ကိုဗန်(တောင်ပေါ်မြေ)
နှစ်ပေါင်း(၆၀)ကျော်အတွင်း လူသားတွေ ထုတ်လုပ် သုံးစွဲခဲ့တဲ့ ပလတ်စတစ် အလေးချိန်ပေါင်းဟာ တန်ချိန်(၈.၄)ဘီလီယံခန့် ရှိနေပြီး ကမ္ဘာ့လူဦးရေထက်တောင် ပိုများတယ်ဆိုတာ။
အမှန်ပါပဲ။ ကမ္ဘာ့လူဦးရေဟာ လာမယ့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလရောက်ရင် စုစုပေါင်းလူဦးရေ (၈)ဘီလီယံပြည့်လာမှာ ဖြစ်ပြီး ပလတ်စတစ်သုံးစွဲမှုနဲ့ ယှဉ်ရင် လူတစ်ဦးကို ပလတ်စတစ်အမှိုက်ပေါင်း တစ်တန်ကျော် ကို ပိုင်ဆိုင်နေတာ တွေ့ရမှာပါ။ ကမ္ဘာ့ကြီးမှာ လူတွေဟာ နှစ်စဉ် စွန့်ပစ်ပစ္စည်း (၁၁.၂)ဘီလီယံခန့်ကို နေရာအမျိုးမျိုးမှာ စွန့်ပစ်နေကြပြီး ယင်းထဲက တန်ချိန်(၈)သန်းကျော်ဟာ ပလတ်စတစ်ပစ္စည်းတွေ ဖြစ်ပါတယ်။
ကျွန်တော်တို့ ကမ္ဘာကြီးမှာ နေထိုင်တုန်း ကျွန်တော်တို့ထက် ပိုသော ပလတ်စတစ်ပမာဏကို သုံးစွဲနေကြတာ ဖြစ်ပြီး ထုတ်လုပ်သုံးစွဲတဲ့ ပလတ်စတစ်(၇၀)ရာခိုင်နှုန်းဟာ အလေအလွင့်ဖြစ်ကာ အင်းအိုင်မြစ်ချောင်းနဲ့ ပင်လယ်သမုဒ္ဒရာအတွင်းကို စွန့်ပစ်ခဲ့ကြတာပါ။ ထုတ်လုပ်ပြီးသမျှ ပလတ်စတစ်(၁၂)ရာခိုင်နှုန်းကိုသာ မီးရှို့ဖျက်ဆီးနိုင်တာမို့ (၈၀)ရာခိုင်နှုန်းကျော်ဟာ ကမ္ဘာ့နေရာအနှံ့ကို အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ပြန့်နှံ့သွားပါတယ်။
ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် လာမယ့် နှစ်(၃၀)အတွင်း ပလတ်စတစ် စွန့်ပစ်ပစ္စည်း ပမာဏပေါင်းသည် တန်ချိန်(၁၂)ဘီလီယံခန့်အထိ ရှိလာမှာ ဖြစ်တာကြောင့် အလွန်စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ နေ့စဉ် ကမ္ဘာ့လူဦးရေ တိုးတက်ကာ ပလတ်စတစ်သုံးစွဲမှုနှုန်းကလည်း မြင့်တက်လာနေသလို လူတွေရဲ့ ပလတ်စတစ်ကို စည်းမဲ့ကမ်းမဲ့ သုံးစွဲမှုနှုန်းကလည်း မြင့်တက်လာပါတယ်။
ကမ္ဘာကြီးမှာ လူတွေဟာ ပလတ်စတစ်ပေါင်း သန်း(၅၀၀)ကနေ တစ်ထရီလီယံအထိကို နှစ်စဉ် ထုတ်လုပ်သုံးစွဲနေကြပြီး မိနစ်တိုင်းမှာ ပလတ်စတစ်ပေါင်းတစ်သန်း နီးပါးကို စွန့်ပစ်နေကြတယ် လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။ ပြန်လည် အသုံးပြုတာလည်း နည်းပါးတဲ့ အတွက် အသုံးပြုပြီး ပလတ်စတစ်(၇၉)ရာခိုင်နှုန်းဟာ အမှိုက် အဖြစ် စွန့်ပစ်လိုက်ကြတာ တွေ့ရပါတယ်။
