မတ် ၂၅၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့အပါအဝင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မြို့ပေါင်း ၁၁ မြို့သို့ လေကြောင်းခရီးစဉ်တွေကို ဦးစားပေးအနေဖြင့် မဖြစ်မနေ ပြေးဆွဲပေးသွားရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားလိုက်ပါတယ်။
မနေ့ မတ်လ ၂၄ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ စက်သုံးဆီဖူလုံရေးနဲ့ စနစ်တကျသုံးစွဲရေး အစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မော်တော်ယာဉ်ဖြင့် သွားလာရန် ခက်ခဲနေတဲ့ ကလေးမြို့အပြင် ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ တာချီလိတ်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စတဲ့ မြို့တွေကို လေကြောင်းခရီးစဉ်တွေ ဦးစားပေး အပြည့်အဝပြေးဆွဲရန် သတ်မှတ်ခဲ့ပါတယ်။
အဆိုပါ မြို့တွေဟာ သွားလာရေး ခက်ခဲနေသဖြင့် အများပြည်သူ အဆင်ပြေစေရန် လေကြောင်းလိုင်းတွေကို အဓိကထား အသုံးပြုရန် စီစဉ်ခြင်းဖြစ်ပါတယ်။
ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့ မတ် ၂၅ ရက်မှ စတင်ကာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို လျာထားတဲ့ ခေါက်ရေများအတိုင်း အပြည့်အဝ ပြန်လည်ပျံသန်း ပြေးဆွဲပေးတော့မည်ဖြစ်ပါတယ်။
၎င်းအပြင် ဒုတိယဦးစားပေးအဆင့်ရှိတဲ့ အခြားသော သွားလာရေးခက်ခဲတဲ့ ဒေသများကိုလည်း ခရီးစဉ်များ ချိတ်ဆက်ပေးရန်ရှိပြီး၊ မီးရထားနဲ့ ဘတ်စ်ကားလိုင်းများကိုလည်း ပုံမှန်အတိုင်း လှည်ပတ်နိုင်ရန် စဉ်းစားဆောင်ရွက်သွားမည်ဟု ဆိုပါတယ်။
လက်ရှိ အမေရိကန်၊ အစ္စရေးနဲ့ အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲများကြောင့် ကမ္ဘာတစ်ဝန်း စွမ်းအင်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရကာ စက်သုံးဆီတွေကို စနစ်တကျ ချွေတာသုံးစွဲရန် လိုအပ်နေကြောင်းလည်း အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ထိုသို့သော အခြေအနေများကြားမှ ဒေသခံတွေ သွားလာရေး အဆင်ပြေစေရန်အတွက် လေကြောင်းခရီးစဉ်တွေကို ကလေးမြို့အပါအဝင် အဓိကမြို့ကြီးများသို့ အရှိန်မြှင့် ပြေးဆွဲပေးသွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။
သတင်း-ဆလိုင်း



















