ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန်

၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။

မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် လို့ ဆိုပါတယ်။

ဒါက ငလျင် လှုပ်လို့ ထိခိုက်ခံစားခဲ့ရတဲ့ ဟီတီနိုင်ငံငလျင်(၂၀၁၀ခုနှစ်) နဲ့ တူရကီငလျင် (၂၀၂၃)ခုနှစ် တို့မှာ နိုင်ငံတကာက လှူတဲ့ အလှူတွေနဲ့ နှိုင်းရင် နည်းပါးပါတယ်။မက္ကနီကျု(၇)အဆင့် ရှိပြီး လူပေါင်း(၂)သိန်းကျော် သေဆုံးခဲ့တဲ့ ဟီတီငလျင်ကို နိုင်ငံတကာကနေ အမေရိကန်ဒေါ်လာ(၁၃.၅)ဘီလီယံ ကူညီခဲ့ကြတယ်။မက္ကနီကျူ (၇.၈)အဆင့်ရှိတဲ့ တူရကီငလျင်ကိုတော့ နိုင်ငံတကာကနေ အမေရိကန်ဒေါ်လာ(၁.၃)ဘီလီယံအထိ ကူညီပေးခဲ့ကြတယ်။

ဆိုတော့ မက္ကနီကျူ(၇.၇)အဆင့် အပြင်းထန်ဆုံး ငလျင် လှုပ်ခတ်ခဲ့တဲ့ မြန်မာငလျှင်ကိုတော့ နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း သာ ရရှိထားပါတယ်။အကူအညီအမြောက်အမြား မပေးရဲကြတဲ့ အဓိက အချက်ကတော့ မြန်မာပြည်မှာ ၂၀၂၁ ခုနှစ်ကတည်းက အာဏာသိမ်းထားတဲ့ စစ်တပ်ကြောင့်ပါပဲ။

ဒါ့အပြင် ၂၀၀၈ နာဂစ်အခြေအနေတုန်းကလည်း စစ်အစိုးရတွေဟာ သဘာဝဘေးဒါဏ်ကို အသုံးချပြီး အကျိုးအမြတ်ရှာခဲ့ကြတာကို နိုင်ငံတကာက သိကြပါတယ်။ဆိုတော့ ၂၀၂၅ ခုနှစ် မြန်မာ့ငလျင်မှာလည်း စစ်ကောင်စီဟာ ငလျင်ကို အကြောင်းပြပြီး အကျိုးအမြတ် ရယူနိုင်တဲ့ အခြေအနေကို သတိထားနေကြတာ တွေ့ရတယ်။

တရုတ်နိုင်ငံကလည်း ကယ်ဆယ်ရေးအကူအညီတွေ ပေးပေမယ့် လုပ်အားနဲ့ ထောက်ပံပစ္စည်းအများစုကိုသာ ချင့်ချိန်ပြီး ပေးခဲ့ကြတာ တွေ့ရတယ်။အနောက်နိုင်ငံတွေကတော့ ငွေကြေးနဲ့ အထောက်အပံ ပစ္စည်းတွေ ပေးခဲ့ပေမယ့် စစ်ကောင်စီကို တိုက်ရိုက်မပေးပဲ ကြားခံ အဖွဲ့အစည်းတွေကနေ တဆင့် ပေးနိုင်ဖို့သာ ကြိုးစားနေတယ်။

စစ်ကောင်စီအုပ်စုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်ရေးအတွက် ငွေကြေးအမြောက်အမြားအသုံးပြုခဲ့သလို စီးပွားရေးကျဆင်းမှုကြောင့် နိုင်ငံခြားငွေကြေး လိုအပ်ချက် မြင့်တက်နေတယ်။ဒါကြောင့် နိုင်ငံတကာဟာ မြန်မာငလျင်ကို ငွေကြေးအထောက်အပံပေးခဲ့ရင် စစ်ကောင်စီက ပြည်သူအတွက် အသုံးပြုရမယ့်အစား ၎င်းအကျိုးစီးပွားအတွက် အသုံးချသွားမှာ စိုးရိမ်နေကြတာပါ။

