အောက်တိုဘာ ၂၅၊ ၂၀၂၅
Zalen
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတစ်၀န်းက မသန်စွမ်းသူ စုစုပေါင်း ၁၁၇ ယောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး လက်ရှိအချိန်အထိ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် သေဆုံးခဲ့ရတဲ့ မသန်စွမ်းသူ အရေအတွက်ဖြစ်ပါတယ်။
နယူးယောက်မြို့မှာ အောက်တိုဘာ ၂၃ ရက်က ကျင်းပတဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီမှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုအစီအစဉ်မှာ ဦးကျော်မိုးထွန်းက အခုလို ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ လူဦးရေ ၅.၉ သန်းကျော်ဟာ မသန်စွမ်းသူတွေ ဖြစ်ပြီး မသန်စွမ်းသူတွေအနေနဲ့ အသက်ရှင်နေထိုင်ခွင့်အတွက် အာမခံချက်မရှိဘဲ အမြဲ အကြောက်တရားနဲ့သာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ကျူးလွန်နေမယ်ဆိုရင် မသန်စွမ်းသူဦးရေဟာ ဆက်လက်မြင့်တက်လာမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အခွင့်အရေးတွေ ချိုးဖောက်တာကို မသန်စွမ်းသူတွေဟာ ဆက်လက်ခံစားနေရမယ်လို့လည်း သတိပေးထားပါတယ်။
သေဆုံးရသူ မသန်စွမ်းတွေထဲက အများစုဟာ စစ်ကောင်စီရဲ့ မြေပြင်စီးနင်းမှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု စတဲ့ အရပ်သားပြည်သူ နေထိုင်ရာ ဒေသတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ သွားလာလှုပ်ရှားမှု၊ အာရုံခံနိုင်စွမ်း အားနည်းချို့ယွင်းနေတဲ့ မသန်စွမ်းသူတွေဟာ ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲတာကြောင့် ပိုမိုထိရှလွယ်ပြီး သေဆုံးရတဲ့အထိ ဖြစ်ခဲ့ကတယ်လို့လည်း ပြောပါတယ်။
မသန်စွမ်းသူတွေအနေနဲ့ အခြေခံအခွင့်အရေး ရပိုင်ခွင့်တွေကိုတောင် မခံစားနိုင်တော့ဘဲ ပစ်မှတ်ထား အကြမ်းဖက်ခံရခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြရမှာ ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုကို ကန့်ကွက်တာနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးကြဖို့ ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုထားပါတယ်။
Mary


















