ကမ္ဘာ့ဘဏ်ချေးငွေနဲ့ အခြေခံပညာကျောင်းများကူညီမယ့်စာရင်းတွင် ချင်းပြည်နယ်မှ ၄ မြို့နယ်ပါဝင်
ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ နဲ့ အခြေခံပညာကျောင်းများကူညီဆောင်ရွက်မယ့် မြို့နယ် (၁၁၅)မြို့နယ်ထဲတွင် ချင်းပြည်နယ်မှ ၄ မြို့နယ်ပါဝင်တယ်လို့သတင်းရရှိပါတယ်။
ယင်းမြို့နယ်များမှာ ပလက်ဝ၊ ကန်ပက်လက်၊ မင်းတပ် နဲ့ ထန်တလန်မြို့နယ် ဖြစ်ပြီး ယင်းမြို့နယ်အတွင်းရှိ ကျောင်းများအားလုံးပါဝင်တယ်လို့ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ထံမှသိရပါတယ်။
ဆလိုင်းမျိုးထိုက်က “ဒီချေးငွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးရင် စတင်အကောင်အထည်ဖော် မှာ။ ဖြစ်စေချင်တာက ပြည်ထောင်စုကချပေးတဲ့ ဘဏ္ဍာတွေကို အောက်ခြေထိ ချောချောမွေ့မွေ့ရောက်စေချင်တယ်။ တခြားဘတ်ဂျက်ကနေချပေးလို့ ကျောင်းဆောက်တာတောင် ကျေးရွာသားတွေက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြောကြတယ်လေ။ ဒီလောက် ပမာဏနဲ့ ထိထိရောက်ရောက်လုပ်ရင် ကလေးတွေပညာရေးမှာ အကျိုးရှိလာမယ်လို့ယူဆတယ်” လို့ပြောပါတယ်။
ယင်းချေးငွေကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က စက်တင်ဘာ (၁၆) ရက်တွင် စာအမှတ် (၈၃၁) နဲ့ ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ထားပါတယ်။
ထောက်ပံ့ကူညီမယ့် မြို့နယ်များရွေးချယ်ရာတွင် ပညာရေးဝန်ကြီးဌာနက နယ်ပယ်စုံချို့တဲ့မှုညွှန်ကိန်း၊ ဝေးလံခက်ခဲညွှန်ကိန်း၊ ပညာရေးညွှန်ကိန်း၊ ကျန်းမာရေးညွှန်ကိန်းများ စံသတ်မှတ်ချက်နဲ့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒီစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ထိ ၄ နှစ်ကြာမှာဖြစ်ပြီး အခြေခံပညာကျောင်းပေါင်း ၁၅,၀၀၀ ခန့်ပါဝင်ပါတယ်။
ချေးငွေဆိုင်ရာ စည်းကမ်းချက်တွေကတော့ ဆိုင်းငံ့ကာလ ၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်၊ စုစုပေါင်း နှစ် ၃၀ ဖြစ်ပြိး အတိုးနှုန်းမှာ တစ်နှစ်တွင် ၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ ဝန်ဆောင်ခ ၀ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်ပါတယ်။
စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မယ့်ပုံစံမှာ အပိုင်း (၄)ပိုင်းဖြစ်ဆောင်ရွက်မှာဖြစ်ပြီး (၁) အခြေခံပညာကျောင်းများတွင် အရည်အသွေး နဲ့ လူတိုင်းအကျုံးဝင်မှုအားတိုးတက်စေရန်၊ (၂) ကျောင်းထွက်နိုင်ခြေရှိတဲ့ ကလေးများအတွက် အရည်အသွေးရှိ အခြေခံပညာကို သင်ယူခွင့်ရရှိစေရေး၊ (၃) ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနဲ့ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်များ အားကောင်းစေရန်၊ (၄) နည်းပညာဆိုင်ရာ အထောက်အပံ့များရယူရန်တို့ဖြစ်ပါတ်။