နို၀င်ဘာ ၁၇၊ ၂၀၂၅
Zalen
မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါမြို့ပေါ်မှာ စစ်ကောင်စီရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်နေတဲ့ ဦးသန်း၀င်း ဒီကနေ့ နေ့လယ် ၁၂ နာရီ ၀န်းကျင်မှာ ကွယ်လွန်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဦးသန်း၀င်းကတော့ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဂန့်ဂေါမဲဆန္ဒနယ်မှာ တစ်သီးပုဂ္ဂလ အနေနဲ့ ပြည်သူ့လွှတ်တော်အမတ်နေရာ ကနေ ယှဉ်ပြိုင်ဖို့ စာရင်းတင်သွင်းထားသူလည်းဖြစ်ပါတယ်။
ကွယ်လွန်သူ ဗိုလ်ကြီး(ဟောင်း) ဦးသန်း၀င်းက Officers Training School (OTS) အပတ်စဉ် ၉၀ သင်တန်းဆင်းဖြစ်ပြီး တပ်ရင်းမှူးနဲ့ စကားများရန်ဖြစ်ရာကနေ ထောင်ကျပြီး ဗိုလ်ကြီးအဆင့်ကနေ ရာထူးပြုတ်သွားတာလို့သိရပါတယ်။
“ကျွန်တော်နဲ့ ဗိုလ်သင်တန်းဆင်းတာအတူပဲ။ခလရ ၈၅ ပျဉ်းမနားကနေဆင်းတာ။ ပြီးတော့ ခလရ ၉၅ မန်းလေးတောင်ခြေ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရောက်သွားတာ။တပ်ကြပ်ကြီးကနေ OTS ကိုအတူ ၀င်ဖြေကြပြီးသူက ထောက်လှမ်းရေးဘက်ကိုရောက်သွားတာ။အဲဒါပြီးတော့ဘယ်တပ်ရင်းကနေ ထွက်တယ်မသိတော့ဘူး” လို့ ဦးသန်း၀င်းနဲ့ OTS သင်တန်းဆင်းအပတ်စဉ်တူ သူက Zalenကိုပြောပါတယ်။
ဒါ့အပြင် ဦးသန်း၀င်းက ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတုန်းက နှင်းဆီပါတီမှာ အမတ်လောင်းအနေနဲ့အရွေးခံတဲ့အချိန်မှာ ပြန်သိလာကြတာဖြစ်ပြီး ကလေးမြို့မှာ အချုပ်ကျသူတွေအတွက် ထောင်၀င်စာတွေရအောင်ကူညီပေးသလို တော်လှန်ရေးရဲဘော်တွေဘက်ကဖမ်းဆီးခံထားရတဲ့ သူတွေကိုလည်း ပြန်လွတ်အောင်ကူညီပေးတာတွေ ရှိတယ်လို့ ရှင်းပြပါတယ်။
ဒါ့အပြင် လက်ရှိတော်လှန်ရေးဘက်မှာလည်း ဦးသန်း၀င်းရဲ့သား က ခရိုင်ဆရာ၀န်အဖြစ် ရှိနေပြီး မင်းတပ်မြို့ ၊ဂေါက်ကွင်းတိုက်ပွဲမှာလည်း ပါ၀င်နေတယ်လို့ သူက ပြောပြပါတယ်။
” ဦးသန်း၀င်းက နှစ်ဖက်ခွနေတဲ့သဘော။သူ့သားက ဆရာ၀န် ။ တော်လှန်ရေးမှာပါတယ်။
သူ့သားကလည်းဒီဖက်ကိုလာဖို့ခေါ်တာ။ အဲဒီကိစ္စနဲ့ သူတို့မကြာခဏစကားများတာတွေရှိတယ်”လို့ ဆိုပါတယ်။
ဦးသန်း၀င်းကတော့ ပြီးခဲ့တဲ့ နို၀င်ဘာလ ၄ ရက်နေ့ကစပြီး ဂန့်ဂေါမြို့ပေါ်ရှိ အမှတ် ၁ ၊မိုးကောင်းရပ်ကွက်မှာ မဲဆွယ်စည်းရုံးရေးတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။
ဦးသန်း၀င်းကတော့ မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ကိုင်းတောမ ရွာဇာတိဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ဂန့်ဂေါမြို့ပေါ် ၊အမှတ် ၁၊ ရေပုတ်ရပ်ကွက်မှာနေထိုင်ခဲ့တာလို့သိရပါတယ်။
သတင်း – ယောနေ
ဓာတ်ပုံ – ပေးပို့


















