၆၊ ဖေဖော်ဝါရီလ၊ ၂၀၂၅
Zalen
ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်တွေဖြစ်ကြတဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့နယ်တို့မှာ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကာလဝမ်းသံသယာရောဂါ ဖြစ်သူ ၅၀၀ နီးပါးရှိပြီး သေဆုံးမှုတွေလည်းရှိနေကြောင်း Chin Telehealth က မနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
လက်ရှိ မင်းတပ်မြို့နယ်အတွင်း ရောဂါဖြစ်ပွားသူ ၁၄၃ ဦး၊ မတူပီမြို့နယ်မှာ ၁၉၀ ဦး၊ ကန်ပက်လက်မြို့နယ်မှာ ၂၄ဦး နဲ့ ပလက်ဝမြို့နယ်မှာ ၁၂၄ ဦး အားလုံးပေါင်း ၄၈၁ ဦးရှိနေတယ်လို့ဆိုပါတယ်။
အဆိုပါရောဂါခံစားနေရတဲ့ လူနာ ၄၈၁ ဦးအနက် ပလက်ဝမြို့နယ်အတွင်း အသက် ၁ နှစ်အောက် ကလေးငယ်နှစ်ဦး၊ မင်းတပ်မြို့နယ်အတွင်း ၁ နှစ်အောက်ကလေးငယ်တစ်ဦး နဲ့ လူကြီးတစ်ဦး အားလုံးပေါင်း ၄ ဦးသေဆုံးခဲ့ရပြီလို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ “ဒီစာရင်းတွေက Chin Telehealth အနေနဲ့ လက်လှမ်းမှီသလောက် စာရင်းကောက် ထားတာ ဖြစ်မယ်။ မြေပြင်မှာဒီထက်လည်းများနိုင်တယ်။ Chin Telehealth မှာက အွန်လိုင်းကနေ ဆေးခန်းပြလို့ ရအောင် စီစဉ်ပေးထားတော့ တစ်ခုခုဖြစ်ရင် သူတို့ Page ကနေဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဆေးညွှန်ပေးလို့ ရတဲ့ဟာတွေကိုတော့ ညွှန်ပေးတယ်။ ခွဲစိတ်ဖို့လိုတဲ့အရာတွေဆိုရင်တော့ နောက်ထပ်အချိတ်အဆက်တွေ လုပ်ပေးတယ်ပေါ့။” လို့ Chin Telehealth နဲ့ နီးစပ်တဲ့ သူနာပြုဆရာမတစ်ဦးက ပြောပါတယ်။
အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါ နဲ့ ကာလဝမ်းသံသယာ ရောဂါဟာ အသက်ဆုံးရှုံးနိုင်တဲ့ရောဂါဖြစ်လို့ ပြည်သူ များအနေနဲ့ ကြိုတင်သတိထားနိုင်ရန် Chin Telehealth က အသိပေးထားခြင်းဖြစ်ပြီး သူတို့ရဲ့ Page Messenger ကနေ လိုအပ်တာတွေ စုံစမ်းမေးမြန်းနိုင်တယ်လို့သိရပါတယ်။
သတင်း – Grace