ချင်းအမျိုးသားတပ်ဦး CNA မှ ရွာသားတစ်ဦးအားရိုက်နှက်မှုဖြစ်ပွား

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅

Zalen

ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ဝင်တစ်ချို့က မတူပီမြို့နယ်၊ ပါမိုင်း ရွာ မှ ဒေသခံတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ မြေပြင်သတင်းအရင်းအမြစ် တစ်ဦးကပြောပါ တယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်မှာ ချင်းအမျိုးသားတပ်ဦး CNA တပ်ဖွဲ့ဝင်များမှ ရွာသားများကို ဓါတ်ဆီနဲ့ ဒီဇယ်သယ်ပေးဖို့ အကူအညီတောင်းရာ ဦးပါဟူး ဆိုသူက လူကြီးများနဲ့အရင်ဆွေးနွေးပြီးမှ သယ် ပေး မယ်လို့ပြောရာကနေအရက်မူးနေတဲ့ CNA တပ်ဖွဲ့ဝင်တစ်ချို့က ရိုက်နှက်ကြတာလို့ဆိုပါတယ်။

“အဲ့နေ့က ဆီပုံးတွေသယ်ပေးဖို့ အကူအညီလာတောင်းတာကို ချက်ချင်းမလုပ်ပေးဘဲနဲ့ ရွာလူကြီးတွေနဲ့ အရင်ဆွေးနွေးပြီးမှလုပ်မယ်လို့ ပြောခဲ့တာကြောင့် အခုလိုရမ်းကားသောင်းကြမ်းသွားတာ။ ရိုက်နှက်ခံရတဲ့ လူက မျက်နှာနဲ့တစ်ကိုယ်လုံး ဒဏ်ရာတွေကြီးပဲ။” လို့ နာမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တစ်ဦးက Zalen ကိုပြောပါတယ်။

ဆက်လက်ပြီးသူက “ ဆီပုံး တို့ ဒီဇယ်တို့ပေါ့နော်။ သူတို့လိုလို့ရှိရင် ရွာထဲကိုလာပြီးတော့ တစ်ခါတစ်လေ အကူအညီလာတောင်းလေ့ရှိတယ်။ကျွန်တော်တို့လည်း လူငယ်တွေ ဆိုင်ကယ်ကောင်းတဲ့လူတွေစုပြီးတော့ အစည်းအဝေးတွေလုပ်ပြီးတော့ မင်းသွားမင်းသွားဆိုပြီး အလှည့်ကျနဲ့သွားပေးပါတယ်။ ဒီလောက်ထိ လုပ်ပေးခဲ့ပေမယ့် အခုလိုလုပ်သွားကြတဲ့အပေါ် အင်မတန်စိတ်မကောင်းဖြစ်တာပေါ့နော်။ ပြီးတော့ရွာ ကို မီးရှို့မယ်တို့၊ ကလေးတွေကိုသေနတ်နဲ့ချိန်ပြီးတော့ သေနတ်တွေလိုက်ဖောက်တာမျိုးတွေလည်း လုပ်သွားကြ တယ်။” လို့ ပြောပါတယ်။

ယခုလိုလုပ်ရပ် နဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး CNA ဘက်က လာရောက်တောင်းပန်ပြီး လက်ရှိမှာ တော့ နှစ်ဖက်ကျေအေးသွားပြီလို့ဆိုပါတယ်။

“၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ပေါ့ သူတို့ပြန်လာတောင်းပန်တယ်။ ဝက်တစ်ကောင်နဲ့ နွားနောက် တစ်ကောင်တန်ကြေးရှိတဲ့ ပိုက်ဆံသိန်း ၂၀ ယူလာပြီးပြန်လာတောင်းပန်ကြပေမယ့် ပိုက်ဆံကိုတော့ လက်ခံ ခဲ့ခြင်းမရှိဘဲ ပြန်ကျေအေးပေးလိုက်တယ်။”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အရိုက်ခံထားရတဲ့ ဦးပါဟူးလည်း ပြန်သက်သာလာပြီလို့သိရပါတယ်။

သတင်း – Mickey

ဓါတ်ပုံ – မတူပီမြို့နယ်၊ ပါမိုင်းကျေးရွာ

နောက်ဆုံးရသတင်းများ

ပါတီဆိုင်းဘုတ်တွေဖျက်ဆီးလို့ လူငယ် လေးဦးကို စစ်ကောင်စီ ဖမ်းဆီး

နို၀င်ဘာ ၁၅၊ ၂၀၂၅ Zalen ရန်ကုန်မြို့မှာ စိုက်ထူထားတဲ့ နိုင်ငံ‌ရေးပါတီမဲဆွယ်ဆိုင်းဘုတ်တွေကို ဖြိုလှဲဖျက်ဆီးတာကြောင့် လူငယ် လေးဦးကို နိုဝင်ဘာ ၁၄ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ထဲက ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဆိုင်းဘုတ်တွေကို ...

ဆက်ဖတ်ရန်