ချင်းပြည်နယ်မှာ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုဖို့ လျှောက်ထားသူ ၄၇၁ ဦးသာရှိ

မတ်လ ၆ ရက်၊ ၂၀၂၅ ခုနှစ်

Zalen

ချင်းပြည်နယ်မှာ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုဖို့ စာစစ်ဌာန နှစ်ခုမှာ လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၄၇၁ ဦးသာရှိတယ်လို့ ပြည်နယ်ပညာရေးရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အထက (၁) ဟားခါး၊ အထက (၁) တီးတိန်၊ အထက – ခိုင်ကမ်း စတဲ့ စာစစ်ဌာန သုံးခုဖွင့်လှစ်ပြီး ကျင်းပမယ်ဖြစ်ပေမဲ့ အထက – ခိုင်ကမ်း စာစစ်ဌာနမှာ လျှောက်ထားသူမရှိသေးဘူးလို့ သိရပါတယ်။

“လောလောဆယ်ရရှိထားတဲ့ စာရင်းတွေအရ စာစစ်ဌာန သုံးခုထဲက ခိုင်ကမ်းစာစစ်ဌာနမှာ လျှောက်ထားတဲ့ ကျောင်းသား၊ကျောင်းသူတွေမရှိသေးဘူး။ ဟားခါးနဲ့ တီးတိန် စာစစ်ဌာနနှစ်ခုမှာတော့ လျှောက်ထားသူတွေ ရှိပါတယ်။” လို့ ပြည်နယ်ပညာရေးရုံးနဲ့နီးစပ်သူ ဟားခါးဒေသခံတစ်ဦးက ပြောပါတယ်။

မတ်လ ၄ ရက်နေ့ အထိ ရရှိထားတဲ့ စာရင်းအရ ဟားခါးမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမယ် ကျောင်းသား၊ကျောင်းသူ ၃၁၄ ဦး နဲ့ တီးတိန်မှာ ကျောင်းသား၊ ကျောင်းသူ ၁၅၇ ဦးရှိပါတယ်။

ယခုနှစ် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာကို စာမေးပွဲ ဖြေဆိုဖို့ တစ်ရက် အလို အထိ လျှောက်ထားခွင့် ပြုထားပါတယ်။ ဒါကြောင့် စာမေးပွဲ ဖြေဆိုတဲ့ အချိန်ထိ စာမေးပွဲ ဖြေဆိုမယ် ကျောင်းသား၊ ကျောင်းသူ ဦးရေကို အတိအကျ ပြောမရသေးဘူးလို့ ဆိုပါတယ်။

“ဒီနှစ်တော့ အရင်နှစ်ကလို မဟုတ်ဘူး။ စာမေးပွဲ ဖြေဆိုဖို့ လျှောက်လွှာကို စာမေးပွဲ ဖြေဆိုဖို့ တစ်ရက်အလို အထိ ခွင့်ပြုထားတယ်ဆိုတော့ စာရင်းတိကျပြောဖို့က ခက်ခဲတယ်။ စာမေးပွဲဖြေဖို့ရက်ကလည်း ၁၀ ရက်လောက်လိုသေးတယ်ဆိုတော့ အခုထက်လည်း ပိုများလာနိုင်တယ်။”လို့ ပြည်နယ်ပညာရေးရုံးနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက် အထိ ပိတ်ရက်မရှိ ကျင်းပသွားမယ်လို့ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း-ခူမီး

နောက်ဆုံးရသတင်းများ

ဒီနှစ်ကုန်ပိုင်းမဟုတ်ရင်နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီစီစဉ်

မတ် ၈၊ ၂၀၂၅ Zalen အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ မတ်လ ၇ ...

ဆက်ဖတ်ရန်