ဇန်နဝါရီ ၂၇၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကာမဲလ် (Carmel) ဆုတောင်းတောင် တက်ကြတဲ့ လူငယ်နှစ်ဦးဟာ ဇန်နဝါရီ ၂၅ ရက်နေ့မှာ နားနေဆောင်အစောင့်အမျိုးသားတဦးက ဓားနဲ့ လိုက် ခုတ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ လူငယ် ၅ဦးဟာ ကာမဲလ် တောင်ပေါ်ကို တက်ရောက်ခဲ့ကြပြီး တောင်ထိပ် မရောက်မီ နားနေဆောင်အရောက်မှာ ဆုတောင်းတောင်စောင့်အမျိုးသားနဲ့ အချေအတင် စကားများရာကနေ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
အချင်းများရာကနေ လက်ပါခြေပါအဆင့်အထိ ဖြစ်ကြပြီး နှဖက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူငယ်ဘက်က မိန်းကလေးတဦးဟာ ဦးခေါင်းထိပ်မှာ ဒဏ်ရာရခဲ့ပြီး ယောင်္ကျားလေးတဦးကတော့ ပါးစောင်နဲ့လက်မှာ ဓားခုတ်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။
လူငယ်တွေဘက်က ဝိုင်းဝန်းရိုက်နှက်မှုကြောင့် တောင်စောင့်အမျိုးသားမှာလည်း ဦးခေါင်းမှာ အချက် ၂၀ ချုပ်ရတဲ့ ပြင်းထန်ဒဏ်ရာရရှိပြီး လက်ရှိမှာ ဆေးရုံတင်ထားရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
” အဲဒီနေ့က တနင်္ဂနွေနေ့လေ၊ လူငယ်တွေကတောင်တက်ကြတော့ တောင်စောင့်ဦးလေးက ဘာလို့ တနင်္ဂနွေနေ့ကြီး လာကြတာလဲ။ ဘုရားကျောင်းမသွားကြဘူးလား မေးရာကနေ လူငယ်တွေနဲ့ စကားများကြပြီး ဖြစ်ကြတာ။ လူငယ်တွေနဲ့ နှဖက် လက်ပါ ခြေပါဖြစ်ကြတော့ နောက်ဦးလေးက သူ့ဓားကိုထုတ်ပြီး ခုတ်မိ ခုတ်ရာ ခုတ်လိုက်တာ။ အမှန်ဆို သူက ဒဏ်ရာပိုပြင်းတယ်၊ အခုက ဆေးရုံမှာ။ ” လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။
ကာမဲလ်ဆုတောင်းတောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကစပြီး ဆုတောင်းဖို့ထက် အပန်းဖြေတောင်တက်သူ လူငယ်တွေ များပြားလာရာကနေ ခရစ်ယာန်ဘာသာရေးဓလေ့တွေကို မလိုက်နာတာကြောင့်ဒေသခံတွေရဲ့ ဝေဖန်မှုတွေ ရှိလာပါတယ်။
” ဘယ်လိုဖြစ်တာမှန်းမသိပေမယ့် အဲဒီအစောင့်ဦးလေးက အရမ်းသဘောကောင်းတဲ့သူပါ။ ဟိုးအရင်ကတည်း အဲဒီမှာ နေပြီး ဆုတောင်းတောင်ကို စောင့်ရှောက်နေတာပါ။ အခုဒီနှစ်မှာ လူငယ်တွေ အများကြီး သွားကြတယ်၊ စည်းကမ်းမလိုက်နာကြတာများတယ်၊ ဘောင်းဘီအတို၊ ရင်ပြတ်တွေနဲ့ တက်ကြတယ်။ ဘာသာရေးနယ်မြေမို့ အဲဒီလို မတက်ကြဖို့ တားကြတာတွေရှိပေမယ့် တက်နေကြတာပဲ။ အတွဲတွေ ချိန်းတွေ့ကြတာ၊ ဗီဒီယိုတွေတင်ကြတယ်။ အဲဒီဆုတောင်းတောင်မှာ အဓိက ထမင်းစားလို့ မရဘူး။ တခြား ခေါက်ဆွဲတို့ မုန့်တို့ဘာတို့ပဲ သတ်မှတ်နေရာမှာ စားလို့ရတယ်။ လူငယ်တွေက မလိုက်နာကြတော့ အစာရှောင်ဆုတောင်းဖို့ လာတဲ့သူတွေအတွက် အဆင်မပြေဘူးပေါ့နော်။ လူတွေ အပြုံလိုက် အပန်းဖြေဖို့လာတဲ့အခါမှာ တကယ်ကို ဆုတောင်းတဲ့သူတွေအတွက်တော့ တော်တော် အနှောက်အယှက်ဖြစ်တယ်။ ” လို့ ကာမဲလ်တောင်မှာ သွားရောက်ဆုတောင်းခဲ့သူ ခရစ်ယာန်ဘာသာ၀င်တဦးက ပြောပါတယ်။
ဆုတောင်းတောင်ပေါ် တောင်တက်သူတွေ လိုက်နာဖို့ စည်းကမ်းချက်တွေကို ဗီနိုင်းနဲ့ ကြေညာထားပြီး Carmel တောင်ဟာ ဘုရားသခင်ရဲ့ သန့်ရှင်းသောနေရာ ဖြစ်တာကြောင့် အပျော်ခရီးလာဖို့ မသင့်လျော်ကြောင်း၊ အဆောင်အတွင်း ကျယ်လောင်စွာ ရယ်မောခြင်း၊ စကားပြောခြင်းတွေ မပြုလုပ်ဖို့ တားမြစ်ထားခြင်း၊ အိမ်မွေးတိရစ္ဆာန်တွေ ခေါ်ဆောင်ခြင်း၊ ဟင်းချက်စားသောက်ခြင်း၊ ဆေးလိပ်၊ ကွမ်းယာနဲ့ မူးယစ်ဆေးဝါး ယူဆောင်သုံးစွဲခြင်းတွေကိုလည်း လုံးဝ ခွင့်မပြုဘူးလို့ စည်းကမ်းချက်တွေ ဖော်ပြထားပါတယ်။
အရင်နှစ်တွေကထက် ဒီနှစ် ဆောင်းရာသီကစပြီး ကာမဲလ်တောင်ကို တက်ရောက်သူ များပြားလာပြီး တနေ့ကို လူတစ်ရာ၀န်းကျင်လောက် တက်ရောက်နေကြတယ်လို့ သိရပါတယ်။
သတင်း-Mary
ဓာတ်ပုံ-လူမှုကွန်ယက်
#Carmelတောင်#ကလေးမြို့#Zalen

















