ကော်သူးလေ အမည်ကို အလွဲသုံးစားလုပ်နေပြီး ကရင့်ဂုဏ်သိက္ခာ ကျဆင်းစေတယ်လို့ KNU ထုတ်ပြန်

ဇန်နဝါရီ ၉၊ ၂၀၂၆

Zalen

ကော်သူးလေ အစိုးရ ဖွဲ့စည်းတာ၊ ကော်သူလေနိုင်ငံ ထူထောင်တာတွေဟာ ကရင်အမျိုးသားတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ထင်ဟပ်မှုမရှိသလို ပကတိအရှိတရားတွေနဲ့လည်း လျော်ညီမှုမရှိဘူးလို့ ကရင်အမျိုးသား အစည်းအရုံး- KNU က ထုတ်ပြန်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ တိုင်းပြည်တည်ဆောက်တဲ့ စံနှုန်းတွေနဲ့ မကိုက်ညီသလို သူတို့ရဲ့လုပ်ရပ်ဟာ “ကော်သူးလေ” ဆိုတဲ့ အမည်နာမကို အလွဲသုံးစားလုပ်ပြီး ကရင့်တော်လှန်ရေးနဲ့ ကရင်အမျိုးသားတို့ရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ခြင်းသာဖြစ်တယ်လို့ KNU က ဆိုပါတယ်။

Zalen ad

KNU က ထုတ်ပယ်ခံထားရတဲ့ စောနယ်ဒါးမြရဲ့ လုပ်ဆောင်ချက်တွေဟာ ကရင်အမျိုးသား တော်လှန်ရေးအပေါ် ထင်ဟပ်တာမရှိဘူးလို့ KNU က ထုတ်ပြန်ထားပါတယ်။

စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် (KTLA) က ကော်သူးလေအစိုးရ ဖွဲ့စည်းသလို ကော်သူးလေနိုင်ငံ တည်ထောင်တဲ့အကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

ကော်သူးလေအစိုးရအဖွဲ့မှာ KTLA စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စောနယ်ဒါးမြ က သမ္မတအဖြစ် တာဝန်ယူထားပြီး ဒုသမ္မတ (၁) နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စောဆာဂေးဖိုး၊ ဒုတိယသမ္မတ (၂) အဖြစ် စောဒေးဗစ်သာကဘော၊ ဝန်ကြီးချုပ်အဖြစ် စောဖိုးသူးလေး နဲ့ ကာကွယ်ရေးဝန်ကြီး အဖြစ် စောဒေးဗစ်လောဒူးတို့က တာဝန်ယူထားပါတယ်။

ဗိုလ်ချုပ်စောနယ်ဒါးမြဟာ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သားဖြစ်ပြီး အရင် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)ရဲ့ စစ်ဦးစီးချုပ်ဟောင်းလည်း ဖြစ်ပါတယ်။

အရပ်သား ၂၅ ဦးအား သတ်ဖြတ်မှုမှာ တာဝန်ရှိသူအဖြစ် စောနယ်ဒါးမြကို စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲထားပြီး KNU ရဲ့ စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး စစ်ဦးစီးချုပ် ရာထူးကနေ ထုတ်ပယ်ခဲ့တာလို့ KNU က ပြောထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အောင်လံမြို့နယ်ရှိ အရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

မတ် ၃ ၊ ၂၀၂၆ Zalen မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကန်စွန်းအင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မတ်လ ၃ ...

ဆက်ဖတ်ရန်