ချင်းလက်နက်ကိုင် အချင်းချင်းကြားက ပဋိပက္ခများကို အမြန်ဆုံးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြဖို့ ဂျပန် နဲ့ တောင်ကိုးရီးယားရောက် ချင်းလူငယ်များတိုက်တွန်း

၁၊ဇူလိုင်၊၂၀၂၄

Zalen

ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အဓိက တော်လှန်ရေးလက်နက်ကိုင်များဖြစ်ကြတဲ့ ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင်တို့ကြားမှာ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခများကို အမြန်ဆုံးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးအဖြေရှာ ကြ ဖို့ ဂျပန်နဲ့ တောင်ကိုးရီးယားရောက် ချင်းလူငယ်များက ဇွန်လ ၃၀ ရက်မှာ တိုက်တွန်းထားပါတယ်။

၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းပြီးနောက် ချင်းပြည်သူများက ရိုးရာတူမီး လက်နက်ကိုင်စွဲကာ တော်လှန်ရေးတိုက်ပွဲဝင်ခဲ့ကြသလို ပြည်ပရောက်ချင်းလူငယ်အဖွဲ့အစည်းများဖြစ်ကြတဲ့ Chin Youth Organization of Japan နဲ့ Chin Youth Organization- South Korea တို့လည်းနွေဦးတော်လှန် ရေးမှာ ချင်းအမျိုးသားများအတွက် တက်နိုင်ဘက်ကနေ အားသွန်ခွန်စိုက်ပါဝင်လာခဲ့ရာ ယခုလို အချင်းချင်း ကြား ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပေါ်လာတာကိုတော့ လွန်စွာစိတ်နှလုံးထိခိုက်ဝမ်းနည်းကြေကွဲရတယ် လို့ ထုတ်ပြန်ထားပါတယ်။

ချင်းလဲန်းကောင်စီ နဲ့ ချင်းညီနောင် တို့ အသီးသီးဦးဆောင်တဲ့ အင်အားစုများအနေနဲ့ မိမိတို့အဖွဲ့အစည်း အချင်းချင်းကြား သဘောထားကွဲလွဲခြင်း၊ အသိမှတ်ပြုမှုအားနည်းခြင်း၊ နားလည်မှုလွဲမှားခြင်းများနဲ့ အခြားသော အကြောင်းအရာတွေကြောင့် ပေါ်ပေါက်လာတဲ့ ပဋိပက္ခများကို လက်ရှိတော်လှန်နေတဲ့ ဖက်ဆစ် စစ်တပ်လို လက်နက်အားကိုးပြီး အကြမ်းဖက်နည်းလမ်းဖြင့်ဖြေရှင်းခြင်းကို ရှောင်ရှားပေးကြရန် တိုက်တွန်း ထား ပါတယ်။

ဒါ့အပြင် ဒီပြဿနာက နှစ်ကာလကြာမြင့်စွာပေါ်ပေါက်လာခဲ့တဲ့ ပြဿနာမျိုးမဟုတ်တာကြောင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်မယ်လို့ မုချယုံကြည်ကြောင်း၊နောက်ထပ်ပြဿနာများ ထပ်မဖြစ်ဖို့ရန် ချင်းလဲန်းကောင်စီ နဲ့ ချင်းညီနောင်တို့က ချင်းအမျိုးသားအားလုံး စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်ရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေး၊ ဖက်ဒရေဒီမိုကရေဒီ တည်ဆောက်ရေးတို့ကို ရှေ့ရှုပြီး အချင်းချင်းမပစ်ခတ်တော့ဘဲ ငြိမ်းချမ်းတဲ့နည်းလမ်းဖြင့် စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးကာ အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် ပူးပေါင်းအဖြေရှာရပေးကြရန် တိုက်တွန်း ထားပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

ချင်းအမျိုးသားများကြား ပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရာမှာ ပူးပေါင်းပါဝင်မယ်လို့ ကြားကာလ ငြိမ်ချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဆို

၅၊ ဇူလိုင်လ၊၂၀၂၄ Zalen လက်ရှိ ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများကြား ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကို အဖြေရှာ ဖြေရှင်းရာမှာ ကြားကာလငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က တတ်နိုင်တဲ့ဖက်ကနေ လက်တွဲလုပ်ဆောင်သွား မယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။ ကြားကာလငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့(Interim Peace Action Group) က ...

ဆက်ဖတ်ရန်