ပင်လယ်အတွင်း ပလတ်စတစ်စွန့်ပစ်မှုတွေ တိုးပြီး ဧရာဝတီမြစ်သည် ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်စာရင်းဝင်
ပင်လယ်သမုဒ္ဒရာထဲရောက်တဲ့ ပလတ်စတစ် တန်ချိန်(၈) သန်းကျော်ထဲက (၉ဝ) ရာခိုင်နှုန်း လောက်ဟာ အာရှမှာရှိတဲ့ မြစ်ကြီး (၈) ခုကနေ ဝင်လာတာလို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအဖွဲ့တခုဖြစ်တဲ့ Helmholtz Centre က ဖော်ပြထားပါတယ်။ ကမ္ဘာမှာ အညစ်ညမ်းဆုံးမြစ်တွေထဲမှာ တရုတ်နိုင်ငံက ယန်စီမြစ်က ပထမ၊အိန္ဒိယနိုင်ငံက ဂင်္ဂါမြစ်တို့ ဖြစ်ပြီး မြန်မာနိုင်ငံက ဧရာဝတီမြစ်ကလည်း ပလက်စတစ်တွေ စွန့်ပစ်နေမှုကြောင့် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်တခု အဖြစ် အဆင့်(၉)ခု နေရာမှာ ပါဝင်နေပါတယ်။
သတင်းတွေ ဖော်ပြချက်အရဆို ဧရာဝတီမြစ်အတွင်းကို နေ့စဉ် ပလတ်စတစ်အမှိုက် (၁၂၀)တန် နီးပါး စွန့်ပစ်နေကြပြီး မြစ်ဝကျွန်းပေါ်ဒေသက နေ့စဉ် စွန့်ပစ်တဲ့အမှိုက် (၃၂) တန်၊ ရန်ကုန်မြို့က နေ့စဉ် (၂၉) တန်နဲ့ မြစ်ကြောင်းတလျှောက် ကျန်ဒေသတွေက (၁၃၈)တန် ကို နေ့စဉ် စွန့်ပစ်နေကြတယ် လို့ ဆိုပါတယ်။
ဒီသဘောအရ ဧရာဝတီမြစ်အတွင်းကို တစ်နှစ် တစ်နှစ်ကို ပလတ်စတစ်အမှိုက် တန်ချိန်(၄၃,၈၀၀)ဝန်းကျင် စွန့်ပစ်နေကြတာမို့ ကျွန်တော်တို့နိုင်ငံရဲ့ အသက်သွေးကြောတခုလို ဖြစ်နေတဲ့ ဧရာဝတီမြစ်ဟာ ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်ကြီး စာရင်းဝင်နေတာပါ။
ဧရာဝတီမြစ်ကို ၂၀၁၉ ခုနှစ်လောက်တုန်းက လေ့လာချက်တွေအရ ပလတ်စတစ်အိတ်၊ဗူးခွံ၊ မုန့်နဲ့ သကြားလုံးအခွံ အပြင် ကြိုးတွေကို အများဆုံး တွေ့ရှိရပြီး ပလတ်စတစ်အမှုန်တွေ အဖြစ် အသွင်ပြောင်းကာ ပင်လယ်အတွင်းကို စီးမျောနေတာပါ။ဒီလို အချက်တွေကြောင့် မြစ်အတွင်းမှာ နေထိုင်တဲ့ ရေနေသတ္တဝါတွေကို ထိခိုက်စေပြီး လျော့နည်းတာ၊မျိုးမပွားတော့တာ၊သေဆုံးတာ၊ပျောက်ကွယ်သွားတာတွေ ဖြစ်ပေါ်လာတဲ့အပြင် မြစ်ဘေးတလျှောက် နေထိုင်ကြတဲ့ လူတွေရဲ့ ကျန်းမာရေးနဲ့ အသက်ရှင်နေထိုင်ရေးအပေါ်မှာပါ အကျိုးသက်ရောက်နေပါတယ်။
