နို၀င်ဘာ ၂၊ ၂၀၂၅
Zalen
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်ကြောင့်နိုင်ငံတ၀န်း မိုးရွာသွန်းနိုင်ပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂ ရက်ကနေ ၆ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
ဒါအပြင် မိုးကြိုးပစ်၊ မိုးသီးကြွေ၊ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေး အန္တရာယ်တွေ ဖြစ်နိုင်တယ်လို့ မိုးဇလက သတိပေးထားတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက် လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးမှာဖြစ်သလို မိုးသက်လေပြင်းကျတုန်းမှာ ရေပြင်/မြေပြင် လေဟာ တနာရီကို ၃၅ မိုင်ကနေ မိုင် ၄၀ အထိ၊ လှိုင်းအမြင့်ကတော့ ၉ ပေကနေ ၁၁ ပေလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးသည်းသည်းထန်ထန်ရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ် လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနားမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေနားမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံတာကို ကြိုတင်သတိပြုရှောင်ရှားဖို့ သတိပေးနှိုးဆော်ထားပါတယ်။
Helen


















