ဇူလိုင်လ ၁၅၊ ၂၀၂၅။
Zalen
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မကြားအိမ်နူးကျေးရွာမှာ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ဝင်ရောက်တပ်စွဲခွင့်ပြုမှာ မဟုတ်ဘူးလို့ ကျေးရွာလူထုတွေက ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မလိုလားအပ်တဲ့အငြင်းပွားမှုတွေ အခက်အခဲတွေကို ကြိုတင်ကာကွယ် တားဆီးနိုင် ရေး ရည်ရွယ်ချက်ဖြင့် အခုလို တပ်စွဲခွင့်မပြုတာဖြစ်တယ်လို့ ဆိုပါတယ်။
မကြားအိမ်နူးကျေးရွာမှာ တပ်စွဲထားတဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တပ်မဟာ ၅ ရဲ့ တပ်ရင်း ၁ မှ ယာယီတပ်ဆုတ်ခွာလိုက်ပြီးနောက် CDF-Daai မှ ၎င်းနေရာမှာ ဝင်ရောက်ရန် ကျေးရွာလူထုကို ဖိအားပေးညှိနှိုင်းလာပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့မနက်မှာ ကျင်းပပြုလုပ်တဲ့ လူထုအစည်းအဝေးမှာ ကျေးရွာလူထုဆန္ဒသဘောများထားဖြင့် မကြားအိမ်နူးကျေးရွာမှာ မည်သည့်လက်နက်ကိုင်အဖွဲ့မှ တပ်စွဲခွင့်မပြုဘူးလို့ ဆုံးဖြတ်ကြတာပါ။
ဒါ့အပြင် မကြားအိမ်နူးကျေးရွာနယ်နိမိတ်အတွင်း မည်သည့်နေရာတွင်မဆို ဝင်ရောက်တပ်စွဲထားတာကိုလည်း (လုံး၀) လုံးဝ တားမြစ်ထားတယ်လို့ ဆိုပါတယ်။
ကျေးရွာလူထုရဲ့ တားမြစ်ချက်ကို ချိုးဖောက်ဝင်ရောက်တပ်စွဲလာတဲ့ မည်သည့်လက် နက်ကိုင်အဖွဲ့အစည်းကိုမဆို နောက်ဆက်တွဲပေါ်ပေါက်လာတဲ့ ပြဿနာများအားလုံး တာဝန်ယူရမယ်ဖြစ်ပါတယ်။
ပြည်သူလူထုသဘောထားကို CDF-Daai အနေဖြင့် တစ်စုံတစ်ရာကျူးလွန်ချိုးဖောက်လာပါက မကြားအိမ်နူးဟာ DRC(ဒိုင်ရ်ဒေသန္တရကောင်စီ) နဲ့ လုံးဝပတ်သက်ဆက်နွယ်တာရှိတော့မယ် မဟုတ်ဘူးလို့ ဆိုပါတယ်။
အခုလို ထုတ်ပြန်ရတာဟာ မကြားအိမ်နူးကျေးရွာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ စစ်အာဏာရှင်စနစ်တော်လှန်ရေးကနေ နှုတ်ထွက်သွားတာ မဟုတ်ပါဘူး။ ချင်းအမျိုးသားတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အမျိုးသားနိုင်ငံရေးမှာ ပါဝင်လာနိုင်စေဖို့ဖြစ်ပါတယ်။
ချင်းလူမျိုးအချင်းချင်းကြား လူမျိုးရေးပြသနာတွေ၊ တော်လှန်ရေးအင်အားစုများအကြား သဘောထားကွဲလွဲ မှုတွေနဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ မလိုလားအပ်တဲ့အငြင်းပွားမှုစတဲ့ အခက်အခဲတွေကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေး ရည်ရွယ်ချက်သာဖြစ်တယ်လို့ ဆိုပါတယ်။
သတင်း-ခူမီး