ပလက်စတစ်တွေဟာ ကုန်းနေ၊ ရေနေ သတ္တဝါတွေအပြင် သဘာဝပါက်ဝန်းကျင်ကိုပါ ထိခိုက်လာစေ
ပလတ်စတစ်တွေဟာ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတိရိစ္ဆာန်များကို သေစေနိုင်တဲ့အပြင် ငါး၊ ငှက်နှင့် နို့တိုက်သတ္တဝါများ ပလတ်စတစ်အတွင်း မွန်းကျပ်စေနိုင်တာ၊ ချည်နှောင်ခံရသလို ဖြစ်ပြီး သေဆုံးစေနိုင်တာမို့ ပလတ်စတစ်အမှိုက်များသည် ဧရာဝတီမြစ်အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် ကျယ်ပြန့်သော ကမ်းရိုးတန်းတစ်လျှောက်ရှိ အဏ္ဏဝါဂေဟစနစ်ကို ခြိမ်းခြောက်နေတယ် လို့ ပညာရှင်တွေက ထောက်ပြပြီးသားပါ။
ကျွန်တော်တို့ Social media တွေမှာ ပလတ်စတစ်ကြိုး မိနေတဲ့ ဖျံတွေ၊ဖော့ဘူးတွေကြားထဲက ကဏန်းတွေ၊ ကော်အစွပ်တွေထဲ စွပ်နေတဲ့ လိပ်တွေ၊ငါးတွေလို သနားစဖွယ်မြင်ကွင်းကို မြင်ဖူးကြမှာပါ။ ရေနေသတ္တဝါတွေ ဒီလို ဒုက္ခကြုံရတာ ကျွန်တော်တို့ အလွယ်သုံးပြီး နေ့စဉ်စွန့်ပစ်နေတဲ့ လုပ်ရပ်တွေကြောင့်ပါပဲ။
လူသားတွေ လစဉ်သုံးစွဲနေတဲ့ ပလတ်စတစ်ပေါင်း တန်ချိန် သိန်းချီဟာ ပင်လယ်အတွင်းကို စွန့်ပစ်ခံရတာတွေကြောင့် ပင်လယ်အတွင်းက ရေနေသတ္တဝါတွေကို ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်စေတဲ့ အပြင် လူသားတွေရဲ့ အစာကွင်းဆက်ကိုပါ ထိပါးလာနေပါတယ်။ လက်ရှိ ကမ္ဘာမှာ ပင်လယ်နေ သတ္တဝါ တွေ မျိုးပွားမှုနဲ့ အကောင်ရေတိုးတက်မှုတို့ဟာ လျော့ကျလာနေပြီး နေရာတိုင်းမှာ မျိုးတုံးပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ ကြုံရတဲ့ အကြောင်းထဲမှာ ပလတ်စတစ်တွေ ကြောင့်လည်း ပါဝင်နေပါတယ်။
ကမ္ဘာတဝှမ်း အသုံးပြုပြီးသမျှ ပလတ်စတစ် အများစုဟာ ပင်လယ်အတွင်းကို ရောက်ရှိသွားကြတာမို့ လက်ရှိအခြေအနေကို မထိန်းချုပ်နိုင်ဘူး ဆိုရင် ၂၀၅၀ ခုနှစ် အရောက်မှာ ပင်လယ်သမုဒ္ဒရာအတွင်းရှိ သတ္တဝါမျိုးစိတ်တွေထက် ပလတ်စတစ်ပမာဏက ပိုများပြားတော့မှာပါ။ လူသားတွေဟာ ပလတ်စတစ်အပြင် စွန့်ပစ်ပစ္စည်းတွေကို နေ့စဉ်နဲ့ အမျှ ပင်လယ်အတွင်းသို့ ပစ်ချမှုတွေကြောင့် ရေနေသတ္တဝါတွေ အသက်ရှင်နေထိုင်ရ ခက်ခဲလာတဲ့ အထိ တွေ့ကြုံခံစားနေရပါတယ်။