တကယ်လည်း စစ်ကောင်စီအုပ်စုဟာ ငလျင်ဘေးဒါဏ်ကို အသုံးချပြီး ၎င်းတို့ နိုင်ငံတကာကို ဝင်ဆန့်ဖို့ ကြိုးစားနေသလို BIMSTEC လို အစည်းအဝေးကို သွားတက်ပြီး မျက်နှာယူခဲ့တာ တွေ့ရတယ်။ဆိုတော့ နိုင်ငံတကာအနေနဲ့ မြန်မာကို ထိုက်သင့်တဲ့ အကူအညီပေးချင်ရင်တောင် မြန်မာပြည်သူလက်ထဲမှာ မရောက်မှာရယ်၊ စစ်ကောင်စီကို နေရာပေးသလို ဖြစ်မှာရယ်ကို စိုးရိမ်ကြပါတယ်။

ဒီလို ငလျင်မျိုးသာ ပြီးခဲ့တဲ့ အရပ်သားအစိုးရခေတ်မှာသာ ဖြစ်ခဲ့မယ် ဆိုရင် နိုင်ငံတကာက လက်ရှိထက် ပိုများတဲ့ ငွေကြေးနဲ့ အထောက်အပံတွေ ပေးကြမှာပါ။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအောက်မှာ မြန်မာလူထုကလည်း လက်ရှိထက် ပိုတက်ကြွတဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို လုပ်နိုင်ကြမှာပါ။

နိုင်ငံ့ခေါင်းဆောင်ကောင်းနဲ့ မြန်မာလူငယ်တွေ ပေါင်းစည်းပြီး တက်ကြွစွာ ကြိုးစားလုပ်နိုင်ခဲ့ကြတာကို ၂၀၂၀ ပြည့်နှစ် ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ သက်သေပြခဲ့ပြီးပါပြီ။စစ်အာဏာသိမ်းမှုအပြီးမှာ မြန်မာနိုင်ငံကို နိုင်ငံတကာ က ဆက်ဆံရေး နဲ့ ကူညီရေးအပိုင်းတွေမှာ များစွာ လျော့ကျသွားခဲ့ပါတယ်။

အခုလို ငလျင်ဘေးဒါဏ်ကာလမှာ နိုင်ငံတကာက ကူညီထောက်ပံချင်ရင်တောင် အလှူငွေနဲ့ ပစ္စည်းတွေဟာ မြန်မာပြည်သူလက်ထဲကို မရောက်မှာ စိုးရိမ်နေကြတာပါ။စစ်ကောင်စီတော့ နိုင်ငံတကာကို အကူအညီတောင်းပေမယ့် လက်တွေ့မှာ ဟီတီငလျင်နဲ့ တူရကီငလျင်တို့ထက် အဆများစွာ နည်းပါးတဲ့ အကူအညီသာ ရကြပါတယ်။

စစ်ကောင်စီဟာ ငလျင်ဘေးဒါဏ် ပြန်လည် ထူထောင်ရေးအတွက် ကျပ်ဘီလီယံ (၅၀၀)သုံးမယ် လို့ ဆိုပြီး ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှာ ထည့်သွင်းမှာပါ။အမှန်တော့ အရပ်သားအစိုးရလက်ထပ်မှာ သဘာဝဘေးဒါဏ် ရံပုံငွေအနေနဲ့ ကျပ်ဘီလီယံ(၄၀၀)ထားပေမယ့် စစ်ကောင်စီဟာ စီးပွားရေးလုပ်ငန်းတွေကို ထုတ်ချေးခဲ့တယ်။

တကယ်တမ်း စစ်ကိုင်းငလျင်ဖြစ်လာတဲ့အခါ သုံးစရာ ငွေကြေးမရှိတော့တဲ့အပြင် စီမံခန့်ခွဲမှုကလည်း ညံဖျင်းခဲ့တာ တွေ့ရတယ်။ဒါကလည်း ၂၀၂၄ ခုနှစ်က မိုးကြီးပြီး ရေဘေးသင့်တဲ့ ကာလမှာလည်း လုပ်ဆောင်နိုင်စွမ်း ညံဖျင်းတာကို မြင်တွေ့ခဲ့ရပြီးပါပြီ။

စစ်ကောင်စီဟာ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေဆီမှာလည်း အလှူခံခဲ့ပြီး ကျပ်ဘီလီယံ(၁၀၀)ကျော် ရရှိခဲ့တယ်။ကျပ်ဘီလီယံ(၅၀၀) သုံးစွဲမယ့် စစ်ကောင်စီအတွက် ကျပ်ဘီလီယံ(၄၀၀)နီးပါးကို ဘယ်ကနေ ထုက်ယူသုံးစွဲမလဲဆိုတာ စိတ်ဝင်စားစရာပါ။

