ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ထိုင်းမွေထိုင်းမယ်ကို အမှတ်ဖြင့်အနိုင်ရ

၂၉၊အောက်တိုဘာ ၊ ၂၀၂၃

Zalen

ဒီက‌နေ့ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ လော့ပ်ဘူရီ ( Lopburi ) မှာကျင်းပတဲ့ Thai Fight ကလပ်ရဲ့ မွေထိုင်းလက်‌ဝှေ့ စိန်ခေါ်ပွဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းမွေထိုင်းလောကရဲ့ နာမည်ရမွေထိုင်းမယ် Phayasingha ဆိုသူ ကို သုံးချီထိုးသတ်ခဲ့ပြီး အမှတ်နဲ့ အနိုင်ယူလိုက်ပါတယ်။

Phayasingha ဟာပွဲပေါင်း (၇၀) ကျော်ထိုးသတ်ထားပြီး (၅၇) ပွဲနိုင်၊(၅)ပွဲသရေ ၊(၅)ပွဲရှုံး ရလဒ် ရထားသူဖြစ် ပါတယ်။

ဒီကနေ့ ပွဲဟာ ဘ‌‌ရော်နီကာ အတွက် ပြိုင်ပွဲကာလ ၄ လကြာနားထားပြီးမှာ ပြန်ထိုးသတ်တဲ့ပွဲဖြစ်သလို ‌ကျန်းမာရေးမကောင်းလို့ ဆေးသွင်းပြီးမှယှဥ်ပြိုင်ထိုးသတ်ခဲ့ရတာဖြစ်ပြီး တံတောင်တွေ လက်သီးတွေ အားပြုသုံးပြီး အမှတ်နဲ့အနိုင်ရခဲ့တာလို့ သိရပါတယ်။

ဘ‌‌ရော်နီကာဟာ အမျိုးသမီးမွေထိုင်း ၅၃ ကီလိုဝိတ်တန်း ကမ္ဘာ့နံပါတ်တစ် နေရာကိုရထားပြီး ယခုလက် ရှိတွင် ပြိုင်ဘက်ကင်း ကစားသမားတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။ ဘရော်နီကာဟာ ၂၀၂၂ နှစ်ကုန်ပိုင်း မှစပြီး Thai Fight ကလပ်ကိုရောက်ခဲ့ပြီး တစ်နှစ်ခွဲကျော်အတွင်း ၁၅ ပွဲထိုးသတ်ယှဥ်ပြိုင်ထားပြီး ၁၄ ပွဲအနိုင်ရထားသူလည်းဖြစ်ပါတယ်။ ယခုအောင်မြင်မှုရရှိနေတဲ့ ဘ‌‌ရော်နီကာ ကို One Championship က မျက်စိကျနေ ပေမယ့် Thai Fight နဲ့ စာချုပ်ချုပ်ဆိုတာ မပြီးသေးတာကြောင့် ဝင်ထိုးလို့မရဘူးလို့ သူမက ပြောကြားခဲ့ပါတယ်။

ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင်ဖြစ်သလို မွေထိုင်းပွဲ အများစုမှာ အနိုင်ရယူထားတဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။ဒါ့အပြင် သူဟာ ထိုင်းဘုရင့်ဖလား လက်ဝှေ့ပြိုင်ပွဲမှာ ချန်ပီယံဆုရထားသူလည်းဖြစ်ပါတယ်။

Grace

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်