လူသားတွေအတွက် အဆိပ်အတောက်ဖြစ်လာနေ
ပလတ်စတစ်တွေဟာ နေ့စဉ်လူနေမှု ဘဝတွေမှာ မရှိမဖြစ် လို့ ပြောရလောက်တဲ့အထိ အရေးပါလာပေမယ့် တကယ်တမ်းကျတော့ လူတွေရဲ့ကျန်းမာရေးကို ဆိုဆိုးဝါးဝါး ထိခိုက်နိုင်ပါတယ်။ ပလတ်စတစ်ဆိုတာ နေ့စဉ်လူသုံးကုန် ကုန်ကြမ်းပစ္စည်းတစ်မျိုးဖြစ်ပေမယ့် သဘာဝတွင်းထွက်စ္စည်း များဖြစ်သော ကျောက်မီးသွေး သဘာဝဓာတ်ငွေ့၊ ဆား၊ ရေနံစိမ်းတို့ဖြင့် ဓာတုဗေဒဒြပ်ပေါင်းနည်းနဲ့ ထုတ်လုပ်ထားသောကြောင့် ဓာတ်ပြုမှုဖြစ်ပေါ်နိုင်ပြီး လူတွေနဲ့ တိရိစ္ဆာန်တွေကို ဆိုးကျိုးပေးနိုင်ပါတယ်။
ပြုပြင်တာ၊အပူပေးတာ ၊နေရောင်နဲ့ တိုက်ရိုက်ထိတွေ့သောအခါ ဓာတုပစ္စည်းတွေ စိမ့်ထွက်လာပြီး အစားအသောက်တွေရဲ့ အဟာရဓာတ်များ ပြောင်းလဲသွားနိုင်ပြီး လူတို့၏ကျန်းမာရေးကို တစ်စတစ်စ ထိခိုက်နိုင်ပါတယ်။ပူတဲ့ အစားအသောက်တွေကို ပလတ်စတစ်ဗူး၊ဖော့ဘူးတွေနဲ့ ကော်တွေနဲ့ ထည့်သုံးခြင်းတွေဟာ ကျန်းမာရေးအတွက် မကောင်းတဲ့ အချက်တွေ ဖြစ်ပေမယ့် နေ့စဉ်လူနေမှုဘဝမှာ မရှိမဖြစ် လို ဖြစ်လာနေပါတယ်။
ရေသန့်ဗူးအများစုဟာလည်း ကော်ဗူးတွေ ဖြစ်ပြီး နေရောင်အောက်မှာ ကြာမြင့်စွာ ထားခြင်းကြောင့် ပလတ်စတစ်နဲ့ ရေတို့ ဓါက်ပြုပြီး လူတွေ သောက်သုံးတဲ့အခါ ကျန်းမာရေးအတွက် မကောင်းပါဘူး။ လူတွေခန္ဓာကိုယ်ထဲက ဟော်မုန်းဓာတ်တွေကို ပြောင်းလဲနိုင်စေနိုင်ပြီး အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများ နှလုံးရောဂါ၊ အသည်းရောဂါ၊ အဆုတ်ရောဂါများတွေက အစ ကင်ဆာရာဂါလို နာတာရှည်ရောဂါများ ဖြစ်လာနိုင်တာမို့ သတိပြုရမယ့်အချက်တွေပါ။
ပလတ်စတစ်တွေဟာ အစားအသောက်တွေ၊ ရေနဲ့ အရည်တွေ အပြင် လူတွေ စားသုံးတဲ့ တိရိစ္ဆာန်နဲ့ အကောင်တွေအတွင်းမှာ တည်ရှိ ပျော်ဝင်နိုင်ပြီး ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းအရ လူသားတွေဟာ တစ်ပါတ်မှာ ပလတ်စတစ်(၅)ဂရမ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်)ကို စားသုံးမိနေကြတယ် လို့ ဆိုတယ်။ အလွန်ကို အန္တရာယ်ရှိတဲ့ စားသုံးမှု ဖြစ်ပြီး လူ့ခန္ဓာကိုယ်အတွင်းမှာ ပလတ်စတစ်တွေ တွယ်ညှိကာ သွေးကြောတွေ၊အစာအိမ်တွေမှာ ဘေးဖြစ်စေနိုင်ပါတယ်။
