အောက်တိုဘာ ၂၇၊ ၂၀၂၅
Zalen
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲမပေးရသေးခင်မှာပဲ ပြိုင်ဘက်မရှိလို့ လွှတ်တော်အမတ်ဖြစ်မယ့် ကိုယ်စားလှယ်လောင်း ၃၁ ဦး ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၂၅ ရက်မှာ နောက်ဆုံး ထုတ်ပြန်တဲ့ အတည်ပြုကိုယ်စားလှယ်လောင်းစာရင်းတွေအရ အခုလို အနိုင်ရရှိနေတာကို တွေ့ရတာပါ။
အဲဒီထဲမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ဟာ လွှတ်တော်အမတ်နေရာ ၂၈ နေရာအတွက် ကြိုတင်အနိုင်ရနှင့်နေပြီ ဖြစ်ပါတယ်။
ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက တစ်နေရာ၊ “ဝ”အမျိုးသားပါတီက တစ်နေရာနဲ့ အာခါမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက တစ်နေရာစီ ရရှိထားပါတယ်။
ရွေးကောက်ပွဲပဒေအရ မဲဆန္ဒနယ်မှာ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာရှိရင် အဲဒီမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲ ကျင်းပတာမပြုတော့ဘဲ အဲဒီပုဂ္ဂိုလ်ကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာရမယ်လို့ သတ်မှတ်ထားတာပါ။
ပြိုင်ဘက်မရှိတဲ့ မဲဆန္ဒနယ်မြေတွေဟာ ပြည်သူ့ လွှတ်တော်အတွက် အများဆုံးရသူအနိုင်ယူ စနစ်မှာ ကချင်ပြည်နယ် နောင်မွန်း၊ မံစီ၊ ရွှေကူ၊ စစ်ကိုင်းတိုင်း မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီး၊ ရေဦး၊ တနင်္သာရီတိုင်း ရေဖြူ၊ လောင်းလုံ၊ ရှမ်းပြည်နယ် မက်မန်း၊ ဖယ်ခုံ၊ မိုးနဲ မဲဆန္ဒနယ်တွေဖြစ်ပြီး အမျိုးသားလွှတ်တော်အတွက် မဲအများဆုံးရသူအနိုင်ယူ စနစ်မှာ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁)တို့ ဖြစ်ပါတယ်။
တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲများသူအနိုင်ရစနစ်မှာ ကချင်ပြည်နယ် ရွှေကူ၊ စစ်ကိုင်း တိုင်း ကောလင်း၊ ဝန်းသို၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီး၊ ရေဦး၊ တနင်္သာရီတိုင်း ရေဖြူ၊ သရက်ချောင်း၊ မကွေးတိုင်း ဂန့်ဂေါနဲ့ ရှမ်းပြည်နယ် ကျောက်မဲတို့ဖြစ်ပါတယ်။
ဒါအပြင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် မဲများသူအနိုင်ယူ စနစ်မှာ ကချင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ အာခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နဲ့ ကယန်း(ခ)ပဒေါင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပါ၀င်ယှဉ်ပြိုင်သူ တစ်ဦးသာရှိတဲ့ မဲဆန္ဒနယ်အများစုဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်တွေ စိုးမိုးထားနိုင်တဲ့ ဒေသတွေဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကျင်းပမှာဖြစ်ပြီး အပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြို့နယ် ၁၀၂ မြို့နယ်မှာ စတင်ကျင်းပမယ်လို့ ပြောထားပါတယ်။
အဲဒီရွေးကောက်ပွဲကို ပါတီ ၅၇ ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၁,၀၀၀ ကျော်နဲ့ အများဆုံးစာရင်းတင်သွင်းခဲ့ပါတယ်။
Yuki
















