ချင်းပြည်နယ် ပင်ရင်း လိုင်ပီအန်ဘာသာနဲ့ ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ တိုင်းရင်းချင်းစာပေအကြောင်းကို ဒါရိုက်တာကမ်းခန့်စိန် (Princess Films)က မှတ်တမ်းရှပ်ရှင်ရိုက်ကူးနေတယ်လို့သိရပါတယ်။
ခုချိန်မှာ လိုင်ပီအန်ဘာသာကိုးကွယ်သူဟာ ချင်းပြည်နယ်နဲ့ ကလေးကဘော်ဘက်တွင် ငါးထောင်ခန့်ရှိမယ်လို့ခန့်မှန်းပြီး ၃၀ ရာခိုင်နှုန်းလောက်သာ လိုင်ပီအန်ဘာသာကအသုံးတဲ့ တိုင်းရင်းချင်းစာပေကို ဖတ်တတ်ရေးတတ်မယ်လို့ယူဆရပါတယ်။
မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာကမ်းခန့်စိန် (Princess Films)က “ချင်းပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်(၁၀၀)ကို ပြန်ကြည့်ရင် ခုချိန်ထိမြင်တွေ့လို့ရတာက ပေါ်ကျင်ဟော စတင်ခဲ့တဲ့ တိုင်းရင်းချင်းစာပေနဲ့ လိုင်ပီအန် ဘာသာပဲဖြစ်ပါတယ်။ ဒါကို ကောင်းကောင်းမထိန်းသိမ်းဘူးဆိုရင် နောက်နှစ်(၅၀)မှာပျောက်ကွယ်သွားနိုင်တယ်”လို့ပြောတယ်။
ပေါ်ကျင်ဟော ဟာ ၁၈၅၉ ခုနှစ်မှာ တီးတိန်မြို့မှာမွေးဖွားပြီး ၁၉၄၈ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ ပေါ်ကျင်ဟောတီထွင်ထားတဲ့ တိုင်းရင်းချင်းစာပေကို ပထမဆုံး ၁၉၃၁ ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။
တမူးမြို့က လိုင်ပီအန် ပေါ်ကျင်ဟော ဝတ်ပြုကျောင်း
လိုင်ပီအန်ဘာသာနဲ့ တိုင်းရင်းချင်းစာပေအကြောင်း မှတ်တမ်းရုပ်ရှင်ဟာ ဒီနှစ် မတ်လကနေစတင်ခဲ့ပြီး ဒီနှစ်ကုန်ပိုင်းမှာအပြီးသတ်နိုင်မယ်လို့ယူဆပါတယ်။
“အခု အကြမ်းတော့ပြီးသွားပြီ။ ဘုရားဝတ်ပြုတုန်းဆိုတဲ့ သီချင်းတွေက ခရစ်ယာန်ဓမ္မသီချင်းတွေနဲ့မတူပဲ ရိုးရာနဲ့ခေတ်သစ်သီချင်းရောထားတော့ တော်တော်နားထောင်လို့ကောင်းတယ်။ အဲဒါကို အသံသပ်သပ်ပြန်သွင်းချင်တယ်။ နိုင်ငံတကာထိပြသလို့ရအောင် ရည်ရွယ်ထားတယ်လေ။ အဲ့သီချင်းက တီးတိန်ဘက်က ချင်းရိုးရာနဲ့ဆက်စပ်နေတယ်”လို့ ဒါရိုက်တာကမ်းခန့်စိန် (Princess Films)ကပြောပါတယ်။
လိုင်ပီအန် ပေါ်ကျင်ဟော ဝတ်ပြုကျောင်း
ပေါ်ကျင်ဟော သမိုင်း
အတိတ်နိမိတ်ဟောပြောတတ်သူပီနွမ်ဒိမ့်ထံကတဆင့် ဗျာဒိတ်ပေးတော်မူပြီး ၃နှစ်ကြာသောအခါ ၁၈၇၉ခုနှစ်မှစပြီး ပေါ်ကျင်ဟော ဟာ ဘုရားသခင်ထံက ဗျာဒိတ်ပေးခြင်းနဲ့ အသံတော်ကြားခြင်း စတင်ခံယူတော်မူတယ်။
ထာဝရဘုရားဟာ ပေါ်ကျင်ဟောကို တမန်တော်အဖြစ်အသုံးချပြီးနောက် ၁၈၉၉ခုနှစ်တွင် ဘုရားသခင်က ပေါ်ကျင်ဟောအား ဗျာဒိတ်အားဖြင့် စာသင်ပေးရာ ၂နှစ်ကျော်ပြီးနောက် ပေါ်ကျင်ဟောက တိုင်းရင်းချင်းစာပေတွေကို ကောင်းကောင်း အသုံးချတတ်ခဲ့တယ်။ တိုင်းရင်းချင်းစာပေမှာ အက္ခရာပေါင်း (၁၀၅၁)ခုပါရာ တစ်လုံးခြင်းအဓိပ္ပယ်ပါသော စာလုံးများဖြစ်တယ်။ ဒီလို ဘုရားပေးထားတဲ့ စာပေကို အများပြည်သူထံ ပြန်သင်ပေးရာ ပထမဦးဆုံး သူ့ကျောင်းသားမှာ ၅၇ယောက်ရှိတယ်။