ပလတ်စတစ်က စိမ့်ထွက်လာတဲ့ဓာတုပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပြီး အဆိပ်အတောက်ဖြစ်လာကာ ကင်ဆာရောဂါ၊ မွေးရာပါချို့တဲ့မှုတွေ၊ ကိုယ်လက်အင်္ဂါမစုံမှုတွေ၊ ကိုယ်ခံအားကျဆင်းမှုတွေ၊ ဟော်မုန်းဆိုင်ရာပျက်စီးမှုတွေနဲ့ အစာလမ်းကြောင်းတလျှောက် ပျက်စီးမှုတွေ ဖြစ်လာနိုင်တယ် လို့ ပညာရှင်တွေက ပြောဆိုထားပါတယ်။
ပလတ်စတစ်သုံးစွဲမှု လျော့ချကာ အစားထိုးနည်းလမ်းတွေ ပိုအသုံးပြုရန် လို
ဒါကြောင့် လူသားတွေဟာ ပလတ်စတစ်သုံးစွဲမှုတို့ကို လျော့ချရန် လိုနေပြီး နိုင်ငံအတော်များများမှာလည်း ပလတ်စတစ်အစားထိုး သုံးစွဲနိုင်မယ့် နည်းလမ်းတွေ၊ထုတ်ကုန်တွေ အသုံးပြုနေကြပါပြီ။ မြန်မာနိုင်ငံမှာတော့ လက်ရှိ ဆင်းရဲတဲ့ အခြေအနေ၊တိုးတက်မှု မရှိသေးတဲ့ အခြေနေတွေကြောင့် နိုင်ငံတိုင်း လုပ်ဆောင်သင့်တဲ့ အချက်တွေထဲမှာ ပါတဲ့ လိုသလောက်သာသုံးဖို့၊ စွန့်ပစ်ပစ္စည်းတချို့ကို ပြန်သုံးစွဲဖို့နဲ့ ပြန်လည်ပြုပြင် ထုတ်လုပ်သုံးစွဲဖို့ စတဲ့ အချက်(၃)ခုကို အကောင်ထည်ဖော်နိုင်ပါတယ်။
တခါသုံး ပလတ်စတစ်ထုတ်ကုန်တွေ အသုံးပြုမယ့်အစား အပင်၊အစားထိုး ပစ္စည်းတွေ အပြင် အမြဲတမ်း ပြန်လည်အသုံးပြုနိုင်တာတွေကို အသုံးပြုနိုင်ပါတယ်။ ဈေးသွားတဲ့အခါ ပလတ်စတစ်အိတ်အသစ်တွေ အစား အဟောင်းတွေကို ထပ်တလဲလဲ အစားထိုး ပြန်သုံးတာမျိုး၊ပလတ်စတစ်တွေ အစား စက္ကူတွေ အစားထိုးတာ၊ရေဘူးဆိုလည်း ဖန်ပုလင်းတွေ၊စတီးဘူးတွေ အသုံးပြုတာ လုပ်ပေးတာမျိုးက ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသား ဖြစ်ပြီး အမှိုက်တွေကိုလည်း ပိုလျော့ချပေးနိုင်ပါတယ်။
ဒါအပြင် လူတွေဟာ ပလတ်စတစ်သုံးစွဲမှုကို လျော့ချပစ်ဖို့ လိုပြီး သဘာဝပစ္စည်းတွေ လူတွေကို ဆိုးကျိုး မဖြစ်စေမယ့် ပစ္စည်းတွေကို သုံးဖို့ အသိရှိဖို့လည်း လိုနေပါပြီ။ သို့မဟုတ်ရင် ကမ္ဘာကြီးမှာ ပလတ်စတစ်အမှိုက်ပုံကြီးတွေကို တစတစ တွေ့မြင်လာရဖို့ ရှိပြီး ဘေးထွက် ဆိုးကျိုးကြောင့် ကျန်းမာရေးအတွက်လည်း အလွန်ကို အန္တရာယ် ရှိတဲ့ အနေအထား ဖြစ်ပါကြောင်း ဆိုပါရစေ။