မတ် ၂၀၊၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ရွှေ့ပြောင်းနေထိုင်သူတွေ များလာတာကြောင့် ငှားရမ်းနေထိုင်တဲ့ အိမ်တွေရှားလာပြီး ငှားရမ်းခတွေလည်း ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ် မြောက်ပိုင်းနဲ့ ကလေးမြို့အနီးအနားက ရွာတွေမှာ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူအများအပြားဟာ ဘေးကင်းရာ ကလေးမြို့ပေါ်ကို တိမ်းရှောင်လာကြပါတယ်။
အခုလို စစ်ဘေးရှောင်တွေ များလာတာနဲ့အမျှ ကလေးမြို့ပေါ်မှာ အိမ်ငှားခဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။

လက်ရှိ ကလေးမြို့ပေါ်က အိမ်ငှားခဈေးနှုန်းတွေကတော့ အနည်းဆုံး ၁ သိန်းခွဲ ဝန်းကျင်ကနေ သုံးသိန်း ၀န်းကျင်အထိ ပေးကာ ဌားရမ်းနေရပြီး ဗိုလ်ချုပ်လမ်းမကြီးနဲ့နီးတဲ့ အချက်အချာကျတဲ့ နေရာတွေမှာဆိုရင်တော့ ၅ သိန်းကနေ ၈ သိန်း ဝန်းကျင်အထိ ရှိနေပါတယ်။
အိမ်တစ်လုံး အားသွားတာနဲ့ ငှားမယ့်သူက အသင့်စောင့်နေသလို ဖြစ်နေပြီး အိမ်ရှင်တွေကလည်း ငွေပိုပေးနိုင်တဲ့သူကိုပဲ ဦးစားပေး ငှားရမ်းနေကြတာပါ။
” အိမ်ငှားတွေက ရှားလာတာ၊ စစ်ဘေးရှောင်တွေလည်း ပိုပိုများလာတယ်။ အိမ်ရှာရတာ မလွယ်ဘူး၊ ဈေးတွေ တက်လာတာ၊ အရင်က လုံးချင်းအိမ်ဆို ၅သောင်း၊ ၈သောင်း လောက်နဲ့ ငှားလို့ရတယ်။ အခုက အနည်းဆုံး ၂သိန်း အောက်ပဲ။ ” လို့ အိမ်ငှားနေထိုင်နေရတဲ့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။
တချို့ စစ် ဘေးရှောင်တွေကတော့ နေရပ်မှာ တိုက်ပွဲတွေ မရှိတော့ပေမယ့် စား၀တ်နေရေးအတွက် စီးပွားရေးလုပ်ဖို့ အဆင်မပြေတာကြောင့် မြို့ပေါ်မှာပဲ ဆက်နေကြရတယ်လို့ ဆိုပါတယ်။
Mary

