အဆိုပါ ငလျင် ဘေးဒါဏ်ကနေ ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုမယ့် ငွေကြေးကို ဘဏ္ဍာရေးဘတ်ဂျက်ထဲကနေ သုံးစွဲမှာပါ။စစ်အသုံးစရိတ် အများဆုံး အသုံးပြုနေတာ လေးနှစ်ကျော် ရှိနေပြီး စီးပွားရေးကျဆင်းပြီး နိုင်ငံခြား ဝင်ငွေ လျော့နည်းလာတဲ့ စစ်ကောင်စီအတွက် ငွေကြေး ရစရာက ဗဟိုဘဏ်ပဲ ရှိပါတယ်။

ဗဟိုဘဏ်အနေနဲ့ လိုအပ်တဲ့ ငွေကြေးကို ငွေစက္ကူအသစ်ရိုက်ထုက်မှုကနေသာ လုပ်ဆောင်မှာမို့ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးဟာလည်း ဒီကနေပဲ ရရှိမယ့် သဘောပါ။စီးပွားရေးကျဆင်းပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံအတွက် ငွေကြေးအသစ်ရိုက်ထုက်မှုဟာ စိုးရိမ်ရတဲ့ အချက်ဖြစ်ပါတယ်။

စစ်ကောင်စီ နဲ့ ဗဟိုဘဏ်ဟာ အာဏာသိမ်းပြီး နောက်ပိုင်း ငွေကြေးအသစ်ရိုက်ထုက်မှု နဲ့ ပါက်သက်ပြီး ထုတ်ပြန်တာ မရှိတော့သလို ဘယ်လောက်ထိ သုံးစွဲနေတယ် ဆိုတာ မသိရတော့ပါဘူး။လက်ရှိ စီးပွားရေးကျဆင်း၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နည်းပါးပြီး ပို့ကုန်အားလျော့လာနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ငွေကြေး ရစရာက နည်းပါးပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲမယ့် ကျပ်ဘီလီယံ(၅၀၀)ဟာလည်း ငွေကြေးကဏ္ဍအပေါ် အကျိုးသက်ရောက်လာနိုင်ပါတယ်။နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီ နဲ့ မဆက်ဆံချင်၊ အကူအညီပေးရာမှာလည်း မထိရရောက်မှာ စိုးရိမ်တဲ့အတွက် အခုလို ကူညီပံ့ပိုးမှု နည်းပါးနေတာပါ။

ဆိုတော့ မြန်မာပြည်သူတွေဟာ နိုင်ငံတကာက အကူအညီပေးတာလည်း ရရှိမှု နည်းပါးတဲ့အပြင် ငွေကြေးဖောင်းပွမှုနဲ့ စီးပွား‌ရေးကျဆင်းမှုဒါဏ်ကိုပါ ခံစားရဖို့ ရှိနေပါတယ်။နိုင်ငံတကာအနေနဲ့ ကူညီထောက်ပံမှု ပြုရင်‌လည်း စစ်ကောင်စီကို နေရာပေးသလို ဖြစ်နိုင်ပြီး နိုင်ငံရေးအရလည်း သိက္ခာကျဆင်းနိုင်တာကြောင့် ထိန်းသိမ်းကိုင်တွယ်နေကြတာလည်း တွေ့ရပါတယ်။

စစ်ကောင်စီကလည်း ငလျင်ကို အကြောင်းပြုပြီး နိုင်ငံတကာဝင်ဆန့်ချင်တဲ့ ဆန္ဒကို အထင်းသား မြင်ရပြီး နိုင်ငံတကာအကူအညီတွေကို မျှောင့်လင့်နေတာ တွေ့ရတယ်။ဒါကြောင့်လည်း ထိုက်သင့်တဲ့ အကူအညီ မရဘဲ ရှိနေတာ ဖြစ်ပြီး မြန်မာပြည်သူတွေအတွက်တော့ ပိုထိခိုက်ခံစားရတာပါ။

