ဇူလိုင် ၁၅၊၂၀၂၅
Zalen
ချင်းပြည်နယ်အတွင်းမှ ချင်းကာကွယ်ရေးတပ်(ဟားခါး) ရဲဘော်တစ်ဦး သယ်ဆောင်လာတဲ့ ဘိန်းဖြူကို မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းမှာ မီဇိုရမ်ရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိတယ်လို့ Chin Global News ဖေ့ဘွတ်ပေ့ချ်က ဇူလိုင်လ ၁၃ ရက်နေ့မှာ ရုပ်သံနဲ့တကွ ရေးသားဖြန့်ချီခဲ့ပါတယ်။
Chin Global News ဖေ့စ်ဘွတ်ပေ့ချ်က “CDF-Hakha ရဲဘော် ထံမှ ဘိန်းဖြူဖမ်းဆီး။ ချင်းပြည်နယ် အတွင်းမှ သယ်ယူလာတဲ့ ဘိန်းဖြူကို မီဇိုရမ်ပြည်နယ် ရဲများက မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း မှာဖမ်းဆီးမိပြီး ၎င်းပိုင်ရှင်သည် CDF-Hakha ရဲဘော် တစ်ဦးဖြစ်တယ်လို့ လောင်တလိုင် ခရိုင်ရဲများမှ ထုတ်ပြန်ပါသည်။” လို့ ရေးသားဖြန့်ချီခဲ့ပါတယ်။
မူရင်းသတင်းလင့်ခ်
အဲဒီသတင်းကို ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၁ နာရီအချိန်ထိ ဖတ်ရှူသူ ၂၆,၀၀ ကျော်၊ မျှဝေသူ ၁၀၂ ဦး၊ comments ပေးသူ ၂၀ ဦးနဲ့ Reation ပေးသူ ၅၈ ဦးထိ ရှိပါတယ်။
စိစစ်တွေ့ရှိချက်
သတင်းကို Zalen Fact Checking Teams က စိစစ်ကြည့်တဲ့အခါ CDF-Hakha ရဲဘော်တစ်ဦး ထံကနေ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူတွေ မဟုတ်ဘဲ အရပ်သားတစ်ဦးထံမှ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးပိုင်ရှင်ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ Lungrang ရွာဇာတိ၊ လက်ရှိ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ နယူးကျန်ဖိုင်ရပ်ကွက်မှာနေထိုင်တဲ့ ဦးဖွန်သောင်ထံမှ ဖမ်းဆီးရမိတာလို့ ဒေသခံတွေက ဆိုပါတယ်။
“သတင်းထဲက ဗီဒိယိုဖိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ မနက် ၈ နာရီခန့်က မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်၊ Siacangkawn ရွာမှာ လိုင်လူငယ်အသင်း (Young Lai Association) နဲ့ မီဇိုရမ်ပြည်နယ် ရဲများနဲ့ Assam Rifles တို့က အရပ်သားတစ်ဦးထံမှ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေပါ။ CDF-Hakha ရဲဘော်ဆီက ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေ မဟုတ်ပါဘူး။”လို့ လောင်တလိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
CDF-Hakha အနေနဲ့ မူးယစ်ဆေးဝါးရောင်းချတာတွေမရှိသလို ဟားခါးမြို့နယ်တွင် မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးဖျက်ဆီး အရေးယူမူတွေ ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
“အခုဖမ်းဆီးတဲ့ မူးယစ်ဆေးဝါးဟာ CDF-Hakha ရဲဘော်ဆီကဆိုတာ မဟုတ်ပါဘူး။ ကျတော်တို့က မူးယစ်ဆေးဝါး မရောင်းဘူး။ ကျတော်တို့ ထိန်းချုပ်နယ်မြေမှာလည်း ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မူတွေရှိတယ်။ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးတယ်။ တရားခံကိုအရေးယူဆောင်ရွက်တယ်။”လို့ CDF-Hakha တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
CDF-Hakha ကို မလိုလားတဲ့သူတွေက မဟုတ်မမှန် သတင်းကိုဖြန့်ချီနေတာလို့ သူကဆိုပါတယ်။
Chin Global News က ဖော်ပြတဲ့ ဗီဒီယိုကို Gogle search ကနေ မူရင်းဗီဒိယိုဖိုင်ကို ရှာဖွေကြည့်တဲ့ခါ ဧပြီလ ၁၂ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ အရပ်သားတစ်ဦးထံက မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိဆိုတဲ့ ဗီဒီယိုဖိုင်နဲ့ သတင်းကို ဒေသတွင်းမီဒီယာတစ်ခုမှာ ရေးသားဖော်ပြတာ တွေ့ရပါတယ်။
မူရင်း ဗီဒီယိုရုပ်သံနဲ့ သတင်း လင့်ခ်
ဒါ့အပြင် ချင်းသတင်းနဲ့ မီဇိုရမ်ပြည်နယ် သတင်းတွေကို ဖော်ပြနေတဲ့ The Lairam Times ကလည်း ဧပြီလ ၁၂ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့နယ်၊ Lungrang ဇာတိ ကျန်ဖိုင်မြို့၊ နယူးကျန်ဖိုင်ရပ်ကွက်မှာနေထိုင်တဲ့ ဦးဖွန်သောင်ထံမှ မိဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင် Siacangkawn ရွာမှာ လိုင်လူငယ်အသင်း နဲ့ မီဇိုရမ်ပြည်နယ် ရဲများနဲ့ Assam Rifles တို့က မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ်
သုံးသပ်ချက်
အထက်ပါ ဒေသခံတွေနဲ့ CDF-Hakha တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်နဲ့ မီဒီယာတွေရဲ့ဖော်ပြချက်အရ မူယစ်ဆေးဝါး ဖမ်းဆီးရမိဆိုတဲ့ အချက်လက်မှာ မှန်ကန်ပြီး CDF-Hakha ရဲဘော်တစ်ဦးထံမှ ဖမ်းဆီးရမိဆိုတဲ့အချက်မှာ မှားယွင်းနေပါတယ်။
ဒါကြောင့် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှာသာဖြစ်ပါတယ်။
Zalen စာဖတ်ပရိသတ်များအနေနဲ့ အွန်လိုင်းပေါ်မှာ ပျံ့နှံနေတဲ့ သတင်းတွေကို ချက်ချင်း မယုံကြည်ဖို့နဲ့ ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာ ဝင်ရောက်ဖတ်ရှူဖို့ တိုက်တွန်းချင်ပါတယ်။