စစ်ကောင်စီထံ အီရန်လေယာဉ်ဆီ တင်သွင်းမှုကို ရပ်တန့်ဖို့ CHRO တောင်းဆို

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆
Zalen

စစ်ကောင်စီထံ အီရန်နိုင်ငံရဲ့ လေယာဥ်ဆီ တင်သွင်းမှုကို ရပ်တန့်ပေးဖို့နဲ့ ကန့်ကွက်ရှုတ်ချပြီး နိုင်ငံတကာမှ အမြန်ဆုံး တားဆီးပေးဖို့ ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ် (CHRO) က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီက ချင်းပြည်နယ်အတွင်းရှိ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေနဲ့ အရပ်သားတွေကို လေကြောင်းမှ တိုက်ခိုက်ရာမှာ အီရန်နိုင်ငံမှ တင်သွင်းတဲ့ လေယာဉ်လောင်စာဆီတွေကို အသုံးပြုနေတယ်လို့ CHRO က ဆိုပါတယ်။

Zalen ad

Reuters သတင်းဌာနရဲ့ မကြာသေးမီက စုံစမ်းစစ်ဆေးမှုတွေအရ နိုင်ငံတကာ ပိတ်ဆို့မှုတွေရှိပေမဲ့ အီရန်နိုင်ငံမှ လေယာဉ်လောင်စာဆီတွေဟာ မြန်မာ စစ်ကောင်စီထံသို့ တင်ပို့ရောင်းချမှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလောင်စာဆီဟာ စစ်ကောင်စီတပ်ရဲ့ လေတပ်ကို ချင်းပြည်နယ်အနှံ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အဓိကတွန်းအားပေးနေတာ ဖြစ်ပါတယ်။

CHRO ၏ အမှုဆောင်ဒါရိုက်တာ Salai Za Uk Ling က “အီရန်လေယာဉ်ဆီတွေက ချင်းပြည်နယ်က ဘာသာရေးအသိုင်းအဝိုင်းတွေကို တိုက်ရိုက်တိုက်ခိုက်မှုတွေ ဖြစ်စေပါတယ်။ ဒီလွှဲပြောင်းမှုတွေကို အထောက်အကူပြုနေသူတွေဟာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ တာဝန်ရှိမှုကို ခွဲဝေယူနေကြတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အီရန်မှ လောင်စာဆီတွေ ရရှိနေတာကြောင့် စစ်ကောင်စီဟာ ၂၀၂၆ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မတူပီမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက် တနင်္ဂနွေနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ ဘုရားကျောင်းအတွင်း ဝတ်ပြုနေတဲ့ အရပ်သားတွေကို ဗုံးကြဲခဲ့ရာ ကလေး ၁ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မင်းတပ်မြို့မှာလည်း ဗုဒ္ဓဘာသာ ဓမ္မရုံ ပျက်စီးပြီး ရဟန်းတပါး ဒဏ်ရာရရှိခဲ့ပါတယ်။

ဖလမ်းမြို့နယ်မှာ ဇန်နဝါရီလအတွင်းကလည်း ကက်သလစ်နှင့် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းများစွာ လေကြောင်းဒဏ်ကြောင့် ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အားပေးကူညီနေတဲ့ အီရန်နိုင်ငံကို နိုင်ငံတကာဥပဒေဖြင့် တာဝန်ခံစေဖို့ CHRO က နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် အီရန်မှ ဆီလွှဲပြောင်းမှုမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးကို ပစ်မှတ်ထားတဲ့ ဘက်စုံပိတ်ဆို့မှုများ ချက်ချင်းချမှတ်ဖို့၊ စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်ရေးနဲ့ ၎င်းကို ထောက်ပံ့နေတဲ့ ပြည်ပအထောက်အပံ့တွေ ကိုင်တွယ်ရန် အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့လည်း တောင်းဆိုထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ အရပ်သားတွေရဲ့ အခြေခံအဆောက်အအုံတွေကို စနစ်တကျ ပစ်မှတ်ထားနေပြီး ၎င်းလုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှု (War Crimes) မြောက်ကြောင်း CHRO က သတိပေးပြောကြားထားပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ယက်

#CHRO#စစ်ကောင်စီ#အီရန်#လေယာဉ်ဆီ #Zalen

နောက်ဆုံးရသတင်းများ

တော်လှန်ရေး အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် NUG နဲ့ K3C တို့ ထပ်မံဆွေးနွေးနေ

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆Zalen တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ K3C အဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး ...

ဆက်ဖတ်ရန်