင်ခွင့်အာဏာ အခန်းကဏ္ဍပဋိပက္ခများ (Role of Conflicts) ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

ICNCC ကို ဘယ်လိုဖွဲ့စည်းထားသလဲ?

ICNCC ကို အစုအဖွဲ့ (၄) စု ဖြစ်သော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံချင်းလွှတ်တော်အမတ်များ(CRCH)၊ Chin National Front (CNF)၊ CDM အစုအဖွဲ့ နှင့် နိုင်ငံရေးပါတီ(Political Party)များဖြင့် ဖွဲ့စည်းထားသည်။ ICNCC ၏ လက်တွေ့ကျကျ ဦးဆောင်မှုမပေးနေခြင်းကြောင့်  CNF သည် ၂၀၂၃ ခုနစ် ဧပြီလ (၄) ရက်နေ့တွင် ICNCC မှ နှုတ်ထွက်သွားခဲ့သည်။ CDM အဖွဲ့သည် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ခြင်းမရှိသော ကြောင့် ICNCC တွင် ကောင်းမွန်သော ကိုယ်စားပြုမှု အပြည့်အဝ မရှိသည် ကို တွေ့ရသည်။ ထို့အပြင် ICNCC မှ ရွေးကောက်ခံ လွှတ်တော်အမတ် တစ်ချို့သည် Chinland Council ထဲ ဝင်သွားကြပြီဖြစ်သော ကြောင့်  ICNCC တွင် ရွေးကောက်ခံ အမတ်တစ်ချို့ (NLD) သာ ကျန်ရှိတော့သည်။ ထို့ကြောင့် ICNCC သည် မြေပြင်ထိန်းချုပ်မှု (Defacto) မရှိသော ပျက်စီးနီးပါး အင်အားမရှိသောအဖွဲ့မျှသာ ဖြစ်နေပြီ ဟု ဆိုရမည်ဖြစ်သည်။ ICNCC ၏ နိုင်ငံရေး အာဏာ (political power)သည် မြေပြင် ပြည်သူလူထု နှင့် လက်နက်အင်အား၌ မရှိဘဲ  ဗဟို NUCC၊CRPH နှင့် NLD မှ ဆင်းသက်သည်။  ICNCC အခြေအနေအားလုံး သည် NUCC၊ NUG၊ CRPH ပေါ်တွင်မူတည်နေသည်။ တစ်နည်းအားဖြင့် NUCC သည် ICNCC ၏ ဖခင်ဖြစ်သည်။ NUCC အင်အားကောင်းမှသာ ICNCC လည်းအတိုင်းအတာ တစ်ခုထိ အင်အားကောင်းမည် ဖြစ်သည်။ သတိချပ်ရမည့် အရာ တစ်ခုမှာ အာဏာမသိမ်းခင်ကဲ့သို့ ပြည်နယ်အစိုးရများမှ ဗဟိုအစိုးရ အပေါ် မှီခိုအားကိုး သကဲ့သို့ တော်လှန်ရေးကာလ တွင်  မရတော့ပေ။ ထို့ကြောင့် ICNCC သည် လက်ရှိအချိန်တွင် နာမည်မျှသာ ရှိပြီး အသက်ရှုရပ်ခါနီး အခြေနေတွင် ရောက်နေသည်။

ICNCC ဘာတွေ လုပ်ခဲ့ပြီးပြီလဲ?

ICNCC ၏ သုံးနှစ်နီးပါး လုပ်ဆောင်ချက်များကို လေ့လာကြည့်ပါက ဘယ်အရာမှ မယ်မယ်ရရ လုပ် ဆောင်ခဲ့သည်ကို မတွေ့ရပါ။  အွန်လိုင်းအစည်းအဝေး များ လုပ်ခြင်း နှင့် ထုတ်ပြန်ချက်များ ထုတ်ခြင်းဖြင့်သာ နှစ် နှစ်ကျော်ဖြတ်သန်းခဲ့ကြသည်ကို တွေ့ရသည်။ တစ်လ (နှစ်လ) အတွင်း ဆွဲ၍ ပြီးနိုင်သော Chin-CMD Policy ကို တစ်နှစ် ကျော်ကြာ အချိန်ယူပြီး ရေးဆွဲ့ခဲ့ကြသည်ကို တွေ့ရသည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့်ICNCC သည်နာမည်မျှသာ ရှိပြီး မြေပြင်တွင်ဘာမျှမလုပ်နိုင်သော အဖွဲ့အစည်းဖြစ်နေသည်မှာ ထင်ရှားသည်။ ICNCC ၏ နောက် အားနည်းချက်တစ်ခုမှာ ICNCC လူကြီးများသည် မီဇိုရမ်ပြည်နယ် နှင့် အခြားလွတ်မြောက်နယ်မြေများ၌ နေထိုင်ကြ ပြီး မြေပြင် နှင့် အဆက်သွယ်ပြတ်နေသည့် ပြဿနာဖြစ်သည်။ နောက်ဆုံး ICNCC ကြုံရသည့် အကြီးမားဆုံး စိန်ခေါ်မှုမှာ ၂၀၂၃ ခုနစ် ဒီဇင်ဘာလ(၃-၇) တွင် ကျင်းပအတည်ပြုသော Chinland Council မှ ICNCC ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ICNCC သည် အာဏာသိမ်းခံရသည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။

လက်ရှိအခြေနေတွင် NUG နှင့် NUCC တို့သည် လိုရာမရောက်ဘဲ အားနည်းချက်များစွာရှိနေသည်ကို မြင်တွေ့နိုင်ပြီး ၎င်းတို့လက်အောက်ခံဖြစ်သော ICNCC သည်လည်း အလားတူ ဖြစ်သည်။

ICNCC အနာဂတ်အလားအလာ

မကြာသေးခင်က ICNCC နှင့် Chinland Council ဖွဲ့စည်းမှုကို လက်မခံသော CNO၊ Mindat-CDF၊ ZFU တို့ တွေ့ဆုံမှုများရှိသည်ကို တွေ့ရသည်။ အကယ်၍ တွေ့ဆုံမှု အဆင်ပြေပြီး အနာဂတ်တွင် ICNCC နှင့် CNO/ZFU/Mindat-CDF တို့ စနစ်တကျပူးပေါင်းဆောင်ရွက်မှုများပြုလုပ်လာပါက ချင်းပြည်နယ် ၏တော်လှန်ရေးတွင် အပြောင်းအလဲ (Game Changing) တစ်စုံတစ်ရာဖြစ်လာနိုင်သည်။ သို့သော် ရှေ့တွင် ဖော်ပြပြီး သကဲ့သို့ ICNCC ၏ နိုင်ငံရေး အာဏာသည် ဗဟိုအစုအဖွဲ့ဖြစ်သော NUCC/CRPH/NUG/NLD တွင် မူတည်နေသော ကြောင့် မျော်လင့်စရာ များများစားစား မရှိပေ။ ထို့အပြင် အာဏာအသိမ်းမခံမီ သွားပုံသွားနည်းအတိုင်းသာ ဆက်သွားမည်ဆိုပါက ICNCC သည် ကြေညာချက်ထုတ်ပြန်ခြင်းမှ အပ ဘယ်အရာမှ လုပ်ဆောင်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ထို့ကြောင့် ICNCC၏ အနာဂတ်သည် မသေချာမရေရာပဲ NUCC နှင့် CNO/ZFU/Mindat-CDF တို့ ပေါ်တွင် မူတည်နေသည်ဟု သုံးသပ်မိပါသည်။

R.Lakher

Chin Politics and Revolution Observer

Researcher and Writer

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်