ချင်းပြည်နယ်မှာ တက္ကသိုလ် ဝင်တန်း စာမေးပွဲကို မြို့နယ် ၂ ခုမှာ စာစစ်ဌာန ၃ ခုနဲ့ ကျင်းပမယ်

Zalen

ဖေဖော်ဝါရီလ ၂၇ရက်၊ ၂၀၂၀ ခုနှစ်

ချင်းပြည်နယ်မှာ မြို့နယ်ပေါင်း ၉ ခုရှိပေမဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် မြို့နယ် ၂ ခုမှာ စာစစ်ဌာန ၃ ခုနဲ့သာ ဖြေဆိုကြရမယ်ဖြစ်တယ်လို့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

ဖြေဆိုရမယ့် စာစစ်ဌာနတွေဟာ အထက (၁) ဟားခါး၊ အထက (၁) တီးတိန် နဲ့ အထက – ခိုင်ကမ်း တို့ဖြစ်ပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေထဲကဖြစ်ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနိုင်ခြင်း မရှိပါ။

စာမေးပွဲ ဖြေခွင့် ကဒ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စတင်ထုတ်ယူနိုင်ပြီး လာမယ့် ​မတ်လ ၁၇ ရက်နေ့မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြရမှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ပြောဆိုထားပါတယ်။

ဖြေဆိုမယ့် ကျောင်းသား နာမည်နဲ့ ခုံနံပါတ်တို့ ကြော်ငြာဘုတ် တင်တာမျိုးလည်း မရှိသေးဘူးလို့ တီးတိန်မြို့က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“အရင်နှစ်တွေကလို ကျောင်းမှာ နာမည်တွေ၊ ခုံနံပတ် ကြော်ငြာတာ အခုထိ မရှိသေးဘူး။ စာမေးပွဲ ဖြေဆိုရမယ့် တခြား အသေးစိပ်အချက်အလက်တွေ မသိရသေးဘူး။ ကလေးတွေ စာမေးပွဲဖြေဆိုမယ့်ရက် ပိုနီးကပ်လာပြီ။”လို့ သူက ဆိုပါတယ်။

ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာကို စာမေးပွဲ မကျင်းမီ တစ်ရက် အလိုထိ လက်ခံသွားမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဆိုပါတယ်။

တခြားမြို့တွေက လာရောက်ပြီး ပြင်ပဖြေဆိုမယ့် ကျောင်းသား/သူတွေလျှောက်ထားသူတွေ ပိုများလာနိုင်တယ်လို့ ဟားခါးမြို့က တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုတာနဲ့ပတ်သက်လို့ သုံးသပ်ထားပါတယ်။

“ဖလမ်း၊ တွန်းဇံ စတဲ့မြို့တွေက လာရောက် ဖြေဆိုမယ့် ကျောင်းသားတွေ ရှိတယ်။ တခြားမြို့တွေက ကျောင်းသားတွေလည်း စာမေးပွဲဖြေဖို့ ဟားခါးမှာ ရောက်လာကြတယ်။ အနီးကပ် ကျူရှင်တွေ တက်ကြတယ်။ ကျောင်းတွင်းဖြေဆိုတဲ့ဦးရေထက် ပြင်ပက ဖြေဆိုတဲ့ ကျောင်းသား ဦးရေ ပိုများမယ်။” လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ စာမေးပွဲ ဖြေဆိုမယ် ကျောင်းသားဦးရေဟာ အနှစ်ကထက် ပိုမများလာနိုင်ဘူးလို့ ပြောဆိုထားပါသေးတယ်။

ပြင်ပ ဖြေဆိုမယ့် ကျောင်းသား/သူတွေဟာ မိမိတို့ရဲ့ စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေ မိမိ ဖြေဆိုရမယ့် စာစစ်ဌာနရဲ့ ကြီးကြပ်ရေးမှူးတွေဆီမှာ ထုတ်ယူကြရမယ်ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြမယ့် မြန်မာတစ်နိုင်ငံလုံး ကျောင်းသူ/ ကျောင်းသား ၂၂၀,၀၀၀ ဦးကျော်ရှိပြီး အရင်နှစ်ထက် ပိုများလာပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ဒီနှစ်ကုန်ပိုင်းမဟုတ်ရင်နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီစီစဉ်

မတ် ၈၊ ၂၀၂၅ Zalen အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ မတ်လ ၇ ...

ဆက်ဖတ်ရန်