အောက်တိုဘာ ၂၃၊ ၂၀၂၅
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အဝေးသင်တက္ကသိုလ် တက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူ တစ်ထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။
အဝေးသင်ဖြေဆိုသူတွေဟာ ကလေးမြို့ သူနာပြုတက္ကသိုလ် ကျောင်း၀န်းထဲမှာ တက်ရောက်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်မှာ တက်တဲ့ အဝေးသင်ကျောင်းသားတွေထက် ဒီနှစ်မှာ အဝေးသင်တက်ရောက်သူတဲ့ ကျောင်းသားတွေ ပိုများလာတယ်လို့ သိရပါတယ်။
“ ဒီနှစ်ကတော့ ပိုများတယ်၊ ပုံမှန်နီးပါးလောက်ဖြစ်နေပြီ။ အရင်ကထက် Day ရော၊ အဝေးသင်ရော တက်တဲ့သူများလာတယ်။ သူနာပြုတက္ကသိုလ်မှာပဲ စစ်သားတွေ လုံခြုံရေးယူထားတာလေ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ ကလေးမြို့တက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်မှာ သူနာပြုတက္ကသိုလ်မှာ ရွေ့ပြောင်းဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီတပ်က ခြေကုပ်ယူ တပ်စွဲထားတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ရက်ကစပြီး ၉ ရက်အထိ အဝေးသင် ပထမအသုတ် သိပ္ပံအထူးပြုဘာသာရပ်တွေကို စားမေးပွဲဖြေဆိုခဲ့ရပါတယ်။
ဒုတိယအသုတ် အဝေးသင် ဝိဇ္ဇာအထူးပြုဘာသာရပ်ဖြစ်တဲ့ အင်္ဂလိပ်စာ၊ ပထဝီ၊ ဥပဒေ၊ အရှေ့တိုင်းပညာ၊ စိတ်ပညာ၊ ဒဿနိကဗေဒ ဘာသာရပ်တွေကိုတော့ အောက်တိုဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၃၀ ရက်အထိ ဖြေဆိုရမှာ ဖြစ်ပါတယ်။
တတိယအသုတ် အဝေးသင် ဝိဇ္ဇာအထူးပြုဖြစ်တဲ့ မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာဘာသာရပ်တွေဟာ နိုဝင်ဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၂၁ ရက်အထိ ဖြေဆိုရမှာ ဖြစ်ပါတယ်။
အဝေးသင် ဝိဇ္ဇာအထူးပြု ကျောင်းသားတွေဟာ အနီးကပ် ၁၀ ရက် သင်တန်းကို အမှတ်ပေးတာကြောင့် မဖြစ်မနေ တက်ရောက်ရမှာလို့ စစ်ကောင်စီရဲ့ ပညာရေး၀န်ကြီးဌာနက ပြောင်းလဲသတ်မှတ်ထားပါတယ်။
Helen