ဒါအပြင် စစ်ကောင်စီပြောဆိုနေတဲ့ ပြန်လည်ထူထောင်ရေးအတွက် ကျပ်ဘီလီယံ(၅၀၀)ဟာ လက်တွေ့မှာ လုံလောက်တဲ့ အခြေအနေမှာ ရှိမနေပါဘူး။မြန်မာပြည်သူတွေဟာ ပြင်းထန်တဲ့ ငလျင်ဘေးဒါဏ်အပြင် နောက်ဆက်တွဲ စီးပွားရေး၊လူမှုရေး အကျိုးသက်ရောက်မှုတွေကိုပါ ခံစားရဖို့ ရှိနေပါတယ်။

အထူးသဖြင့် မန္တလေးမြို့ဟာ စီးပွားရေးအရ အချက်အခြာကျတဲ့ မြို့ဖြစ်ပြီး မြန်မာနိုင်ငံ အထက်ပိုင်း၊အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတွေကို တိုက်ရိုက်ချိက်ဆက်နေတဲ့ ‌အဓိကနေရာ ဖြစ်ပါတယ်။သူကနေတဆင့် ကုန်စည်စီးဆင်းမှုတွေ ၊ကုန်ဖြန့်ချီမှုတွေ ပြုလုပ်ရာ မြို့တော် ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်လည်း ဖြစ်တယ်။

အခုလို ငလျင်ဘေးဒါဏ် ခံစားလိုက်ရတာသည် စီးပွားရေးကဏ္ဍကို ထိခိုက်စေမှာ ဖြစ်သလို နောက်ဆက်တွဲ ကုန်စည်စီးဆင်းမှုနဲ့ ငွေကြေးလည်ပတ်မှုကို ထိခိုက်စေမှာပါ။မန္တလေးကနေ တဆင့် ကုန်စည်စီးဆင်းတာ၊ ငွေကြေးလည်ပတ်တာ၊ချိက်ဆက်တာတွေကို နောက်ဆက်တွဲ ထိခိုက်လာနိုင်ပါတယ်။

နောက်တဆင့် စီးပွားရေးကဏ္ဍအပေါ် ထပ်ဆင့် အကျိုးသက်ရောက်မှု၊ငွေကြေးဖောင်းပွမှုဒါဏ်တွေဟာ မြန်မာတနိုင်ငံလုံးကို ဆင့်ကဲ့အကျိုးသက်ရောက်လာစေနိုင်ပါတယ်။ဒါကို ကြိုပြင်ဆင်ထားဖို့ လိုအပ်နေပြီ ဖြစ်သလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တဆင့်ချင့် ပြိုကျလာနေတဲ့ စီးပွားရေးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှုဒါဏ်ကို ၂၀၂၅ ခုနှစ်မှာ အပြင်းအထန် အကျိုးသက်ရောက်နေတာပါ။

လက်ရှိ မက္ကနီကျူ(၇.၇)အဆင့်ရှိတဲ့ စစ်ကိုင်းငလျင်ကတော့ လက်ရှိ အခြေအနေကို နောက်တဆင့် ပြုတ်ကျအောင် ဆွဲချလိုက်ပြီ ဖြစ်တယ်။ပြန်လည်ကုစားနိုင်ဖို့ဆိုတာကလည်း ဆေးမြီတိုတွေနဲ့ အလုပ်မဖြစ်သလို Long Term plan တွေနဲ့ စနစ်တကျ ပြန်လည်ထူထောင်ရမှာပါ။

သို့သော်လည်း လက်ရှိ စစ်ကောင်စီရဲ့ လုပ်ဆောင်နိုင်စွမ်း နဲ့ နိုင်ငံတကာက ထိထိရောက်ရောက် မကူညီနိုင်ခြင်းနဲ့ မြန်မာပညာတက်လူငယ်တွေ မရှိတော့ခြင်းက ပိုထိခိုက်စေပါတယ်။ဒါကို လက်ရှိကာလမှာ အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်သလို တကယ်ထိရောက်တဲ့ အကူအညီတွေ ဖြစ်အောင် ပိုပြီး ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်တဲ့ အချိန် ရောက်နေပြီ လို့ ဆိုပါရစေ။

နောက်ဆုံးရသတင်းများ

နိုင်ငံတကာကနေ ငလျင်ဘေးအတွက် အကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထား

၁၅၊ ဧပြီ၊ ၂၀၂၅ Zalen နိုင်ငံတကာကကနေ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံ ၂၄ နိုင်ငံက အထောက်အပံ့ ...

ဆက်ဖတ်ရန်