ဇန်နဝါရီ ၉၊ ၂၀၂၆
Zalen
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ပထမအကြိမ် ညီလာခံကို ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ချင်းအမျိုးသားပဋိညာဉ်ကို ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့တယ်လို့ ဇန်နဝါရီ ၉ ရက်နေ့မှာ ICNCC က ကြေညာပါတယ်။
ချင်းအမျိုးသားပဋိညာဉ်အရ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကို နွေဦးတော်လှန်ရေးတွင်ပါဝင်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့၊ချင်းညီနောင်ရဲ့ စစ်ရေး၊ နိုင်ငံရေး ကိုယ်စားလှယ်အစုအဖွဲ့နဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းတဲ့ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တွေ၊ CDMers တွေ၊ အမျိုးသမီးနဲ့ လူငယ်အဖွဲ့အစည်းတွေ၊ သပိတ်အဖွဲ့တွေနဲ့ နိုင်ငံရပ်ခြားမှ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်တဲ့ အစုအဖွဲ့ စတဲ့ အစုအဖွဲ့ သုံးဖွဲ့နဲ့ ဖွဲ့စည်းခဲ့တယ်လို့ ကြေညာပါတယ်။
ချင်းပြည်ထက်ဝက်ကျော်ကို ထိန်းချုပ်နိုင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ စိုးမိုးနယ်မြေတွေမှာ နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် သုံးရပ်အသွင် ချင်းပြည်နဲ့ ချင်းပြည်သူလူထုတွေကို ဝန်ဆောင်မှုပေးအပ်သွားမယ်လို့ ICNCC က ဆိုပါတယ်။
အခုလို နိုင်ငံရေး၊ စစ်ရေးကို ဆောင်ရွက်ရာမှာ အဆင်ပြေလွယ်ကူ ချောမွေ့စေဖို့ ကောင်စီဝင် ၁၉ ဦး ပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ညီလာခံမှာ ရွေးချယ်ဖွဲ့စည်းခဲ့တယ်လို့ ဖော်ပြပါတယ်။
ICNCC ဟာ စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်အာဏာရှင်စနစ်မဆို အပြီးတိုင် ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ အချုပ်အခြာအာဏာပိုင် ချင်းပြည်တည်ဆောက်ရေးနဲ့ အမျိုးသား တန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်ရည်ရွယ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်မှန်သမျှ ဖယ်ရှားကာ တရားမျှတမှုနဲ့ တန်းတူညီတူရှိမှုကို အခြေခံတဲ့ ချင်းပြည်ကို စုစည်းတည်ဆောက်နိုင်ရေး၊ အမျိုးသားတန်းတူရေးကို အာမခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ICNCC က ပြောထားပါတယ်။
ICNCC ရဲ့ ပထမအကြိမ် ညီလာခံမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ နွေဦး တော်လှန်ရေးမှာ ပါဝင်တဲ့ De-jure Mandate ရှိတဲ့ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ De-facto Mandate ရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းညီနောင်အဖွဲ့ဝင်တွေ၊ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ နိုင်ငံရေးပါတီ၊ အမျိုးသမီးနဲ့ လူငယ် အဖွဲ့အစည်းတွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ CDMers တွေ၊ လူထုသပိတ်လှုပ်ရှားမှု ဆိုင်ရာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ဧည့်သည်တော်တွေနဲ့ လေ့လာသူတွေ စုစုပေါင်း ၉၇ ဦး တက်ရောက်ခဲ့ပါတယ်။
Mary

















